သတင်း

Telenor အသုံးပြုသူများ၏ ဖုန်းမှတ်တမ်းနှင့် အချက်အလက်များ စစ်တပ်ကို ပေးခဲ့ရ

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ အဓိက မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် တယ်လီနောမြန်မာ (Telenor Myanmar) အနေဖြင့် ကွန်ရက်အသုံးပြုသူများ၏ ဖုန်းခေါ်ဆိုမှု မှတ်တမ်းနှင့် အချက်အလက်များ စစ်တပ်ကို ပေးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ 

လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီး နှစ်ပတ်ခန့်အကြာမှစ၍ ယနေ့အချိန်ထိ စစ်ကောင်စီက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှတစ်ဆင့် တယ်လီနောမြန်မာရုံးချုပ်သို့ စာဖြင့် အနည်းဆုံး အကြိမ် ၂၀၀ ခန့် တောင်းခံခဲ့သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများကို ထဲထဲဝင်ဝင် သိရှိသည့် သတင်းရင်းမြစ်က ဆိုသည်။ 

Myanmar Now က ဖတ်ရှုခွင့်ရသည့် စစ်တပ်က တောင်းခံစာတစ်စောင်အရ တယ်လီနောသုံးစွဲသူများ၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများနှင့် ဖုန်းခေါ်ဆိုခဲ့သည့် တည်နေရာ စသည့်တို့နှင့် ပတ်သက်၍ တောင်းခံခြင်းဖြစ်ကာ ဖော်ပြပါ ဖုန်းနံပါတ်များကို ပိတ်သိမ်းရန်လည်း ညွှန်ကြားသည်။  

စစ်ကောင်စီ၏ အချက်အလက်တောင်းခံသည့် အကြိမ်တိုင်းတွင် တယ်လီနောဖုန်းနံပါတ်မျိုးစုံပါဝင်ပြီး တချို့သော အကြိမ်များတွင် နံပါတ်ရာဂဏန်းအထိ ပါဝင်ကြောင်း၊ အကြိမ်ရေပေါင်း ၂၀၀ ထက်မနည်း ရှိသောကြောင့် တယ်လီနောမြန်မာအသုံးပြုသူ ထောင်ပေါင်းများစွာအပေါ် သက်ရောက်မည်ဖြစ်သည်။ 

၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၇၇ တွင် ပြဋ္ဌာန်းထားသည့် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် လိုအပ်သည့်အခါ ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရရှိသူအား ညွှန်ကြားနိုင်သည်ဟူသော အချက်ကို အသုံးချကာ စစ်တပ်က တောင်းခံခဲ့ခြင်းဖြစ်သည်။​

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ဆိုသောကြောင့် တယ်လီနောမြန်မာကလည်း စစ်တပ်၏ တောင်းခံချက်အတိုင်း သုံးစွဲသူများ၏ အချက်အလက်များကို ပေးခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်က Myanmar Now ကို ပြောသည်။​ 

“စစ်တပ်က တောင်းတာက တယ်လီနောတင်မကဘူး၊ ကျန်တဲ့ MPT၊ Ooredoo နဲ့ Mytel တွေလည်း ပါတာပဲ။ ဒီစစ်တပ်က တောင်းလာတဲ့ နံပါတ်တွေတော်တော်များများဟာ စစ်ကြောရေးမှာ ရိုက်နှက်.. နှိပ်စက်ပြီးတော့မှ ရလာတဲ့နံပါတ်တွေလို့ ပြောလို့ရတယ်။ သွေးစွန်းနေတဲ့နံပါတ်တွေလို့ ပြောလို့ရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ဆိုသည်။ 

နော်ဝေရှိ တယ်လီနောရုံးချုပ်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် စစ်ကောင်စီ၏ အချက်အလက်တောင်းခံသည့် ညွှန်ကြားချက်များ ရရှိသည်မှာ မှန်ကန်ကြောင်း၊ လိုက်နာဆောင်ရွက်ပေးခဲ့ရကြောင်း သဘောသက်ရောက်သည့်မှတ်ချက်ပြုသည်။ 

“တည်ဆဲဥပဒေဘောင်အရ ဒီညွှန်ကြားချက်တွေကို မလိုက်နာခြင်း ဒါမှမဟုတ် ချိုးဖောက်မယ်ဆိုရင် တယ်လီနောဝန်ထမ်းတွေအတွက် လုံးဝ လက်ခံနိုင်ဖွယ်မရှိတဲ့ အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်ပါတယ်” ဟု တယ်လီနောရုံးချုပ်မှ ဆက်သွယ်ပြန်ကြားရေး ဒါရိုက်တာဖြစ်သူ Cathrine Stang Lund က ပြောသည်။ 

စစ်ကောင်စီကို တယ်လီနောမြန်မာအသုံးပြုသူများနှင့် ဆိုင်သည့် အချက်အလက်များ ပေးအပ်လိုက်သည့်အတွက် တစ်ဦးချင်းတစ်ယောက်ချင်းအနေဖြင့် ဖမ်းဆီးခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း သို့ မဟုတ် သတ်ဖြတ်ခံရခြင်းများ ရှိမရှိ Myanmar Now က မေးမြန်းရာတွင် တယ်လီနောရုံးက တုံ့ပြန်ခြင်း မရှိပေ။ 

စစ်တပ်က အချက်အလက်တောင်းခံလာသည့် တယ်လီနောနံပါတ်များတွင် ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်၊ အဆိုတော်လင်းလင်းတို့ သုံးစွဲသော နံပါတ်များလည်း ပါရှိသည်ဟု သိရသည်။​

ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် မရမ်းကုန်းရဲစခန်းတွင် အမှုဖွင့်ခံရသည့်နည်းတူ နာရေးကူညီမှုအသင်းကိုလည်း စစ်ကောင်စီ၏ တပ်နှင့်ရဲက ဝင်စီးကာ စာရွက်စာတမ်းနှင့် ပစ္စည်းများ သိမ်းဆည်းခဲ့သည်။

အဆိုတော်လင်းလင်းသည်လည်း ဖေဖော်ဝါရီလအတွင်း၌ပင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ခံခဲ့ရသည်။ 

ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများကို ရန်ပုံငွေကူညီရန် အဆိုတော်လင်းလင်း၏ Htwe Lynn Ko Facebook အကောင့်၌ ချိတ်ဆက်ထားသည့် တယ်လီနောဖုန်းနံပါတ်ကို အာဏာသိမ်းပြီးနှစ်ပတ်အကြာတွင် စစ်တပ်က ပိတ်ခိုင်းခဲ့သဖြင့် တယ်လီနောက ပိတ်သိမ်းခဲ့ရသည်ဟု သိရသည်။​ 

အာဏာစသိမ်းသည့်နေ့မှစ၍ မိသားစုနှင့် တကွဲတပြားစီဖြစ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၎င်း၏ နေအိမ်ကို စစ်ကောင်စီက မကြာခဏ လာရောက်ထောက်လှမ်းလေ့ရှိကြောင်း၊ ကနဦးတွင် သတိမထားဘဲ တယ်လီနောနံပါတ်ကို သုံးစွဲခဲ့ကြောင်း အဆိုတော်လင်းလင်းက Myanmar Now ကို ပြောသည်။

“အဲဒီအသိတရားနဲ့ ပတ်သက်ရင် ကျွန်တော်က အားနည်းတယ်။ အစောပိုင်းကတည်းက ဒီလိုပဲ သုံးနေတာပဲ။ နောက်ကျတော့မှ မိတ်ဆွေသူငယ်ချင်းတွေ သတိပေးကြလို့ ဖုန်းဆင်းကတ်ပြောင်းတာတို့ ဘာတို့ လုပ်ဖြစ်တာပါ” ဟု ၎င်းက ဆိုသည်။

အဆိုတော်လင်းလင်းနှင့် ဇနီးဖြစ်သူ အဆိုတော်ချစ်သူဝေတို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူများဖြစ်ကာ ပါတီ၏ ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့သူများဖြစ်သည်။​ 

ထို့ပြင် ၎င်းတို့သည် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးကျွမ်းဝင်သူများဖြစ်သည်။ ယခုအခါ ၎င်းသည် မိသားစုဝင်များနှင့်အတူ မြန်မာနိုင်ငံနယ်နိမိတ်ပြင်ပတွင် တိမ်းရှောင်နေရသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတစ်ခုတွင် အဆိုတော်လင်းလင်း ပါဝင်ခဲ့စဉ်။ (ဓာတ်ပုံ - Htwe Lynn Ko Facebook) 

၂၀၁၄ ခုနှစ်အတွင်းက တယ်လီနောမြန်မာက ဆောင်ရွက်ခဲ့သည့် ဖုန်းတေးသွားပြိုင်ပွဲတစ်ခုတွင် သီးချင်းရေးဆရာလည်းဖြစ်သူ အဆိုတော်လင်းလင်းက ဒိုင်လူကြီးတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ဖူးသည်။ 

အခြားသော တက်ကြွလှုပ်ရှားသူများနှင့် ဂျာနယ်လစ်များနည်းတူ အဆိုတော်လင်းလင်းသည်လည်း ယခင်က Telenor ကို အဓိကအသုံးပြုခဲ့သူဖြစ်ပြီး စစ်တပ်နှင့် ဆက်နွှယ်နေသော Mytel ကဲ့သို့ ကုမ္ပဏီများကို အမြဲတစေသပိတ်မှောက်ဆန့်ကျင်ခဲ့သူဖြစ်သည်။ 

“ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ရာ မြို့တော်မှာ ရုံးချုပ်ရှိတဲ့ တယ်လီနောလိုအဖွဲ့အစည်းတစ်ခုက အကြမ်းဖက်စစ်တပ်ကို ဒီလို ကိုယ်ရေးကိုယ်တာအချက်အလက်တွေ မျှပေးခဲ့ခြင်းအပေါ် တကယ်စိတ်မကောင်းဖြစ်မိတယ်” ဟု အဆိုတော်လင်းလင်းက ပြောသည်။​

ဆက်သွယ်ရေးဥပဒေအရ သုံးစွဲသူများနှင့် သက်ဆိုင်သည့် အချက်အလက်များကို အရပ်သားအစိုးရလက်ထက်တွင် တောင်းဆိုဖူးသော်လည်း အဂတိခြစားမှုများ၊ ရာဇဝတ်မှုများနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ တောင်းခံသည့် ပုံစံဖြစ်သော်လည်း အာဏာသိမ်းပြီးနောက် စစ်တပ်က တောင်းချင်သလိုတောင်းခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။​

စစ်အာဏာမသိမ်းမီ ထုတ်ပြန်ခဲ့သည့် တယ်လီနောမြန်မာ၏ အစီအရင်ခံစာတစ်စောင်အရ ယခင်အစိုးရလက်ထက်များဖြစ်သည့် ၂၀၁၄ မှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအထိ အချက်အလက်တောင်းခံသည့် ၃၂၇ ကြိမ် လက်ခံရရှိခဲ့ပြီး ၂၁၇ ကြိမ် ပံ့ပိုးပေးခဲ့သည်။​

ထိုသို့ အချက်အလက်များပေးအပ်ရခြင်းမှာ လူသတ်မှု၊ မူးယစ်ဆေးဝါးအမှုနှင့် လူပျောက်တိုင်ကြားမှုများကဲ့သို့သော စုံစမ်းစစ်ဆေးရေးလုပ်ငန်းများအတွက်ဖြစ်ကြောင်း တယ်လီနောမြန်မာက ဆိုသည်။

အာဏာပိုင်များ၏ ထိုသို့ အချက်အလက်တောင်းခံခြင်းများနှင့် ပတ်သက်၍ တရားဝင်သတင်းထုတ်ပြန်ခြင်းများ လုပ်ဆောင်တော့မည်မဟုတ်ကြောင်း အာဏာသိမ်းပြီး နှစ်ပတ်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် တယ်လီနောက ထုတ်ပြန်ခဲ့သည်။ 

တယ်လီနောသည် မြန်မာပြည်သူများ၏ အသက်ဘေးအန္တရာယ် စိုးရိမ်ရသည်ကို သိလျက်နှင့် စစ်တပ်က တောင်းယူသည့် ဖုန်းမှတ်တမ်းနှင့် တည်နေရာမျှဝေခြင်းမှာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Justice For Myanmar က ဝေဖန်သည်။

စစ်အာဏာသိမ်းသည့် အချိန်မှစ၍ စစ်ကောင်စီသည် ပြည်သူများကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေပြီး ထိုလုပ်ရပ်များသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်သည်ဟု ဆိုသည်။

“တယ်လီနောက အချက်အလက်တွေ မျှဝေခြင်းဖြင့် ရက်စက်တဲ့ရာဇဝတ်မှုတွေမှာ ကူညီနေတာတွေကို နော်ဝေအစိုးရအနေနဲ့ အရေးပေါ် စုံစမ်းစစ်ဆေးရပါမယ်။ နောက်ပြီး ဒုက္ခရောက်နေသူတွေကို ကုစားပေးဖို့ လုပ်ဆောင်ရပါမယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ စစ်ကောင်စီလက်ထဲမရောက်ခင် တယ်လီနောရောင်းချမှုကို ရပ်တန့်ဖို့ နော်ဝေနိုင်ငံက ကြားဝင်ဆောင်ရပါမယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။ 

နော်ဝေအခြေစိုက် တယ်လီနောအုပ်စုသည် တယ်လီနောမြန်မာကို လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 အုပ်စုထံ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ် ဇူလိုင်လအစောပိုင်းကတည်းက ကြေညာခဲ့ခြင်းဖြစ်သည်။

သို့သော် တယ်လီနောမြန်မာရောင်းချရေးနှင့် ပတ်သက်၍ လအတန်ကြာ မပြီးမပြတ်ဖြစ်နေခဲ့ပြီး M1 နှင့် ပြည်တွင်းမှ ရွှေဗျိုင်းဖြူကုမ္ပဏီတို့ ပူးတွဲဝယ်ယူမည့်အစီအစဉ်ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ခွင့်ပြုခဲ့သည်။

ယခုလ (ဖေဖော်ဝါရီ) အတွင်း အပြီးသတ်ရောင်းချမည်ဖြစ်ကာ M1 နှင့် ရွှေဗျိုင်းဖြူကုမ္ပဏီတို့ ဖက်စပ်ထူထောင်ထားသည့် Investcom ကုမ္ပဏီသည် သုံးစွဲသူ ၁၈ သန်းကျော်ရှိ တယ်လီနောမြန်မာ ပိုင်ရှင်သစ်ဖြစ်လာဖွယ်ရှိသည်။ 

ရွှေဗျိုင်းဖြူကုမ္ပဏီသည် စစ်တပ်၏ ကာလရှည်ကြာစီးပွားရေးမိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်ပြီး တယ်လီနောမြန်မာ၏ ရှယ်ယာ ၇၀ သို့မဟုတ် ၈၀ ရာခိုင်နှုန်းအထိပိုင်ဆိုင်မည့် အဓိကရှယ်ယာရှင် ဖြစ်လာမည်ဖြစ်သည်။

စစ်တပ်နှင့် ဆက်နွှယ်သည့် ရွှေဗျိုင်းဖြူကုမ္ပဏီက ၁၈ သန်းကျော်သော ပြည်သူများအသုံးပြုနေသည့် တယ်လီနောကို ထိန်းချုပ်မည်ဖြစ်ရာ အချက်အလက်ကျိုးပေါက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဆိုးရွားလာနိုင်ကြောင်း အဆိုတော်လင်းလင်းက ဆိုသည်။ 

“လက်ရှိမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက အံ့ဩထိတ်လန့်နာကြည်းဖွယ်ရာအတိဗျာ။ ဒီလို အချက်အလက်တွေ ထပ်ရသွားမယ်၊ ထပ်ပါသွားမယ်ဆိုရင်တော့ ပြောမကုန်နိုင်ဖွယ်ဖြစ်မှာ သေချာတယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် တယ်လီနော စီမံခန့်ခွဲမှုတာဝန်ရှိသူများအနေဖြင့် မြန်မာလူထု၏ ဒီမိုကရေစီအပေါ် သက်ဝင်ယုံကြည်မှုကို အလေးထားလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

တယ်လီနောမြန်မာကို M1 Group နှင့် ရွှေဗျိုင်းဖြူကုမ္ပဏီထံ ရောင်းချခြင်းကို ရပ်ဆိုင်းပေးဖို့ သဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နော်ဝေဖိုရမ်က မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၆၈ ခု ကိုယ်စား ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းတွင် နော်ဝေဝန်ကြီးချုပ်ထံ စာပို့တောင်းဆိုခဲ့သည်။​

တယ်တီနောမြန်မာရောင်းချမှုကို ပြန်ရုပ်သိမ်းရန် အဆိုတော်လင်းလင်းကလည်း တောင်းဆိုသည်။​

“တယ်လီနောအုပ်စု စီမံအုပ်ချုပ်သူတွေအနေနဲ့ ဒီမိုကရေစီအရေး မြန်မာလူထုအပေါ် စာနာသနားလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”

တယ်လီနောရုံးချုပ်ကမူ ဥပဒေကြောင်းနှင့် လူ့အခွင့်အရေးရှုထောင့်ဆိုင်ရာ အကျပ်အတည်းကြောင့်သာ ရောင်းထုတ်ရခြင်းဖြစ်ကြောင်း ရှင်းပြသည်။​

“တယ်လီနောအနေနဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေကြား ပဋိပက္ခဖြစ်နေတဲ့အနေအထား၊ ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပြီး တယ်လီနောအုပ်စုအတွက် မြန်မာနိုင်ငံမှာ ဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်တော့တာပါ” ဟု Cathrine Stang Lund က ပြောသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button