ရှမ်းပြည်နယ်မှ လုပ်ငန်းရှင်တစ်ဦးကို လူမြင်ကွင်းတွင် လုပ်ကြံသွားသော သေနတ်သမားတို့ လွတ်မြောက်နေဆဲဖြစ်သည်
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှ အထင်ကရ လုပ်ငန်းရှင်တစ်ဦး နေ့ခင်းဘက် လူမြင်ကွင်းတွင် လုပ်ကြံသတ်ဖြတ်ခံရသည်မှာ ရက်သတ္တနှစ်ပတ် ကြာလာပြီ ဖြစ်သော်လည်း သေနတ်သမားတို့ကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
မျက်မြင်သက်သေများကိုသာ မေးမြန်းစစ်ဆေးထားသည်ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင်ထံမှ သိရသည်။

“သတ်တဲ့အချိန်မှာ ဆိုင်ကယ်စီးလာသူ နှစ်ဦးလုံးက ဆိုင်ကယ်ဦးထုတ်တွေနဲ့ မျက်နှာကို ဖုံးထားကြသူတွေ။ ကျွန်တော်တို့ စုံစမ်းနေဆဲပဲ။ ဖမ်းဆီးထားရသူတွေလည်း မရှိသေးဘူး” ဟု သူက ဆိုသည်။
တာချီလိတ်မြို့တွင် အလှူအတန်း ရက်ရောပြီး လူမှုရေးလုပ်ငန်းများစွာကို ကူညီနေသည့် လုပ်ငန်းရှင်ကြီး ဦးအားဖာသည် ဇန်နဝါရီ ၉ ရက်နေ့က မြို့တွင်းလမ်းဆုံတစ်ခုတွင် သေနတ်သမား နှစ်ဦး၏ လက်ချက်ဖြင့် သေဆုံးခဲ့သည်။


ဦးအားဖာတွင် မည်သူနှင့် ရန်ငြိုးရှိခဲ့မှန်း မသိရကြောင်း၊ လမ်းဆုံများရှိ လုံခြုံရေး မှတ်တမ်းကင်မရာတို့၏ အလုပ်လုပ်နိုင်စွမ်းမှာလည်း သံသယဖြစ်ဖွယ် ရှိကြောင်း ထိုမြို့မှ မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဦးတင့်ဆွေက သုံးသပ်သည်။
ထိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တာချီလိတ်မြို့သည် လက်နက်ငယ်များ အလွယ်တကူ ကိုင်ဆောင်နေသည့်နေရာ ဖြစ်ကြောင်း၊ ကျူးလွန်သွားသူတို့သည် နယ်စပ်ဖြတ်ကျော် တိမ်းရှောင်နိုင်ကြောင်း ယခင်က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတချို့ အမှုမှန် ပေါ်ပေါက်ရေးမှာလည်း အခက်အခဲများစွာ ရှိနေဟန်တူကြောင်း သူက ပြောသည်။


“ဦးအားဖာ ဖြစ်ခဲ့ပြီးနောက်မှာ ရဲဘက်ကလည်း ဖိဖိစီးစီးနဲ့ကို အားသွန်ခွန်စိုက် လုပ်နေပါတယ်။ အဲ့ဒါကြောင့်ပဲ အခုဆို နေ့တိုင်းလိုလို လက်နက်တွေ မိတယ်။ နယ်စပ်ကို အကာအကွယ်ယူပြီး လက်နက်ကို ဖြစ်သလို ကိုင်နေတော့ လူသတ်မှုက မပေါ်နိုင်ဘူး။ ကျူးလွန်ရဲတာပေါ့” ဟု သူက ဆိုသည်။
ရှမ်းပြည်နယ်တွင် ပစ်ခတ်မှု ပါဝင်သော ရာဇဝတ်မှုများကို မကြာခဏ ဖြစ်ပွားနေသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကုန်ပိုင်းက ကျောက်မဲမြို့တွင် ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို ဆိုင်ကယ်စီးသေနတ်သမားတို့က ကျောင်းသို့ သွားရောက်ပြီး ပစ်ခတ် လုပ်ကြံမှု ပေါ်ပေါက်ခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









