သတင်း

မြန်မာနိုင်ငံရှိ စီမံကိန်းကြီးနှစ်ခုမှ နုတ်ထွက်ရန် Total ရေနံကုမ္ပဏီဆုံးဖြတ် 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးရွားလာသော အခြေအနေများကြောင့် အထင်ကရ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးနှစ်ခုမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ပြင်သစ်ရေနံကုမ္ပဏီကြီး Total က ယနေ့ (ဇန်နဝါရီ ၂၁) ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းဖြစ်သော ရတနာနှင့် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့နေသည့် မုတ္တမသဘာဝဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ (MGTC) မှ နုတ်ထွက်ရန် Total က ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“ကုမ္ပဏီအနေဖြင့် နိုင်ငံအတွင်း ဆက်လက်တည်ရှိနေခြင်းအားဖြင့် အကျိုးပြုနိုင်မည်ဟု ယူဆခဲ့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် အခြေအနေ ဆက်လက်ဆိုးရွားခဲ့ကြောင်း” ဟု Total ၏ ထုတ်ပြန်ချက်က ဆိုသည်။

သက်တမ်း ၂၅ ကျော်ရှိ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းတွင် အော်ပရေတာအဖြစ် လုပ်ကိုင်နေသည့် ပြင်သစ်ရေနံကုမ္ပဏီမှာ MGTC တွင်လည်း အဓိကရှယ်ယာရှင်တစ်ဦးဖြစ်သည်။

အဆိုပါစာချုပ်နှစ်ခုတွင် အနီးစပ်ဆုံး ခြောက်လသက်တမ်းစာချုပ်အရ သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ အော်ပရေတာအဖြစ် အခြားမိတ်ဖက်ကုမ္ပဏီကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း Total ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ခိုင်ခိုင်မာမာ ပြစ်တင်ရှုတ်ချခဲ့သော်လည်း မြန်မာနှင့် ထိုင်းနိုင်ငံအတွက် လျှပ်စစ်မီးထောက်ပံ့ပေးနိုင်ရေးအတွက် ရတနာစီမံကိန်းကို ဆက်လက်လုပ်ကိုင်ခဲ့ကြောင်း၊ သို့သော် ပိုမိုဆိုးရွားလာသော အခြေအနေများအရ ဆက်လက်လုပ်ကိုင်ရန် မဖြစ်နိုင်တော့သဖြင့် ဆုံးဖြတ်ရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

စစ်တပ်လက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ထံ ရတနာစီမံကိန်းမှ ရရှိသည့် ဝင်ငွေများရောက်ရှိနေခြင်းကို ရပ်တန့်ရန် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာက တောင်းဆိုမှုများ ရှိခဲ့သော်လည်း သဘာဝဓာတ်ငွေ့ယူသည့် ထိုင်း PTT ကုမ္ပဏီကသာ တိုက်ရိုက်စီမံခန့်ခွဲခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

ပြင်သစ်ရေနံကုမ္ပဏီ Total က ရတနာစီမံကိန်းတွင် ၃၁ ဒသမ ၂၄ ရာခိုင်နှုန်း ပါဝင်ထားပြီး အမေရိကန်ရေနံကုမ္ပဏီ Unocal-Chevron က ၂၈ ဒသမ ၂၆ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံပိုင် PTTEP က ၂၅ ဒသမ ၅ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံပိုင် MOGE က ၁၅ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။

ရတနာစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ ၇၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ကာ ၃၀ ရာခိုင်နှုန်းကို ပြည်တွင်းသုံးအတွက် ရောင်းချပေးနေသည်။

မုတ္တမသဘာဝဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီတွင်လည်း Total က ၃၁ ဒသမ ၂၄ ရာခိုင်နှုန်းဖြင့် အများဆုံးရင်းနှီးမြှုပ်နှံထားပြီး အခြားရှယ်ယာရှင်များမှာ MOGE၊ Unocal-Chevron နှင့် PTTEP တို့ဖြစ်ကာ ထိုစီမံကိန်းမှ ရရှိသည့် မြန်မာအတွက် အမြတ်ငွေခွဲဝေပေးခြင်းကို ရပ်ဆိုင်းရန် Total က မေလအတွင်း ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ ဗြိတိန်အခြေစိုက် Finance Uncovered အဖွဲ့နှင့် Justice For Myanmar ၏ ထုတ်ပြန်ချက်များအရ MGTC ကုမ္ပဏီအနေဖြင့် ၂၀၁၉ မတိုင်မီအထိ အမေရိကန်ဒေါ်လာ ၈၇၂ သန်း အမြတ်ငွေရရှိထားသည်။

အာဏာမသိမ်းမီက ရေးဆွဲအတည်ပြုခဲ့သည့် ရသုံးမှန်းခြေငွေစာရင်းအရ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ မတ်လအထိ ရေနံနှင့် ဘဘာဝဓာတ်ငွေ့ကဏ္ဍမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ ရရှိနိုင်မည်ဟု ခန့်မှန်းထားသည်။

တရားမဝင် စစ်ကောင်စီအတွက် အဓိကဝင်ငွေရလမ်းတစ်ခု ဖြတ်တောက်နိုင်ခြင်း ဖြစ်သည့်အတွက် Total ရေနံကုမ္ပဏီ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

“စစ်ကောင်စီထံ ဘဏ္ဍာငွေအထောက်အပံ့ စီးဝင်နေခြင်းကို ရပ်တန့်ဖို့ မြန်မာပြည်သူတွေ၊ ပြည်တွင်းနဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တောင်းဆုံးမှုတွေအပေါ် နောက်ဆုံးမှာ Total က အရေးတယူပြုလိုက်တာပါပဲ” ဟု ၎င်းက ပြောသည်။​

ဆက်လက်ပြီး နိုင်ငံတကာအစိုးရများအနေဖြင့် ကျန်ရှိနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများကို ဆက်လက်ပစ်မှတ်ထားအရေးယူရန်နှင့် POSCO, PTTEP, Petronas, ONGC, GAIL, KOGAS, ENEOS နှင့် Mitsubishi ကုမ္ပဏီများအနေဖြင့်လည်း စစ်ကောင်စီထံ ငွေပေးချေနေမှုများကို ရပ်တန့်ရန် Justice For Myanmar က တောင်းဆိုသည်။ 

အမေရိကန်ရေနံကုမ္ပဏီ Cheveron ကလည်း ရတနာစီမံကိန်းမှ ထွက်ခွာရန် စီစဉ်နေသည်ဟု Reuters သတင်းဌာနက ရေးသားသည်။

Show More

Related Articles

Back to top button