သတင်း

ရွှေပေါက်ကံရှိ စစ်ကောင်စီစခန်း ပစ်ခတ်ခံရ

ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်ရှိ စစ်ကောင်စီတပ်အခြေစိုက်ရာ စခန်းတစ်ခုကို ယနေ့ (ဇန်နဝါရီ ၆) နံနက်အစောပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ရာ အနည်းဆုံး ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်သည်ဟု မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော Yangon Federal Army (YFA) အဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်ရှိ အဆိုပါစခန်းကို ယနေ့ နံနက် ၄ နာရီကျော်အချိန်က M79 40 mm အမျိုးအစား ဗုံးသီးသုံးလုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

အဆိုပါတိုက်ခိုက်မှုကို အခြားပြောက်ကျားအဖွဲ့အချို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ ‘ပျံလွှားအောင်’ စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း YFA ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။​

“၁၀ ကောင်က အနည်းဆုံးပါခင်ဗျာ။ အဖွဲ့ဝင်တွေအားလုံး Safe ဖြစ်ပါတယ်။ အရေးပေါ်ကားတွေ မနက်ကတည်းက သွားနေတုန်းပါ အခုထိ။ လမ်းပိတ်ချထားတယ်လို့ သိရပါတယ်။ မြောက်ဥက္ကလာ၊ မြောက်ဒဂုံက လူတွေပါ ကြားရပါတယ်” ဟု ၎င်းက ပြောသည်။ 

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်အခြေစိုက် အဆိုပါမြို့ပြပြောက်ကျားတပ်ဖွဲ့မှ အထက်ပါပြန်ကြားရေးတာဝန်ခံက ဆိုသည်။ 

ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း မြို့ပြပြောက်ကျားအဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများ၊ ဗုံးဖောက်ခွဲမှုများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး နှစ်သစ်ကူး အခါသမယဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတိုက်ခိုက်ခံရစဉ် ဒုရဲအုပ်တစ်ဦး သေဆုံးခဲ့သည်။ 

ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီ တိုင်းသုံးတိုင်းကို ပေါင်း၍ NUG က ဟံသာဝတီခရိုင်ဟု သတ်မှတ်ထားကာ ပြည်သူ့ခုခံစစ် စတင်ကြောင်း ကြေညာသည့် စက်တင်ဘာ ၇ ရက်မှစ၍  ‘ပျံလွှားအောင်’ အမည်ရ စစ်ဆင်ရေးဖြင့် စစ်ကောင်စီပစ်မှတ်များကို အဆက်မပြတ်တိုက်ခိုက်ခဲ့သည်။​

‘ပျံလွှားအောင်’ စစ်ဆင်ရေးကို NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုဖြင့် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က တိုက်ရိုက်လုပ်ဆောင်နေခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း စက်တင်ဘာ ၇ မှ အောက်တိုဘာလကုန်အထိ တိုက်ခိုက်မှုပေါင်း ၉၉ ကြိမ်နှင့် ဗုံးခွဲတိုက်ခိုက်မှု ၂၅၆ ကြိမ်ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က အောက်တိုဘာလကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။

နိုဝင်ဘာလအတွင်းက ရန်ကုန်တိုင်းရှိ PDF တပ်ဖွဲ့ဝင် ၂၀ ဖမ်းဆီးခံရသော်လည်း တိုက်ခိုက်မှုများကို အရှိန်မြှင့် ဆက်လက်လုပ်ဆောင်နေကြခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ လက်အောက်ခံ မြို့ပြပြောက်ကျားတပ်ဖွဲ့အချို့ထံမှ သိရသည်။ 

အာဏာသိမ်းပြီး တစ်နှစ်နီးပါး ရှိလာချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ရှိ ဒေသများအပါအဝင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ အချို့ဒေသများတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့်နည်းတူ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင်လည်း ပေါက်ကွဲမှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်နေသည်။  

စစ်ကောင်စီကလည်း ၎င်းတို့ကို ဆန့်ကျင်သူများကို အပြင်းအထန်ဖြိုခွင်းလျက်ရှိရာ ဖမ်းဆီးသတ်ဖြတ်ခံရသူများ၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံရမှုများလည်း ရှိနေသည်။ စစ်ကောင်စီရန်ကြောင့် ဒေသအသီးသီးတွင် ထောင်ပေါင်းများစွာသော ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၁၄၃၇ ဦးထက်မနည်းကျဆုံးခဲ့ပြီး ၁၁၃၄၁ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ဇန်နဝါရီ ၅ တွင် ထုတ်ပြန်သည်။ 

စစ်ကောင်စီက AAPP ကိန်းဂဏန်းကို ငြင်းပယ်သော်လည်း ဖမ်းဆီး၊ သတ်ဖြတ်မှုအရှိန် လျှော့ချခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button