သတင်း

ထီးချိုင့်တွင် စစ်တပ်၏ ယာဉ်တန်းနှင့် သင်္ဘော ၂ စီး တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့နယ်တွင် ရေယာဉ်များနှင့် စစ်ကားများကို နှစ်ရက်ဆက် ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ပြောသည်။

ဇန်နဝါရီ ၂ နှင့် ၃ ရက်နေ့တို့တွင် မန္တလေးမြို့ဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် ပုံညာနှင့် ပြဒါးရှင်ဟု အမည်ပေးထားသည့် ရေယာဉ်များကို သုံးနေရာခွဲ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၀ ကျော် သေဆုံးသလို ဒေသခံနှစ်ဦးလည်း သေဆုံးခဲ့သည်ဟု ထီးချိုင့်- PDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဇန်နဝါရီ ၂ ၊ ညနေ ၆ နာရီကျော်ခန့်က ထီးချိုင့်မရောက်မီ ဆင်ကျွန်းအနီးတွင် ကြားဖြတ်တိုက်ခိုက်စဉ် သင်္ဘောပေါ်မှ စစ်သားတို့ကလည်း ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“လက်နက်ကြီးနဲ့ ပြန်ပစ်တော့ ကျွန်းပေါ်မှာ အလုပ်လုပ်နေတဲ့ ပြည်သူနှစ်ယောက်၊ တစ်ယောက်ကတော့ ဗိုက်ပွင့်ပြီး သေသွားတယ်။ တစ်ယောက်ကတော့ ဆေးရုံရောက်ပြီးမှ ပြန်သယ်လာရတယ်” ဟု ၎င်းက ပြောသည်။

သင်္ဘောတစ်စီး ထိခိုက်ပျက်စီးသွားပြီး ထိုညတွင် ထီးချိုင့်မြို့၌ ညအိပ်ရပ်နားကြောင်း၊ ထိုသင်္ဘောကို အခြားတစ်စီးက နောက်တစ်နေ့ နံနက်အစောပိုင်းတွင် ဆွဲယူသွားပြီး ဆက်ထွက်လာသည့်နောက်တစ်စီးကို စင်္ကြာကျွန်းအနီးနှင့် ကသာမြို့၊ ကျောက်ပုံကလုံအနီး ထပ်မံပစ်ခတ်ခဲ့ကြောင်း ထီးချိုင့် PDF ပြောရေးဆိုခွင့်ရှိသူ အမျိုးသားက ပြောသည်။

“စင်္ကြာကျွန်းနားလေးကနေ ပစ်တာ၊ အဲဒီမှာလည်း ၁၅ ယောက်လောက်ကျတယ်၊ ပြီးမှ ကျောက်ပုံကလုံဘက်က ထပ်ပြီး ဆီးပစ်တာ” ဟု ၎င်းက ဆက်ပြောသည်။

စစ်တပ်၏ သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်သား ၃၀ ထက်မနည်း သေဆုံးနိုင်သည်ဟု PDF က ယူဆသည်။

ရေယာဉ်နှစ်စီး အထိအခိုက်အကျအဆုံး များစွာနှင့် ကသာမြို့အထက်ဘက်သို့ ဆက်ထွက်သွားကြောင်း၊ လမ်းတွင် ဆက်လက်တိုက်ခိုက်ခံရဖွယ် ရှိကြောင်း ၎င်းက ဆိုသည်။

ဇန်နဝါရီ ၃ ညပိုင်း မိုးညှင်းမြို့နယ်ဘက်မှ ဆင်းလာသည့် ၂၇ စီးပါ စစ်ကောင်စီ မော်တော်ယာဉ်တန်းကို ထီးချိုင့်မြို့နယ်အတွင်း သုံးနေရာတွင် မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်ကျဆုံးမှုများရှိနိုင်သည်ဟု ထီးချိုင့် -PDF ၏ Tigyaing Revolution -TR စာမျက်နှာက နောက်တစ်နေ့ နံနက်တွင် သတင်းထုတ်ပြန်ထားသည်။

ရိက္ခာများ အဓိကတင်ဆောင်လာသည်ဟု ၎င်းတို့ သတင်းရထားသည့် စစ်ယာဉ်တန်းကို ကျောက်အိုက်ကျေးရွာ၊ ကွင်းကြီးကျေးရွာနှင့် ထီးချိုင့်မြို့အနီးတို့တွင် ဆွဲမိုင်းနှင့် ဖောက်ခွဲသည့်ပြင် ၄၀ မမ ဗုံးသီးများနှင့်ပါ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု PDF ဘက်မှ ဆိုသည်။

ထီးချိုင့်-PDF ဘက်ကမူ ထိခိုက်မှုမရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ယာဉ်တန်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ပြီး ဆက်လက်ထွက်ခွာသွားသည်ဟု ဆိုသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ထီးချိုင့်မြို့နယ်နှင့် ဆက်စပ်နေသည့် အင်းတော်မြို့နယ်၊ ဂဟဲရွာအနီးသို့ ရဟတ်ယာဉ်တစ်စီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ထီးချိုင့်၊ ကသာနှင့် မိုးညှင်းဘက်တွင် ရဟတ်ယာဉ်များ ပျံဝဲနေသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။

စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးသည့်နောက် လက်နက်ကိုင်ခုခံမှု များပြားလာရာ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင်လည်း တိုက်ပွဲများကူးစက်လာခဲ့သည်။

မြန်မာပြည်အလယ်ပိုင်းမှ စစ်အင်အားနှင့် ခဲယမ်း၊ ရိက္ခာများကို ကချင်ပြည်နယ်အတွင်းသို့ ကုန်းလမ်း၊ ရေလမ်းများမှတစ်ဆင့် တင်ပို့နိုင်ရန် စစ်ကောင်စီက ကြိုးစားနေသည်။

စစ်ကောင်စီတပ်၏ယာဉ်များ ရေကြောင်း၊ ကုန်းကြောင်းချီတက်စဉ် မည်သည့်အချိန်၊ မည်သည့်နေရာသို့ ရောက်ပြီဖြစ်ကြောင်းကို PDF အချင်းချင်း သတင်းပို့ကြသလို အွန်လိုင်းလူမှုကွန်ရက်သုံးသူများက ရေးသားမျှဝေနေကြသည်ကိုလည်း တွေ့ရသည်။

ထီးချိုင့်အပါအဝင် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ကြားရှိ တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေပြီး စစ်ကောင်စီက ထိုဖြစ်ရပ်များကို သတင်းအမှောင်ချထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button