သတင်း

မန္တလေးနန်းတွင်းစစ်ကြောရေး လူမဆန်စွာ နှိပ်စက်သည့် အထောက်အထားထွက်ပေါ်

အာဏာသိမ်းမှုဆန့်ကျင်သူများကို ဖမ်းဆီးစစ်ဆေးနေသော မန္တလေးနန်းတွင်း စစ်ကြောရေးစခန်းတွင် လူမဆန်သည့် နည်းလမ်းမျိုးသုံး၍ နှိပ်စက်ခံရမှုဖြစ်စဉ်ကို သက်သေပြနိုင်သည့် ဆေးစာအထောက်အထားတစ်ခု Myanmar Now က ရရှိထားသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ကလည်း ထိုစစ်ကြောရေးစခန်းတွင် စအိုအတွင်း ဝါးလုံးထိုးသွင်းသည့် နည်းဖြင့် နှိပ်စက်ခံရသော ၎င်းတို့၏ အဖွဲ့ဝင် ၃ ဦး ရှိကြောင်း၊ ဒဏ်ရာများ ပျောက်ကင်းခြင်း မရှိသေးသလို ဆေးကုသခွင့်လည်း မရကြောင်း ဒီဇင်ဘာ ၃ဝ တွင် သတင်းထုတ်ပြန်သည်။

ဇူလိုင် ၄ ရက်နေ့က မန္တလေးမြို့တွင် ဖမ်းဆီးခံရသူ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးဖြစ်သော မန္တလေးဆန္ဒပြခေါင်းဆောင် ကိုမြတ်သူမှာ ထိုသို့ နှိပ်စက်ခံရသည့် ဒဏ်ရာများ ယနေ့တိုင် ပျောက်ကင်းခြင်းမရှိသေးဟု ထိုထုတ်ပြန်ချက်တွင် ပါဝင်သည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အမှုဆောင်အဖွဲ့ဝင်၊ အဝေးသင်တာဝန်ခံ ကိုသူရိန်မိုး (ခ) စိုင်းဘန်ခနှင့် အခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီအဖွဲ့ဝင် ကိုစိုးသူရကျော် (ခ) ကဗျာဆရာ သာသျှားတို့လည်း အလားတူပင် ကြုံရကြောင်း ဖော်ပြထားသည်။

အသက် ၂၂ နှစ်အရွယ် ကိုမြတ်သူသည် မန္တလေးနန်းတွင်းစစ်ကြောရေးစခန်းတွင် ရက်သတ္တပတ် ၂ ပတ်ကျော်ကြာ စစ်ဆေးခံခဲ့ရပြီးနောက် အိုးဘိုထောင်သို့ ရောက်နေသည်ဟု ဗကသ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စက်တင်ဘာ ၂၄ တွင် ဖမ်းဆီးခံခဲ့ရသူ ၂၇ နှစ်အရွယ် ကိုစိုးသူရကျော်၊ ဖမ်းဆီးခံရသည့် နေ့ရက် အတည်မပြုနိုင်သေးသည့် ၂၄ နှစ်အရွယ် စိုင်းဘန်ခတို့မှာလည်း ထိုသို့ ဒဏ်ရာများရခဲ့ပြီး ဆေးကုသခွင့်မရ၊ ဒဏ်ရာများမပျောက်၍ အိမ်သာတက်လျှင်ပင် အခက်ကြုံနေသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

“စစ်ဆေးမေးမြန်းတဲ့အခါမှာ ကျွန်တော်တို့ ကျောင်းသားတွေကို စအိုထဲကို ဝါးလုံးထိုးထည့်တယ်။ ဝလုံးထိုးထည့်ပြီးတော့ သူတို့သိချင်တာတွေမေးတယ်။ ပြီးရင် ပါးရိုက်၊ နားရိုက်ဆိုတာထက် တခြားလိင်အကြမ်းဖက်တာတွေ ခံရတယ်”ဟု ထိုသူက ဆက်ပြောသည်။

“ကျွန်တော်က အထဲမှာရှိတဲ့သူတွေနဲ့ ပတ်သက်ပြီး နီးစပ်သူတွေကနေ မေးမြန်းရင်းနဲ့ သိရတာ”

သို့သော် ကာယကံရှင်များက ထုတ်ဖော်ပြောခြင်းမရှိကြောင်း၊ ၎င်းတို့၏ ဒဏ်ရာများ သက်သာစေရန်အလို့ငှာ ဝိုင်းဝန်းစီစဉ်ပေးကြသူတချို့ထံမှ သိရခြင်းဖြစ်ကြောင်း ဗကသ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ထိုသို့ နှိပ်စက်ခံထားရသူတစ်ဦးအတွက် ပြင်ပသို့ ဆေးမှာယူသည့် စာရွက်စာတမ်းအထောက်အထားတစ်ခုကို Myanmar Now က ရရှိထားပြီး ထိုထဲတွင် ရေးသားထားသည့် ဆေးအမျိုးအမည်များမှာ စအိုဒဏ်ရာများကို ကုသရာတွင် သုံးကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ဆေးရုံအုပ်အဆင့် ဆရာဝန်ကြီးတစ်ဦးက အတည်ပြုသည်။

ဆေးစာတွင် Lorix-plus cream, Flumox, Septidine, Diltigesic, MoM, Daflon စသည်တို့ ပါဝင်သည်။ အသေးစိတ်ကိုမူ သတင်းရင်းမြစ်တို့၏ လုံခြုံရေးအခြေအနေကြောင့် ထုတ်ဖော်ရေးသားနိုင်ခြင်း မရှိပေ။

Daflon မှာ စအိုတွင်ဖြစ်သည့် အနာများ အရောင်ကျရန်၊ Diltigesic မှာ စအိုပြတ်ရှဒဏ်ရာများ သောက်သုံးရန် ဆေးဖြစ်ကြောင်း၊ Flumoxနှင့် Septidine တို့မှာ ပိုးသတ်ဆေးဖြစ်ကြောင်း၊ Lorix-plus cream မှာ အနာလိမ်းသည့် ဆေးဖြစ်ကာ MoM ဟု အတိုကောက်ရေးထားသည်မှာ လေဆေးဖြစ်သည်ဟု အထက်ပါဆရာဝန်က ပြောသည်။

စအိုသို့ ဝါးလုံးထိုးသွင်းမှုမှာ အသက်ပါဆုံးနိုင်သည့် နှိပ်စက်မှုပင်ဖြစ်သည်ဟု ထိုဆရာဝန်ကြီးက မှတ်ချက်ပြုသည်။

“အထိုးခံရတဲ့နေရာနဲ့ အနက်မှာတော့ မူတည်တယ်။ ဝါးလုံးက ဘယ်လောက်အရွယ်အစားလဲတော့ မသိဘူး။ အနည်းဆုံးတော့ စအိုအဝပြဲမယ်” ဟု ၎င်းက သုံးသပ်သည်။

“စအိုရဲ့ အထက်မှာရှိတဲ့ အစာအိမ်ခေါင်းပေါက်ပြဲသွားရင် အသက်အန္တရာယ်ရှိတာပေါ့။ လုံးဝ လက်သင့်ခံလို့မရဘူး။ ဒါက စစ်ဆေးတဲ့အဆင့်တောင် မဟုတ်တော့ဘူး” 

ထိုအခြေအနေကြုံနေရသူတို့၏ ကျန်းမာရေးကို ဗကသများအဖွဲ့ချုပ်ကလည်း စိတ်ပူနေပြီး ဆေးကုသခွင့် အမြန်ဆုံးရရန်လိုသည်ဟု သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက တောင်းဆိုသည်။

“လူတစ်ယောက်အတွက် စအိုဆိုတာကလည်း တော်တော်အရေးကြီးတဲ့အထဲမှာ ပါတယ်ဗျာ။ ဆေးကုသခွင့်မရတဲ့အပြင် အခုချိန်ထိ ခံနေရတော့ သူတို့အတွက် ဆေးကုသခွင့်ရချင်တယ်။ ဆေးအပြည့်အဝရစေချင်တယ်” ဟု ၎င်းက ပြောသည်။

“အဲဒီလိုမျိုးရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်များကို ဆန့်ကျင်တယ်။ သူတို့သုံးယောက်က တစ်ယောက်ချင်းစီ အဖမ်းခံရပြီး စစ်ဆေးမေးမြန်းတော့ လုပ်ထုံးလုပ်နည်းက တစ်ပုံစံတည်းဖြစ်နေတယ်ဗျ”

ထို့အတူ လွန်ခဲ့သည့် ၃ လ၊ ၄ လ ဝန်းကျင်ကတည်းက ဖမ်းဆီးခံထားရပြီး မည်သည့်နေရာတွင် မည်သို့အခြေအနေဖြင့်ရှိနေကြောင်း စုံစမ်း၍မရသေးသည့် ဗကသအဖွဲ့ဝင်များလည်း ရှိနေသေးပြီး လွန်စွာစိုးရိမ်ပူပန်နေရသည်ဟု ထိုသူက ဆက်ပြောသည်။

စက်တင်ဘာ၊ အောက်တိုဘာလများတွင် စစ်ကောင်စီက ဖမ်းသွားသည့် မအေးနန္ဒာစိုး၊ ကိုနောင်ထက်အောင်၊ ကိုရန်စိုးပိုင်ကဲ့သို့ ကျောင်းသားများ၊ ဒေါ်သက်စုလှိုင်၊ ဦးနိုင်းသီဟကျော်တို့ကဲ့သို့ ဆရာများကို ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။

“စစ်အုပ်စုဟာ အပြစ်မဲ့ပြည်သူတွေအပေါ် ကမ်းကုန်အောင် ရက်စက်ယုတ်မာနေပြီးတော့၊ ရှိသမျှအာဏာကို သုံးပြီး ပြည်သူလူထုအပေါ် မတရားတဲ့အမိန့်တွေနဲ့ ဖိနှိပ်မှုတွေ ခပ်စိပ်စိပ်လုပ်လာတယ်” ဟု ထိုသူက ပြောသည်။

ကျောင်းသားခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရှာဖွေထောင်ချနေကြောင်း၊ စစ်ကြောရေးကာလ နှိပ်စက်ညှဉ်းပန်းမှုများမှာ အသက်အန္တရာယ်စိုးရိမ်ဖွယ် အခြေအနေဖြစ်ကြောင်း သူက ပြောသည်။

ဗကသများအဖွဲ့ချုပ်ဘက်က ထိုသို့ ထုတ်ဖော်ပြောဆိုသည့် အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီထံ မေးမြန်း၍ မရသေးပေ။

ပြည်သူ့ဆန္ဒမဲဖြင့် အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၁ဝ လကျော်အတွင်း စစ်ကောင်စီက ဒေသအသီးသီးမှ ပြည်သူများကို ဖမ်းဆီးနှိပ်စက်နေသည်။

အဖမ်းခံရသူများထဲမှ ပြည်သူ ၁ဝ,ဝဝဝ ကျော်၏ အချက်အလက်ရရှိထားကြောင်း၊ စစ်ကောင်စီတပ်သားတို့၏ လက်ချက်ကြောင့် သေဆုံးသူအရေအတွက်မှာ ၁၃၈၄ ဦးထက်မနည်း ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၃၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

AAPP ကို တရားမဝင်၊ စာရင်းများ ချဲ့ကားသည်ဟု ပြောလေ့ရှိသည့် စစ်ကောင်စီကမူ ထိုသို့သော အချက်အလက်များကို ထုတ်ဖော်ပြောဆိုလေ့မရှိပေ။

အထက်ပါ ဗကသအဖွဲ့ဝင် ၃ ဦး လူမဆန်သည့် နည်းလမ်းသုံး၍ နှိပ်စက်ခံခဲ့ရသည့် မန္တလေးနန်းတွင်းစစ်ကြောရေးစခန်းသည် စစ်ကောင်စီလက်ထက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် နိုင်ငံအနှံ့စခန်းများအနက် တစ်ခုဖြစ်သည်။

ကမ္ဘာကျော် မန္တလေးနန်းတွင်း၌ ဖွင့်လှစ်ထားသည့် ထိုစခန်းတွင် သံဃာတော်များသည်လည်း ရက်စက်သည့်၊ သိက္ခာမဲ့သည့် နည်းလမ်းမျိုးစုံသုံး၍ နှိပ်စက်ခံနေရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button