သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ပြောင်းရွှေ့ခံရ 

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ အပြင်းအထန်ခုခံတော်လှန်မှုကို ရင်ဆိုင်နေရသည့် စစ်ကိုင်းတိုင်းအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ်ဖြိုးသန့်နေရာကို ယနေ့ (ဇန်နဝါရီ ၆) အပြောင်းအလဲပြုလုပ်လိုက်ကြောင်း စစ်တပ်သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။

မုံရွာမြို့အခြေစိုက် နမခတိုင်းမှူး ဗိုလ်ချုပ်ဖြိုးသန့်ကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ပြီး၊ တိုင်းမှူးသစ်အဖြစ် ကလေးမြို့အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၀) တပ်မမှူးဖြစ်သူ ဗိုလ်ချုပ်သန်းထိုက်ကို ခန့်အပ်လိုက်ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။

“ဒီနေ့ပဲ အမိန့်ထွက်လာတာ။ ခုလေးတင်… ဗိုလ်ချုပ်သန်းထိုက်က DSA 38 က (စစ်တက္ကသိုလ်အပတ်စဉ် ၃၈)” ဟု အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး အပြောင်းအလဲနှင့် ပတ်သက်၍ ထိုသတင်းရင်းမြစ်က ဆိုသည်။ 

နမခတိုင်းမှူး ဗိုလ်ချုပ်ဖြိုးသန့် ပြောင်းရွှေ့ခံရခြင်းမှာ စွမ်းဆောင်ရည်ညံ့ဖျင်း (Poor Performance) သောကြောင့် ဖြစ်သည်ဟုလည်း ၎င်းသတင်းရင်းမြစ်က ဖြည့်စွက်ပြောကြားသည်။

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် ဒေသခံ PDF အဖွဲ့များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့သောကြောင့် စီမံခန့်ခွဲမှုညံ့ဖျင်းသည်ဆိုသော အကြောင်းပြချက်ဖြင့် နမခတိုင်းမှူး ဗိုလ်ချုပ်ဖြိုးသန့် ဖမ်းဆီးထိန်းသိမ်းခံရသည်ဟုပင် အောက်တိုဘာလအတွင်းက သတင်းများထွက်ပေါ်ခဲ့သည်။ 

အလုပ်သင်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၂၃ (တေဇ ၂၃) တက်ရောက်ခဲ့သူ ဗိုလ်ချုပ်ဖြိုးသန့်မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၄) တွင် တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် အာဏာသိမ်းပြီးနောက်ပိုင်း နမခတိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရသည်။

အလုပ်သင်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၂၃ မှာ စစ်တက္ကသိုလ်အပတ်စဉ် ၃၈ နှင့် အတူတူဖြစ်သောကြောင့် နမခတိုင်းမှူးသစ်ဖြစ်လာသည့် ဗိုလ်ချုပ်သန်းထိုက်နှင့် ဗိုလ်ချုပ်ဖြိုးသန့်မှာ အရွယ်တူများပင်ဖြစ်ကြောင်း သိရသည်။ 

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် ဒေသခံ PDF များ အဆမတန်ကြီးထွားလာပြီးနောက် စစ်ကောင်စီက အဆိုပါဒေသနှစ်ခုကို ‘အနော်ရထာ’ စစ်ဆင်ရေးအမည်ဖြင့် ကိုင်တွယ်ရန် စစ်ဆင်ရေးအထူးအဖွဲ့မှူးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်တို့ကိုပင် အောက်တိုဘာလအတွင်း တာဝန်ပေးခဲ့သည်။ 

လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း ဒေသခံ PDF များ၊ ပြောက်ကျားတပ်ဖွဲ့များနှင့် နေ့စဉ်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အထိနာလျက်ရှိကာ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းများကြောင့် စစ်ကောင်စီဘက်မှ နေ့စဉ်သေဆုံးသူ ဆယ်ဂဏန်းထက်မနည်းရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ချက်များက ဆိုသည်။

စစ်ကောင်စီကမူ စစ်ကိုင်းတိုင်းအပါအဝင် တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးသူအရေအတွက်ကို ထုတ်ပြန်လေ့ မရှိပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button