သတင်း

ဟံသာဝတီဦးဝင်တင်ဖောင်ဒေးရှင်းက ရိုက်တာသတင်းထောက်များနှင့် ဒုရဲမှူးဟောင်းတို့ကို ဂုဏ်ပြု

ရန်ကုန်- မြန်မာနိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေအရ ငြိစွန်းအပြစ်ရှိသည်ဟု ဆုံးဖြတ်ကာ ထောင်ဒဏ် ခုနစ်နှစ်စီ အပြစ်ပေးခံလိုက်ရသည့် ‘ရိုက်တာ’သတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို ယနေ့ကျင်းပသည့် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း၏ ၃၄ ကြိမ်မြောက် နိုင်ငံရေးအကျဉ်းသားများဂုဏ်ပြုပွဲတွင် ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။

ဂုဏ်ပြုခံရသူများထဲတွင် အသက် ၃၀ ဝန်းကျင်အရွယ် ရှိကြသည့် ‘ရိုက်တာ (Reuters)’သတင်းထောက် ကိုဝလုံး (ခေါ်) ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦးတို့နှစ်ဦးအပြင် ၎င်းတို့အမှုနှင့် ပတ်သက်ပြီး ထောင်ဒဏ် တစ်နှစ် ကျခံနေရသည့် အသက် ၄၇ နှစ်အရွယ် ဒုရဲမှူးဟောင်းမိုးရန်နိုင်လည်း ပါဝင်သည်။

အဆိုပါ ဖောင်ဒေးရှင်းမှ အခမ်းအနားဖြင့် ဂုဏ်ပြုခဲ့ပြီး ငွေသားကျပ်နှစ်သိန်းစီကို ထောက်ပံ့ခဲ့သည်။ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ပြည်တွင်းအဖွဲ့အစည်းတစ်ခုက ပထမဦးဆုံး ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။

၎င်းတို့ သုံးဦးလုံးကို နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်ထားသည့်ပြင် သတင်းလွတ်လပ်ခွင့်အတွက် အမှန်တရားကို ထုတ်ဖော်ပြောကြားခဲ့သူများဖြစ်သောကြောင့် သုံးဦးစလုံးကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးထွန်းကြည်က ပြောသည်။

“ရိုက်တာသတင်းထောက်တွေဆိုရင် သူတို့ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုကို ဖော်ထုတ်နေရင်း အခုလို ထောင်ချခံလိုက်ရတာ ဖြစ်တယ်။ သူတို့ဟာ အမှန်တရားတစ်ခုကို ရှာဖွေကြသူတွေ ဖြစ်တယ်။ ဒုရဲမှူးမိုးရန်နိုင်ဆိုရင်လည်း သူဟာ ရဲအရာရှိတစ်ဦး၊ ပြန်တမ်းဝင်အရာရှိတစ်ဦးဖြစ်ပေမယ့် အမှန်တရားကို အမှန်တရားအတိုင်း ဖော်ထုတ်လိုက်သူဖြစ်တယ် ။ သူ့ဘဝပျက်ယွင်းမှာကိုတောင် သိလျက်နဲ့ သူဟာ အမှန်တရားကို လေးစားသူဖြစ်လို့ သူ့ကိုလည်း ပေးအပ်လိုက်တာ ဖြစ်တယ်” ဟု သူက ဆိုသည်။

‘ရိုက်တာ’သတင်းထောက်နှစ်ဦးသည် ယမန်နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် မွတ်စလင် ရွာသား ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေမဲ့ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ကို စုံစမ်းထောက်လှမ်းရေးသားရန် ကြိုးပမ်းနေစဉ် ရဲတပ်ဖွဲ့က ရန်ကုန်မြို့ မြောက်ဘက်၌ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ရင်း (၈) မှ ဒုရဲမှူးဟောင်း မိုးရန်နိုင်သည် မူလက တရားလိုပြသက်သေတစ်ဦးဖြစ်ပြီး သတင်းထောက်နှစ်ဦးကို ဖမ်းဆီးသည့် ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဘက်က ကြိုတင်ကြံစည်ကာ ထောင်ဖမ်းခဲ့ခြင်းဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သူ ဖြစ်သည်။ ထိုသို့ ထွက်ဆိုပြီးနောက်တွင် ၎င်းသည် ရဲစည်းကမ်းဥပဒေအရ ထောင်ဒဏ် တစ်နှစ် ပေးခံလိုက်ရသည်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

သတင်းစာဆရာကြီး ဦးဝင်းတင်သည် သတင်းစာသမားအဖြစ်ရော စံပြလူသားတစ်ဦးအဖြစ်ရော မိမိလေးစားရသောသူဖြစ်သဖြင့် ၎င်းကို အစွဲပြု ဖွဲ့စည်းထားသည့် ဖောင်ဒေးရှင်းက ယခုလို မိမိတို့ကို ဂုဏ်ပြုသည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း သတင်းထောက် ကိုဝလုံးက ယခုလ ၈ ရက်နေ့က ထောင်ဝင်စာသွားတွေ့စဉ် ပြောခဲ့သည်ဟု ၎င်း၏ ဇနီး မပန်းအိမွန်က ပြောသည်။

“သူတို့ကို အခုလို ပြည်တွင်းမှာ ပထမဆုံးဂုဏ်ပြုတာမှာ သူတို့ကိုယ်တိုင် တက်ရောက်ယူစေချင်တယ်။ သူတို့ကိုယ်တိုင် လေးစားတဲ့အဖွဲ့အစည်းက အခုလိုဂုဏ်ပြုထောက်ပံ့တာကို သူတို့ မျက်မြင်တွေ့စေချင်တယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ယနေ့ ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်သည့်နေ့သည် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အဖမ်းခံရသည်မှစ၍ ကိုးလပြည့်သည့်နေ့ဖြစ်သည့်အတွက် ထူးခြားသည့်နေ့အဖြစ် မှတ်ယူကြောင်း၊ ၎င်းတို့ကို ယခုလို အသိအမှတ်ပြုသဖြင့် ဝမ်းသာပီတိဖြစ်ရကြောင်း ကိုကျော်စိုးဦး၏ ဇနီး မချစ်စုဝင်းက ပြောသည်။

ဒုရဲမှူးဟောင်းမိုးရန်နိုင်၏ မိသားစုကမူ အခမ်းအနားသို့လည်း မတက်ရောက်ခဲ့သလို ဂုဏ်ပြုဆုငွေကိုလည်း လက်မခံရန် ဆုံးဖြတ်ခဲ့သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“ကျွန်တော့်အစ်ကိုကတော့ ဘယ်လိုသဘောထားရှိတယ် မသိပါဘူး။ ကျွန်တော်တို့ကို ပေးမယ်လို့ကြားတော့ မိသားစုတွေ တိုင်ပင်လိုက်တာ ဒါကို လက်မခံဖို့ အားလုံးက သဘောတူလို့ ဒီပွဲကို မတက်ပါဘူး” ဟု ကိုမိုးရန်နိုင်၏ ညီ ကိုရဲဝင့်နိုင်က Myanmar Now ကို ပြောသည်။

လက်ရှိအချိန်အထိ ဖောင်ဒေးရှင်းက နိုင်ငံရေးအကျဉ်းသားဟောင်း၊ နိုင်ငံရေးအကျဉ်းသားနှင့် ဘဝတူ စာနယ်ဇင်းသမား စုစုပေါင်း ၈၃၇ ဦးအတွက် ကျပ်သိန်းပေါင်း ၂,ဝ၁ဝ ထောက်ပံ့ထားပြီးဖြစ်သလို ယနေ့ဆိုလျှင် စာနယ်ဇင်းသမားနှင့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးတို့ကို ကျပ် ၂၁ သိန်း ထပ်မံထောက်ပံ့ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကို သတင်းစာဆရာ၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပူးတွဲတည်ထောင်သူ ဟံသာဝတီဦးဝင်းတင်၏ မတည်ငွေများဖြင့် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလက စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ လက်ရှိနိုင်ငံရေးအကျဉ်းသားများနှင့် သတင်းစာဆရာများကို သုံးလတစ်ကြိမ် ရွေးချယ်ကာ အခမ်းအနားပြုလုပ်ကာ ဂုဏ်ပြုပြီး ငွေကြေးထောက်ပံ့သည်။

ဦးဝင်းတင်ဖောင်ဒေးရှင်းအနေဖြင့် စာနယ်ဇင်းသမားများနှင့် ပတ်သက်၍ ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာ၏ ခင်ပွန်းဖြစ်သူ ဦးပါကြီး၊ မကွေးတိုင်း ပေါက်မြို့နယ်တွင် သတင်းလိုက်ရင်း ထောင်ချခံရသည့် ယူနတီဂျာနယ်မှ သတင်းထောက်များ၊ မွန်းတည့်နေဂျာနယ်မှ သတင်းထောက်အဖွဲ့ဝင်များကို ပေးအပ်ခဲ့ဖူးသည်။

Show More

Related Articles

Back to top button