သတင်း

မတူပီမြို့မှ အင်အား ၆၀ ရှိသည့် တပ်စခန်းကို CDF ဝင်တိုက် 

ချင်းပြည်နယ်၊ မတူပီ – ပလက်ဝလမ်းပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားသည့် ထယ်ဘွေးတပ်စခန်းကို ယနေ့ (ဇန်နဝါရီ ၃) နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညနေအထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) ထံမှ သိရသည်။  

မတူပီမြို့မှ မိုင် ၄၀ ခန့်အကွာရှိ ထိုစခန်းတွင် စစ်သားအင်အား ၆၀ နီးပါး တပ်စွဲထားကြောင်း၊ နံနက် ၇ နာရီခွဲဝန်းကျင်တွင် တိုက်ပွဲအစပြုကြောင်း CDF (မတူပီ) ပြန်ကြားရေးတာဝန်ခံ ကိုနွေဦးလင်းက ညနေ ၄ နာရီခန့်က ပြောသည်။

“အကောင်းဆုံးခုခံပြင်ဆင်ပြီးတော့ ဆက်လက်တိုက်ခိုက်နေပါတယ်။ အခုချိန်ထိ လက်နက်ကြီးပစ်တာတွေတော့ တောက်လျှောက်ရှိနေတယ်” ဟု ကိုနွေဦးလင်းက ပြောသည်။ 

“သူတို့စခန်းချထားတာကို ကျွန်တော်တို့က ဝင်တိုက်တာပါ။ သူတို့ဘက်က လက်နက်ကြီးအကူနဲ့ ပစ်တာ”

တိုက်ပွဲနောက်ဆက်တွဲ အသေးစိတ်အချက်အလက်များနှင့် ပတ်သက်ပြီး ဆက်လက်ထုတ်ပြန်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

လက်နက်စွဲကိုင်ခုခံမှုအားကောင်းသည့် ဒေသများကို စက်တင်ဘာလကုန်ပိုင်းမှစ၍ စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားရာ မတူပီမြို့နယ်တွင်လည်း ဆက်သွယ်ရေးလုပ်ငန်းအတွက် တယ်လီဖုန်းကိုသာ အသုံးပြုနေရသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းက မတူပီမြို့တွင် စစ်တပ်က တပ်အင်အားဖြည့်တင်းထားပြီး မြို့ပေါ်တွင် လုံခြုံရေးတင်းကျပ်နေကာ အဖမ်းအဆီးများ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်ဟု ကိုနွေဦးလင်းက ပြောသည်။ 

မတူပီမြို့နယ်တွင် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များကြား မကြာခဏဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ သုံးထောင်နီးပါးသည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးခက်ခဲနေရကြောင်း CDF တာဝန်ခံက ဆိုသည်။

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့မှ ဒေသခံ တစ်သိန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး အစားအစာ၊ လောင်စာဆီနှင့် အခြားဆေးဝါးပစ္စည်းများ အရေးပေါ်လိုနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ဒီဇင်ဘာလလယ်က ထုတ်ပြန်ထားသည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်က ဒေသခံကာကွယ်ရေးအဖွဲ့များ အားကောင်းရာ ချင်းပြည်နယ်ကို စစ်ကြောင်းနှစ်ခုခွဲပြီး ထိုးစစ်ဆင်ခဲ့သည်။ 

ပြည်သူများကို ခြိမ်းခြောက်၊ ဖမ်းဆီးနှိပ်စက်နေသည့် မတူပီ – ပလက်ဝ လမ်းပေါ်တွင် အခြေစိုက်သော ခမရ ၃၀၄ တပ်ရင်းကင်းစခန်းတစ်ခုကို နိုဝင်ဘာလကုန်တွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၂ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CDF မတူပီက ထုတ်ပြန်သည်။ 

မတူပီမြို့တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button