သတင်း

ဒေါ်လာဘီလျံချီတန် တပ်သိမ်းမြေကွက်များကို လေလံတင်မည်ဟု NUG ဆို

ကိုယ်ကျိုးစီးပွားအတွက် စစ်ခေါင်းဆောင်များ သိမ်းယူထားသည့် ရန်ကုန်မြို့ရှိ အမေရိကန်ဒေါ်လာ ဘီလျံချီတန်ကြေးရှိ မြေကွက်များကို လေလံတင်ရောင်းချမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်ပိုင် မြေကွက်များအပါအဝင် စစ်တပ်သိမ်းယူထားသည့် ရန်ကုန်မြို့ရှိ နေရာကောင်း အကွက်ကောင်း မြေကွက် ၂၅ ခုမှာ တန်ဖိုးအားဖြင့် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံတန်ကြေးရှိသည်ဟု NUG က ဆိုသည်။​

တပ်ပိုင်မြေများနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၄ ရက်တွင် NUG က မူဝါဒထုတ်ပြန်ခဲ့ရာတွင် လေလံတင်ရောင်းချခြင်းနှင့် အများပြည်သူအကျိုးစီးပွားအတွက် စီမံကိန်းများအကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ဖော်ထုတ်လိုက်သည့် တန်ဖိုးကြီးမြေကွက်များတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မိုးကောင်းရတနာဆေးရုံနှင့် ၎င်း၏သား အောင်ပြည့်စုံပိုင်သည့် အင်းလျားကန်စောင်းရှိ ကန်သာယာဆေးရုံမြေနေရာများလည်း ပါဝင်သည်။

“သူတို့ ကိုယ်ကျိုးစီးပွားအတွက် ရယူထားတဲ့ အရင်းအမြစ်တွေကို သိမ်းပြီးတော့ နစ်နာသူတွေအတွက် ပြန်လည်အသုံးချသွားဖို့ ဒီမူကို ချလိုက်တာပဲ။ မိုးကောင်းဆေးရုံလိုဟာမျိုး၊ ကန်သာယာဆေးရုံလိုဟာမျိုး” ဟု NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က Myanmar Now ကို ပြောသည်။

အာဏာသိမ်းခေါင်းဆောင်မိသားစုက သိမ်းယူထားသည့် ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းပေါ်ရှိ ၁၀ ဧကအကျယ်ရှိ တပ်မတော်မှတ်တမ်းရုံးဟောင်းနေရာမှာ ကန်ဒေါ်လာ ၁၀၅ သန်း တန်ကြေးရှိသည်ဟု NUG က တွက်ချက်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရက စိစစ်ဖော်ထုတ်ထားသည့် ရန်ကုန်မြို့ရှိ စစ်တပ်ပိုင် မြေကွက်များစာရင်း။​

တပ်ပိုင်မြေနေရာတချို့ကို အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် CDM ဝန်ထမ်းများအတွက် အိမ်ရာဆောက်လုပ်ခြင်း၊ တချို့တပ်ပိုင်မြေများကိုမူ လေလံတင်ရောင်းချပြီး စစ်ကောင်စီမီးရှို့ဖျက်ဆီးသည့် ကျေးရွာများ ပြန်လည်နေရာချထားရေး၊ ပြန်လည်ကုစားရေးလုပ်ငန်းများအတွက် ဦးစားပေးသုံးစွဲရန် ရည်မှန်းထားသည်ဟု ၎င်းက ဆိုသည်။ 

လေလံတင်ရောင်းချရန်နှင့် စီမံကိန်းလုပ်ရန် NUG က စိစစ်ထားသည့် တပ်ပိုင်မြေများအနက် မရမ်းကုန်းမြို့နယ် ၉ မိုင် ပြည်လမ်းရှိ ၂၇ ဒသမ ၅၄ ဧကအကျယ်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် မြေနေရာဟောင်းလည်း ပါဝင်သည်။

ဧက ၃၀ နီးပါး အကျယ်အဝန်းရှိ အဆိုပါမြေကွက်မှာ အမေရိကန်ဒေါ်လာ ၄၃၈ သန်း ပေါက်ဈေးရှိပြီး လတ်တလောစိစစ်ထားသည့် မြေကွက်များအနက် တန်ကြေးအမြင့်ဆုံးဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့ (NUG) မှာ အဲလိုကျွမ်းကျင်တဲ့၊ တွက်ချက်နိုင်တဲ့သူတွေ ရှိပါတယ်။ (တစ်စတုရန်းပေ) ကို ဘယ်လောက်ဆိုတာကအစ ပါမယ်” ဟု ဦးတင်ထွန်းနိုင်က ဆိုသော်လည်း မြေကွက်တန်ဖိုး အသေးစိတ်တွက်ချက်မှုကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။​

မင်္ဂလာဒုံမြို့နယ် ပြည်လမ်း ၁၇ မိုင်ရှိ ဗဟိုထောက်လှမ်းရေးတပ်(ရေကြည်အိုင်) တည်ရှိရာ ၆၃ ဧကအကျယ် မြေနေရာကို အမေရိကန်ဒေါ်လာ ၃၀၉ သန်း တန်ကြေးရှိသည်ဟု NUG က တွက်ချက်ထားသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသော ထိုနေရာကို နာဇီအကျဉ်းစခန်းကဲ့သို့ အထိမ်းအမှတ်နေရာ ပြုလုပ်ရန် စဉ်းစားထားသည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။​ 

ကျန်မြေကွက်များမှာ မရမ်းကုန်း၊ ဗဟန်း၊ လှိုင်၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ ဒဂုံနှင့် မင်္ဂလာဒုံမြို့နယ်များရှိ စစ်တပ်ပိုင် အထင်ကရနေရာများဖြစ်ပြီး၊ မရမ်းကုန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ် ရေကူးဘူတာရုံအနီးရှိ ၃၆ ဧကအကျယ် တပ်မြေနှင့် ၂၅ ဧကအကျယ် အသံလွှင့်စက်ရုံဟောင်းမြေနေရာတို့လည်း ပါဝင်သည်။ 

ရွှေတိဂုံဘုရားလမ်းမပေါ်ရှိ စစ်သမိုင်းပြတိုက်ဟောင်းနေရာတွင် ဂျပန်ကုမ္ပဏီနှင့် ပြည်တွင်းမှ ဧရာဟင်္သာကုမ္ပဏီတို့ အကျိုးပူးပေါင်းလုပ်ကိုင်နေသည့် Y Complex စီမံကိန်းမြေနေရာသည် အမေရိကန်ဒေါ်လာ ၃၃၀ တန်ကြေးရှိသည်ဟု Justice for Myanmar အဖွဲ့က ၂၀၂၀ မေလတွင် ထုတ်ပြန်ဖူးသည်။

စစ်ထောက်ချုပ်ရုံးကို နှစ်စဉ် အမေရိကန်ဒေါ်လာ နှစ်သန်း ပေးဆောင်နေရသည့် ထိုစီမံကိန်းမှာ စစ်တပ်ကို ကြွယ်ဝစေသည်ဟုလည်း Justice for Myanmar အဖွဲ့က ဆိုသည်။​

စစ်တပ်ပိုင်မြေကွက်များကို ဖော်ထုတ်ကာ လေလံတင်ရောင်းချမည်ဖြစ်သော NUG လုပ်ရပ်ကို ထောက်ခံသော်လည်း “မုန့်ဆီကြော်နဲ့ နှုတ်ခမ်းနာ” မတည့်ဖြစ်နေကြောင်း ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဝေဖန်သည်။​

“တပ်သိမ်းမြေဘာညာဆိုတာ မလုပ်ရဘူးတော့ မဟုတ်ပါဘူးဗျာ။ ထောက်ခံပါတယ်။ ဒါပေမဲ့ အဲဒါတွေက နောက်လည်း လုပ်လို့ရပါတယ်။ တကယ်လုပ်ရမဲ့အလုပ်က စစ်ကို နိုင်အောင်တိုက်ရမှာ။ NGO စိတ်နဲ့တော့ တော်လှန်ရေးလုပ်လို့ မရဘူး” ဟု ၎င်းက ပြောသည်။ 

တပ်ပိုင်မြေများနှင့် ပတ်သက်၍ တော်လှန်ရေးအပြီးကာလမှ အကောင်အထည်ဖော်ရမည့် လုပ်ငန်းများဖြစ်သော်လည်း ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံလိုသူများကို ယခုကတည်းက ဖိတ်ခေါ်ထားရန် စီစဉ်ခြင်းဖြစ်သည်ဟု ဦးတင်ထွန်းနိုင်က ဆိုသည်။​

“တော်လှန်ရေးကို သက်ဝင်ယုံကြည်ပြီး အတိုင်းအတာတစ်ခုအထိ စွန့်စားမဲ့သူတွေကို အခုကတည်းက ဖိတ်ခေါ်တဲ့သဘောပဲ။ ဒါက အရေးကြီးတယ်။ တော်လှန်ရေးအပေါ်မှာ စိတ်ချယုံကြည်တဲ့ လုပ်ငန်းရှင်တွေကိုတော့ ပိုပြီး တန်ဖိုးထားရမှာပေါ့” ဟု ၎င်းက ပြောသည်။

စိစစ်ပြီးသည့် တပ်ပိုင်မြေများကို သိမ်းယူကြောင်း မကြာမီ ကြေညာမည်ဖြစ်ကာ စိတ်ဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရာခိုင်နှုန်းတစ်ခုဖြင့် ကြိုတင်အဆိုပြုနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

“Expression of Interest (EOI) ပေါ့လေ။ ဆိုကြပါစို့။ သန်း ၁၀၀ တန် ရင်းနှီးမြှုပ်နှံမှုမှာ သူ့ရဲ့အဆိုပြုလွှာကို ရွေးချယ်လိုက်တယ်ဆိုလို့ရှိရင် သန်း ၁၀၀ အားလုံးကို ဗုန်းဆို ပေးစရာ မလိုပါဘူး။ ရာခိုင်နှုန်းတစ်ခုကိုတော့ သူ့အနေနဲ့ စွန့်စားရမယ်လေ။ အာမခံချက်တစ်ခုပေါ့”

သာမန်ပြည်သူများ မသိနိုင်သည့် စစ်ဗိုလ်ချုပ်ကြီးများ လက်ဝါးကြီးအုပ် သိမ်းဆည်းထားသော မြေနေရာများစွာရှိသေးပြီး NUG အနေဖြင့် ဆက်လုပ်ဖော်ထုတ်သင့်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က Myanmar Now ကို ပြောသည်။

“NUG အစိုးရက ဒီဟာတွေ လုပ်မယ်ဆိုရင် စစ်ခေါင်းဆောင်တွေ၊ စစ်ဗိုလ်ချုပ်တွေ တုန်လှုပ်၊ ချောက်ချားသွားမှာ အသေအချာပဲ။ ဘာလို့လည်းဆိုတော့ သူ့လူတွေ သေသွားတာထက် ပိုဆိုးတယ်လေ။ သူတို့ ကိုယ်ကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်မှာ” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ငွေယားတောင်ဟုခေါ် ရန်ကုန် – ပြည်လမ်းပေါ်ရှိ တပ်မတော်ဗိုလ်ရွေးအဖွဲ့ တပ်နေရာနှင့် သီလဝါဆိပ်ကမ်းရောက် စစ်လက်နက်ပစ္စည်းကုန်ကြမ်းပစ္စည်းများကို ထိန်းသိမ်းလက်ခံသော အင်းလျားလိတ်ဟိုတယ်အနီးရှိ ပစ္စည်းထိန်းတပ်နေရာကိုလည်း ပြန်လည်သိမ်းဆည်းရောင်းချသင့်သည်ဟု စစ်တပ်တွင် အနှစ် ၂၀ ခန့် တာဝန်ထမ်းဆောင်ခဲ့သူ ၎င်းက ပြောသည်။ 

“သူတို့ရဲ့အကျိုးစီးပွားကို ထိရင်တော့ မချိအောင်နာတယ်။ အခုအချိန်လောက်ဆိုရင် သူတို့ သွေးပျက်နေလောက်ပြီ သေချာတယ်”

ရန်ကုန်ရှိ တပ်ပိုင်မြေအချို့နှင့် ပတ်သက်၍​ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဦးစီးဌာန တာဝန်ရှိသူကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် လက်ခံဖြေကြားခြင်း မရှိပေ။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button