သတင်း

ဗကသ ဒုဥက္ကဋ္ဌကို ရခိုင်ဒေသအရေးလှုပ်ရှားမှုဖြင့် ထောင်ဒဏ် ၂ နှစ် ၁ လချ

စစ်ကောင်စီက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) မှ ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို စစ်အာဏာမသိမ်းမီကာလအတွင်းက စွဲဆိုထားသည့် ပုဒ်မနှစ်ခုဖြင့် ယနေ့ (ဒီဇင်ဘာ ၂၉) တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ၁ လ ချမှတ်လိုက်သည်။ 

၂၀၂၀ စက်တင်ဘာတွင် ရခိုင်ဒေသ အင်တာနက်ပြန်ဖွင့်ပေးရေးအတွက် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံရှေ့ရှိ ကားမှတ်တိုင်နှင့် ဓာတ်တိုင်များတွင် ခွင့်ပြုချက်မရှိဘဲ စာရွက်စာတမ်းများဖြန့်ဝေမှုအတွက် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဥပဒေ (ငြိမ်းစုစီ) ပုဒ်မ ၁၉ နှင့် စွဲချက်တင်ခံရပြီး နောက်တစ်မှုမှာ ရခိုင်ပြည်နယ်အစိုးရကို အကြည်ညိုပျက်စေမှု ဖြစ်သည်။

“ရခိုင်ပြည်နယ် အင်တာနက်ပြန်ဖွင့်ပေးရေး မဟာဗန္ဓုလပန်းခြံရှေ့နဲ့ ဓာတ်တိုင်တွေမှာ စာရွက်ကပ်လို့ဆိုပြီး ၁ လ ချပါတယ်။ အဲဒီဟာကိုပဲ ၅၀၅-ခ နဲ့ ထပ်စွဲပြီး အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်ချတယ်။ ချုပ်ရက်ခံစားခွင့်မပြုပါဘူး” ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးသက်နောင်က ပြောသည်။

ထိုစဉ်က ရခိုင်ဒေသတွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် စစ်တပ်၏ ဖိအားပေးမှုဖြင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကာလရှည်အင်တာနက်ဖြတ်တောက်ခဲ့မှုအပေါ် ကျောင်းသားများက ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် မတ် ၃ က တာမွေမြို့နယ်တွင် စစ်အာဏာရှင်အလိုမရှိကြောင်း ချီတက်ဆန္ဒပြသည့်သပိတ်စစ်ကြောင်းကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းရာ ကိုဝေယံဖြိုးမိုးအပါအဝင် လူ ၅၀၀ ခန့် ဖမ်းဆီးခံရသည်။ ထို့နောက် ကိုဝေယံဖြိုးမိုးကို ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့သည်ဆိုကာ အောက်တိုဘာ ၅ ၌ ဆူပူအောင်လှုံ့ဆော်မှုရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီက တရားစွဲဆိုခဲ့သည်။  

ကိုဝေယံဖြိုးမိုးသည် ၂၀၂၀ စက်တင်ဘာလ ရခိုင်ဒေသအရေးလှုပ်ရှားမှုအတွက် မရမ်းကုန်းမြို့နယ်တရားရုံးတွင်လည်း ငြိမ်းစုစီပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅-(က/ခ)တို့ဖြင့် စွဲဆိုထားခြင်းကို ရင်ဆိုင်နေရသည်။  

ရန်ကုန်ရှိ တရားရုံး ၃ ရုံးတွင် စုစုပေါင်း အမှု ၅ မှုကို ရင်ဆိုင်နေရစဉ် ကျောက်တံတားမြို့နယ်ရုံးက ဦးစွာ ထောင်ချလိုက်ခြင်း ဖြစ်သည်။  

အင်းစိန်ထောင်တွင် အချုပ်သားများနေရသည့် အဆောင်မှ ထောင်ဒဏ်ချမှတ်ခံရသူများကို ထားရှိသည့် နေရာသို့ ပြောင်းရတော့မည်ဖြစ်သည်ဟု သူ၏ ရှေ့နေက ပြောသည်။

“တစ်ခုပဲ ကျွန်တော်တို့ စိုးရိမ်တာက အခုဆို သူက အကျ(ပြစ်ဒဏ်ကျ) ဖြစ်သွားပြီ။ ဒီနေ့ဆို အကျဆောင်ထဲကို ပို့ရတော့မယ်။ အခြားရာဇဝတ်သားတွေနဲ့ ရောထားတော့မယ်ဆိုတော့ သူ့ရဲ့လုံခြုံရေးကို စိုးရိမ်တယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်” ဟု ရှေ့နေ ဦးသက်နောင်က ပြောသည်။

အမှုတွင် ကိုဝေယံဖြိုးမိုးဘက်မှ ရှေ့နေက တရားလိုပြသက်သေများအပေါ် ပြန်လှန်စစ်မေးချက်များကို တရားရုံးက ထည့်သွင်းသုံးသပ်ခဲ့ခြင်းမရှိဘဲ တရားလိုနှင့် တရားလိုဘက်မှ တင်သွင်းသော သက်သေများ၏ ထွက်ဆိုချက်များကိုသာ သုံးသပ်၍ အမိန့်ချသွားသည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့စာရွက်ကပ်တာကိုလဲ ဘယ်သူမှ မြင်ခဲ့တာ မရှိဘူး။ ရခိုင်ပြည်နယ်အစိုးရကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ဟာလဲ စာသားထဲ မပါဘူး။ တကယ်လဲ အဲဒီအချိန်က ရခိုင်ပြည်နယ်မှာ အင်တာနက်ပိတ်ခံနေရတယ် အမှန်တရားပဲ။ ဒါကို တရားရုံးက လုံးဝ သုံးသပ်မသွားဘူး။ တရားမျှတမှုမရှိဘူး” ဟု ရှေ့နေက ဆိုသည်။

ကိုဝေယံဖြိုးမိုး ထောင်ဒဏ်ချမှတ်ခံရမည်ကို သိထားပြီးဖြစ်သော်လည်း ထောင်တွင်း၌ လုံခြုံရေးအတွက် ဂရုစိုက်ရမည်ဟု ဗကသများအဖွဲ့ချုပ်မှ ရန်ကုန်ခရိုင်ဥက္ကဋ္ဌ ကိုမြတ်မင်းခန့်က ပြောသည်။

“လုံခြုံရေးက အစောကြီးကတည်းက စိတ်ချရတဲ့အခြေအနေမျိုးမဟုတ်ဘူး။ ရှေ့မှာလဲ ဒီလိုဖြစ်ခဲ့တာတွေ ရှိတာကိုးဆိုတော့ လုံခြုံရေးအနေနဲ့ကတော့ ပိုပြီးစိုးရိမ်ရတဲ့အခြေအနေ ရောက်သွားတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

အင်းစိန်အကျဉ်းထောင်၏ ထောင်စည်းကမ်းများဖတ်ရန် ထောင်အာဏာပိုင်များ၏ ခိုင်းစေမှုကို ကိုဝေယံဖြိုးမိုးအပါအဝင် ကျောင်းသားလူငယ် ၇ ဦးက ငြင်းဆန်ခဲ့ကြသဖြင့် ဧပြီ ၂၂ တွင် တစ်ပတ်ကြာ တိုက်ပိတ်ခံခဲ့ရသည်။ 

ဒီဇင်ဘာ ၁၀  တွင် ကိုဝေယံဖြိုးမိုးနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုးတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၈၉ ဦးသည် အသံတိတ်သပိတ်လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ပြင်းပြင်းထန်ထန်ရိုက်နှက် နှိပ်စက်ခံထားရသည်ဟု ဗကသများအဖွဲ့ချုပ်က ဒီဇင်ဘာ ၁၃ တွင် ထုတ်ပြန်ထားသည်။

“သူတို့တွေ နည်းမျိုးစုံနဲ့ ပေးဆပ်ခဲ့ကြပြီးပြီ။ ကျွန်တော်တို့အနေနဲ့က ဒီလမ်းက ဆုံးအောင်လျှောက်ဖို့ပဲ ရှိတယ်။ အာဏာရှင် ပြုတ်ရင်ပြုတ်၊ မပြုတ်ရင် ကျွန်တော်တို့သေပေါ့ဗျာ”ဟု ဗကသများအဖွဲ့ချုပ်မှ ရန်ကုန်ခရိုင်ဥက္ကဋ္ဌ ကိုမြတ်မင်းခန့်က ပြောသည်။

“လူထုအနေနဲ့ အာဏာရှင်ကို တိုက်တဲ့နေရာမှာ ကျွန်တော်တို့ကို ဝိုင်းပြီး ကူညီပေးကြပါလို့ ပြောချင်ပါတယ်” ဟု ဗကသများအဖွဲ့ချုပ်၏ ရန်ကုန်ခရိုင်ဥက္ကဋ္ဌ ကိုမြတ်မင်းခန့်က ပြောသည်။

ကိုဝေယံဖြိုးမိုးမှာ ၂၀၁၉ ဇူလိုင်လ ဆဲဗင်းဇူလိုင်လှုပ်ရှားမှု နှစ်ပတ်လည်နေ့ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်ခဲ့ခြင်းကြောင့်လည်း ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ယင်းနှစ် နိုဝင်ဘာလအတွင်း ထောင်ဒဏ် ၁၅ ရက် ချမှတ်ခံခဲ့ရသေးသည်။

ထို့ပြင် ၂၀၁၉ ဇူလိုင် ရခိုင်စစ်ပွဲကို ရည်ညွှန်းကာ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြလှုပ်ရှားမှုနှင့် စက်တင်ဘာတွင် ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်ကို ထောက်ခံဆန္ဒပြမှုတို့အပေါ် ခွင့်ပြုချက်လျှောက်ထားခြင်း မရှိ၍ဟု ဆိုကာ ကျောက်တံတားမြို့နယ်တရားရုံးတွင် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲခံရပြီး ထိုအမှုနှစ်ခုအတွက် ၂၀၂၀ ဇန်နဝါရီ ၇ တွင် အလုပ်နှင့် ထောင်ဒဏ် ၁၅ ရက်စီ ချမှတ်ခံခဲ့ရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button