ကျောက်မီးသွေးထက် ဈေးသက်သာတဲ့စွမ်းအင်တွေ ရှိပါတယ် (အင်တာဗျူး)

WWF မြန်မာရုံးရဲ့ စွမ်းအင်ဆိုင်ရာမန်နေဂျာ ကိုရွှန်းစိုဦး (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)
WWF မြန်မာရုံးရဲ့ စွမ်းအင်ဆိုင်ရာမန်နေဂျာ ကိုရွှန်းစိုဦး (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)

ရန်ကုန် –  နိုင်ငံမှာ လိုအပ်နေတဲ့လျှပ်စစ်ဓာတ်အား အမြန်ဆုံးရဖို့အတွက်ဆိုရင် နေစွမ်းအင်ကိုလည်း အသုံးချသင့်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ (World Wide Fund for Nature - WWF) ရဲ့ အရာရှိတစ်ယောက်က တိုက်တွန်းလိုက်ပါတယ်။  အိန္ဒိယရဲ့ မီဂါဝပ် ၆ဝဝ ထုတ် စက်ရုံကို ၈ လတည်းနဲ့ အပြီး တည်ဆောက်ခဲ့တာကို  WWF  မြန်မာရုံးရဲ့ စွမ်းအင်မန်နေဂျာ ကိုရွှန်းစိုဦးက ထောက်ပြပြီး အဲဒီလို တိုက်တွန်းလိုက်တာပါ။ နေစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်မှုဟာ ကနဦးစရိတ် များပေမယ့် ရေရှည်မှာတော့ ကျောက်မီး သွေးသုံးတာထက် ဈေးသက်သာတယ်လို့ ပြောပါတယ်။  မကြာသေးခင်က ကိုရွှန်းစိုဦးနဲ့ တွေ့ဆုံရာမှာ သူက စွမ်းအင် ရင်းမြစ် အမျိုးမျိုးကို အချိုးကျသုံးစွဲမှု၊ တည်ငြိမ်ပြည့်ဝတဲ့လျှပ်စစ်၊ ရွေ့နေတဲ့ ကျောက်မီးသွေးဈေးကွက်၊ ဝင်ငွေနည်းပြည်သူတွေအတွက် မီတာခသက်သာစေတဲ့ နည်းလမ်းတွေအကြောင်း ပြောပြထားပါတယ်။

မေး -  ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရေး ဆိုတဲ့ အသံနဲ့ ပတ်သက်ပြီး ဘယ်လိုယူဆလဲ။

ဖြေ -  မြန်မာနိုင်ငံမှာရှိတဲ့ လျှပ်စစ်မဟာစီမံကိန်းတွေကို လေ့လာဖြစ်တယ်။ အဲ့ဒီဟာတွေမှာ ကျောက်မီးသွေးကို ပိုအလေးသာပြီး သုံးချင်တာကိုတွေ့ရတယ်။ နေစွမ်းအင်၊ လေ၊ ဇီဝလောင်စာ စတာတွေထဲက ရှိတဲ့ အလားအလာကို အများကြီးနှိမ့်ပြီးသုံးထားတာ တွေ့ရတယ်။ ဒါ့ကြောင့် ကျောက်မီးသွေး၊ ရေအား အများစုသုံးပြီး နေစွမ်းအား၊ လေစွမ်းအားတွေကို အနည်းစုပဲသုံးမယ်ဆိုရင် အကျိုးတွေက ဘာ၊ အပြစ်တွေက ဘာ၊ ဈေးနှုန်းတွေက ဘာ၊ ဒါမှမဟုတ် ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တွေကို လျှော့ချပြီး နေအား၊ လေအား၊ ရေအား၊ ဇီဝလောင်စာ၊ ဆည်မလိုတဲ့ရေအား စတာတွေကို အများကြီးသုံးမယ်ဆိုရင် နည်းပညာအရ၊ စီးပွားရေးအရ တွက်ချေကိုက်မှာလား၊  နိုင်ငံအတွက် တခြား ဘာအကျိုးတွေရမလဲ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာမလား၊ ကာဗွန်ထုတ်လွှင့်တဲ့ပမာဏတွေ လျှော့ချသွားနိုင်မလား၊ ပြည်တွင်း သယံဇာတတွေ သုံးတဲ့အတွက် နိုင်ငံရဲ့ စွမ်းအင်လုံခြုံမှုတွေ ပိုကောင်းလာနိုင်မလား၊ ဒါတွေကို နှိုင်းယှဉ် စစ်ဆေးတဲ့ သုတေသန စာတမ်းကို ထုတ်ခဲ့တယ်။ ၂ဝ၁၆ မေလက စပြီးတော့ အစိုးရရော၊ ပြည်သူရော၊ လွှတ်တော်ရော တစိုက်မတ်မတ် တင်ပြခဲ့တယ်။ တစ်နှစ်ကြာတဲ့အခါမှာ ပြည်သူတွေကပါ လျှပ်စစ်နဲ့ ပတ်သက်ရင် အထူးသဖြင့် ဆိုလာ (နေစွမ်းအင်) နဲ့ လေအားနဲ့ကို ပိုလိုချင်လာတာ တွေ့ရတယ်။  

မေး -  အစိုးရအနေနဲ့ ဘာကိုဦးစားပေးလုပ်မယ်လို့ ယူဆလဲ။

ဖြေ -  NLD ပါတီရဲ့ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ လျှပ်စစ်ကဏ္ဍကို စာမျက်နှာ တစ်မျက်နှာ သီးသန့်ရေးထားတယ်။ ရုပ်ကြွင်းလောင်စာဖြစ်တဲ့ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ စတဲ့ မြေကြီးထဲက ပစ္စည်းကို မြေကြီးထဲမှာပဲ ထားချင်တယ်၊ လိုအပ်မှသုံးမယ်၊ ရေအားမှာလည်း နောက်လာမယ့် မျိုးဆက်သစ်တွေ အတွက် စဉ်းစားပြီး အသစ် ဆောက်မယ့်နည်းလမ်းကို ရွေးမယ့်အစား ရှိပြီးသား ဆည်၊ စက်ရုံတွေကို ပြုပြင်၊ တိုးချဲ့၊ ပြန်လည်ဆောက်လုပ် စတဲ့ အချက်တွေကို လုပ်မယ်၊ နိုင်ငံမှာ အသုံးပြုတာနည်းသေးတဲ့ နေအား၊ လေအားနဲ့ ဇီဝလောင်စာကိုလည်း ပိုသုံးမယ်လို့ ကြေညာစာတမ်း ထုတ်ခဲ့တယ်။ အစိုးရက ပြန်ပြည့်မြဲ စွမ်းအင်တွေကို ဇောင်းပေးပြီး လုပ်လိမ့်မယ်လို့တော့ ကျွန်တော် ယူဆတယ်။

မေး -  စီးပွားရေးအရ တွက်ချေကိုက်မလား။

ဖြေ -  ကျွန်တော်က အင်ဂျင်နီယာဆိုတော့ ပထမဆုံးပြေးမြင်တာက နည်းပညာအရ ကိုက်ရဲ့လား၊ စီးပွားရေးအရ တွက်ချေကိုက်ရဲ့လားပဲ။  လျှပ်စစ်စွမ်းအင် ပမာဏများများ၊ ဈေးချိုချို ထုတ်လုပ်နိုင်ဖို့ဆိုရင် ကျောက်မီးသွေးနဲ့ထုတ်မှရလိမ့်မယ်ဆိုတဲ့ အသံလေးတွေ ကြားရတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးနဲ့နှိုင်းယှဉ်ရင် လေအားရော၊ နေအားရောက ကျောက်မီးသွေးထက် ဈေးချိုသွားပြီ။ ပြည်တွင်းမှာရော ကျောက်မီးသွေးက ဘယ်လောက် ရှိတုန်း။ ရှိတဲ့ ကျောက်မီးသွေးရဲ့ အရည်အသွေး၊ ဒါတွေကို ထည့်စဉ်းစားရမယ်။ ခေတ်ပေါ်ဖြစ်တဲ့ သန့်စင်ကျောက်မီး သွေးနည်းပညာနဲ့ လျှပ်စစ်ထုတ်မှာလား။ ဒီနည်းပညာနဲ့ဆို ကျောက်မီးသွေး ရင်းမြစ်ကို ဘယ်ကရမှာလဲ။ မြန်မာနိုင်ငံမှာ မရနိုင်ရင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ သြစတြေးလျ စတာတွေကနေ တင်ပို့မှာလား။   သယ်ယူတင်ပို့ဖို့ သီးသန့်ဆိပ်ကမ်းတွေ ဆောက်ရမယ်ဆိုရင်   သန့်စင်ကျောက်မီးသွေးနဲ့ ထုတ်တာမှာ ဈေးပိုချိုတယ် ဆိုတာ ဟုတ်သေးရဲ့လားလို့ ကျွန်တော်မေးခွန်း ထုတ်ချင်တယ်။

နည်းပညာတစ်ခုတည်းကိုဇောက်ချပြီး အသုံးပြုမယ်ဆိုရင် စီးပွားရေးအရရော၊ နည်းပညာအရရော အခက်အခဲ ရှိမယ်။ ဥပမာ … နေအားနဲ့ လေအားကို အဓိကသုံးပါဆိုလည်း ဘယ်လိုမှ မကိုက်ဘူး။  စွမ်းအင် ရင်းမြစ် အမျိုးမျိုးကို အချိုးကျသုံးမှ နိုင်ငံတစ်နိုင်ငံက အဆင်ပြေတယ်။ နွေရာသီဆို ရေခမ်းတဲ့ အခါ ရေအားလျှပ်စစ် ထုတ်လုပ်မှုပမာဏက ကျသွားမယ်၊ ရေခမ်းတဲ့အချိန် အပြင်းဆုံးက နေအား၊ အဲ့ဒီ နေအားကို အသုံးပြုမယ်၊ တစ်ခုနဲ့တစ်ခု မျှတအောင် လျှပ်စစ် ထုတ်ပေးနိုင်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် တည်ငြိမ်ပြည့်ဝတဲ့ လျှပ်စစ်က အဆင်ပြေလိမ့်မယ်။

မေး -  နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လာဖို့  အရေးတကြီး လိုအပ်နေတဲ့ လျှပ်စစ်အတွက် ကျောက်မီးသွေးကို အားကိုးရမယ်ဆိုတဲ့ အယူအဆကို ဘယ်လို ထင်ပါသလဲ။

ဖြေ -    ၂ဝ၅ဝ ပြည့်နှစ်  မြန်မာနိုင်ငံမှာ  တိုးလာတဲ့ လျှပ်စစ်လိုအပ်ချက်အရ ဘယ်နည်းပညာနဲ့ဖြစ်ဖြစ်  စက်ရုံတွေ တိုးတိုးဆောက်ရင် အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံက နေ ၈ဝ ဘီလီယံ လောက်ထိ ကုန်မယ်လို့ ကျွန်တော်တို့ စာတမ်းမှာလည်း ခန့်မှန်းထားတယ်။   ကျွန်တော်ပြောချင်တာက ရင်းနှီးမြုပ်နှံမှုမှာ ဒေါ်လာ ၆၅ ဘီလီယံလောက်ကို အစိုးရက စိုက်ထုတ် ကုန်ကျရ မယ်ဆိုတာ ဘယ်လိုမှ မတရားတဲ့ဟာပဲလေ။ အခု အစိုးရ ပြောနေတာက ပြည်တွင်းရော ပြည်ပပါ ရင်းနှီးမြုပ်နှံမှုတွေ ဖိတ်ခေါ် လုပ်ကြဖို့လေ။

သူများလာရင်းနှီးမြုှပ်နှံရင် ကိုယ့်အိတ်ထဲက ပဲ့ပါစရာ မရှိတော့ဘူး။ လာလုပ်တဲ့သူတွေကလည်း ဒီလိုလုပ်ငန်းဟာ နှစ်ရှည်အတွက် တွက်ချက်ပြီးသား။ လေနဲ့နေအားလျှပ်စစ်ထုတ်တာ ကနဦးကုန်ကျ စရိတ်များတယ်ဆိုပေမယ့် နောင်အနှစ် ၂ဝ နဲ့ တွက်တဲ့အခါ လောင်စာက အလကားရနေတော့ ဒီဟာတွေက ကျောက်မီးသွေးထက်စာရင် ဈေးအများကြီး ချိုသွားပြီ။ လျှပ်စစ်က မြန်မြန် လိုတယ် ဆိုတာ သဘောတူပေမယ့် ကျောက်မီးသွေးလျှပ်စစ်စက်ရုံတစ်ခု တည်ဆောက်တာမှာ အချိန် ၄ နှစ်ကနေ ၆ နှစ်အထိ ကြာတယ်။ ဒီနေ့စတည်မယ်ဆိုရင်တောင် ဒီအစိုးရ သက်တမ်းအတွင်း ရဖို့ လုံးဝ မရှိဘူး။ ဒီနေ့များ ဆိုလာပရောဂျက် ၆ဝဝ မီဂါဝပ်စက်ရုံတစ်ခု စလုပ်မယ်ဆိုပါစို့။ အိန္ဒိယနိုင်ငံမှာ ၈ လ တည်းနဲ့ အပြီး ဆောက်နိုင်တယ်ဆိုတာ သက်သေပြသွားတယ်။ လျှပ်စစ်မြန်မြန်လိုချင်ရင် ဘာကိုသုံးမလဲဆိုတာ အဖြေကရှင်းပါတယ်။

မေး -   နေအား လေအားသုံးပြီး လျှပ်စစ်ထုတ်မယ်ဆိုရင်  ကုန်ကျစရိတ်များတယ်၊  မီတာခ ပိုများလာမယ်လို့ အများအပြားက စိုးရိမ်နေကြတယ် မဟုတ်လား။

ဖြေ -  အခုချိန်မှာက အစိုးရက အရှုံးခံရောင်းနေတယ်။ နည်းပညာအရပြောမယ်ဆိုရင် အစိုးရက ပြည်သူ့ဘဏ္ဍာထဲကနေ လျှပ်စစ်ရနေတဲ့ ပြည်သူ ၃ဝ ရာခိုင်နှုန်းကျော် အတွက် ဖဲ့ထုတ်ပြီး ပြည်သူတွေ ဈေးသက်သာအောင်ဖြည့်ပေးနေရတယ်။ အရှုံးခံရောင်းပေးတယ် ဆိုပေမယ့် ဒီပိုက်ဆံတွေက ဘယ်သူ့ပိုက်ဆံမှ မဟုတ်ဘူး၊ ပြည်သူ့ပိုက်ဆံပဲလေ။ တကယ်လို့ ဒီလိုအရှုံး မပေါ် ဘူးဆိုရင် လမ်းတွေ၊  တံတားတွေ၊ တခြားနေရာတိုးတက်မှုတွေမှာ ပိုအာရုံစိုက်လို့မရဘူးလား။ အဲ့ဒါကြောင့် ဈေးနှုန်း ချိုသာတယ် ဆိုတာထက် ပြည်သူတွေတတ်နိုင်တဲ့ဈေးနှုန်းမျိုး ပြန်ညှိ လိုက်မယ်ဆိုရင် လျှပ်စစ်လည်း အရှုံးမပေါ်တော့ဘူး။ ဒီကပြန်ရတဲ့ငွေနဲ့လည်း လျှပ်စစ်ကဏ္ဍကို ပိုတိုးတက်အောင် လုပ်လို့ရတယ်။ ရေအားကတော့ ဆည်ဆောက်ပြီး သက်တမ်းကုန်လို့ ဆည်ပြန်ဖျက်တဲ့အထိ နှစ်ရှည်ကုန်ကျစရိတ်နဲ့ ဈေးနှုန်းတွက်ချက်တာဟာ နေအားနဲ့လေအားတို့ထက် ကုန်ကျစရိတ် သက်သာတယ်ဆိုတာတော့ မှန်ပါတယ်။ ရေအားလျှပ်စစ်စီမံကိန်းရဲ့ သက်တမ်းက နှစ် ၈ဝ ကနေ ၁ဝဝ ကြား ရှိတယ်။ လျှပ်စစ်အများကြီးထုတ်လု့ိရတော့ တစ်ယူနစ်တန်ဖိုးက အများကြီး သက်သာပါတယ်။ မြန်မာနိုင်ငံအတွက် လျှပ်စစ်ဈေးနှုန်းက သက်သာဖို့လိုတယ် ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဈေးသက်သာလို့ လျှပ်စစ်ကို ဖြုန်းနေကြတာမျိုးလည်း မဖြစ်သင့်ဘူး။

မေး -  ဓာတ်အားခ ဈေးတက်လာရင်တော့ ဓာတ်အားသုံးစွဲသူတွေ လက်ခံနိုင်ပါ့မလား။

ဖြေ -  ကျွန်တော်တို့စာတမ်းမှာ သေချာစီမံပြီး ဈေးနှုန်း သက်သာစေတဲ့ဥပမာတွေ ပေးခဲ့ဖူးတယ်။ သီရိလင်္ကာနိုင်ငံမှာဆိုရင်  တစ်ယူနစ်ကို ၂ဝ ကျပ်လောက်လို့ ပြောရင်လည်း မှန်တယ်။ ၂ဝဝ ကျပ်လို့ ပြောရင်လည်း မှန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ယူနစ်အသုံးပြုနှုန်း အဆင့်ဆင့်တွေ ခွဲထားလို့။ ကျွန်တော်တို့နိုင်ငံမှာ ဈေးအချိုဆုံးယူနစ်နဲ့ ဈေးအကြီးဆုံး ယူနစ်ဈေး ကွာခြားချက်က ၁၅ ကျပ်ပဲ ရှိတယ်။ စီးပွားဖြစ်လုပ်ငန်းမျိုးမှာတော့ ၇၅ ကျပ် ကွာတယ်ပေါ့။ ကျွန်တော်တို့ဆီမှာ ပထမသုံးတဲ့ ယူနစ် ၂ဝဝ အထိက ၇,၅ဝဝ ပဲ ပေးရတယ်။ ထပ်ပိုသုံးတဲ့ယူနစ်တွေကိုမှ တစ်ယူနစ်ကို ၅ဝ ကျပ်လိုက်ထပ်တိုးပေါ့။ သီရိလင်္ကာမှာက အဲ့ဒီလိုမဟုတ်ဘူး။ ပထမ ယူနစ် ၃ဝ သုံးရင် ကျပ် ၂ဝ နဲ့ ရတယ်၊ မြန်မာနိုင်ငံထက်တောင် ဈေးချို သေးတယ်။ အဲ့ဒီ ပထမယူနစ်ဆိုတာ ကျွန်တော်တို့နိုင်ငံက ဝင်ငွေနည်းတဲ့အိမ်ထောင်စုတွေအတွက် မီးလေး ၂ ပွင့်လောက်၊ ထမင်းချက်၊ တီဗီကြည့်တာလောက်နဲ့တော့ လုံလောက်တဲ့ လျှပ်စစ်ပမာဏပါ။ အိမ်အကြီးကြီးတွေနဲ့ လျှပ်စစ်ကို နင်းကန်သုံးမယ်ဆိုရင်တော့ ဈေးက ကြီးကြီးလာတာပေါ့။ ယူနစ်များများသုံးလေ ဈေးကြီးတဲ့နှုန်းတွေနဲ့ တစ်ယူနစ်ချင်းအလိုက်ကို ပေးရတာ။ အဲ့ဒီလိုလုပ်လိုက်တော့ စွမ်းအင်ကို သေသေချာချာ စနစ်တကျနဲ့ မဖြုန်းဘဲသုံးတဲ့သူတွေက ဈေးနှုန်းချိုချိုနဲ့ ရတယ်။ ဝင်ငွေမြင့်တဲ့သူတွေက လျှပ်စစ်ကို သုံးချင်သလောက်သုံး၊ ကျသလောက်တော့ ပေးကိုပေးရမယ်။ အဲ့ဒီလိုသာ စိစစ်မယ်ဆိုရင် ပြည်သူတွေလည်း ဈေးအများကြီး မပေးရဘူး၊ များများသုံးပြန်ရင်လည်း ပြည်သူ့ဘဏ္ဍာမဆုံးရှုံးဘဲ လျှပ်စစ်ကဏ္ဍကနေ အစိုးရကို ငွေ ပြန်ဝင်စေမယ်။ ဖြုန်းချင်သလောက်ဖြုန်း၊ များများပေးရမယ် ဆိုရင် ပြည်သူတွေမှာလည်း လျှပ်စစ်ကို အရမ်းသုံးဖို့ တွန့်သွားလိမ့်မယ်။ ဒီလို သေချာ စနစ်တကျနဲ့ ပြန်ရေးဆွဲ လိုက်မယ်ဆိုရင် ဝင်ငွေနည်းတဲ့ပြည်သူတွေအတွက် လျှပ်စစ်ဈေးနှုန်းက ဈေးပါပိုချိုသွားလောက်တယ်။

မေး -  လွှတ်တော်၊ အစိုးရအဖွဲ့တို့ကို စာတမ်းချပြတော့ တုံ့ပြန်မှုက ဘယ်လိုလဲ။

ဖြေ -  ဒီစာတမ်း တွေ့ရှိချက်အဖြေတွေကို အစိုးရကိုတင်ပြတာ သူတို့စိတ်ဝင်စားတာ ပြတယ်ခင်ဗျ။ အထူးသဖြင့် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာန၊ ပြည်နယ်နဲ့တိုင်းအစိုးရတွေကို တင်ပြတာ စိတ်ဝင်စားပါတယ်။ သူတို့ဘက်ကလည်း စိုးရိမ်တဲ့အချက်တွေကို ပြန်ပြောတာတွေ ရှိခဲ့တယ်။ ဆိုလာနဲ့လေအားကရတဲ့လျှပ်စစ်ကို အခုသုံးနေတဲ့ဓာတ်အားလိုင်းတွေထဲ ထည့်မယ်ဆိုရင် တည်ငြိမ်တဲ့လျှပ်စစ်ရဖို့ နည်းပညာလိုတယ်ပေါ့၊ ဒါက နည်းပညာအသစ်ကိုး။ လွှတ်တော်ပိုင်းဆိုရင် ဒါတွေဟာ မြန်မာနိုင်ငံမှာ တကယ့်ကို သုံးသင့်တယ်၊ သူတို့ အနေနဲ့ ဘာကူညီပေးရမလဲဆိုတဲ့ တုံ့ပြန်မှုမျိုး ရတယ်။ တစ်နိုင်ငံလုံး ဖွံ့ဖြိုးဖို့ရာမှာ မူဝါဒရေးရာတွေကို အဖက်ဖက်က ဝိုင်းကူညီပေးဖို့ လိုတယ်။ တံခါးဖွင့်ပြီးကြိုဆိုတဲ့ပုံစံဆိုတော့ ကျွန်တော်တို့လည်း ဝမ်းသာပါတယ်။

မေး - ကြိုဆိုတယ်လို့ပြောနေချိန်မှာ  ကျောက်မီးသွေး အသံတွေက ထွက်နေတယ် မဟုတ်လား။

ဖြေ -  အဲ့ဒါကြောင့် ကျွန်တော်တွေးမိတာက အခုအစိုးရက တစ်နှစ်သားပေါ့။ ဒီမိုကရေစီဆိုထဲက လူတိုင်းမှာ ကိုယ့်ယုံကြည်ရာကို၊ ကိုယ့်ယုံကြည်ချက်ကို အားလုံး ဆွေးနွေးနိုင်ဖို့က အဓိကပဲလေ။ ကျွန်တော်တို့အဖွဲ့နဲ့ လက်တွဲလုပ်နေကြသူတွေဆိုတာ တစ်နိုင်ငံလုံးနဲ့ယှဉ်ရင် သေးသေးလေး။ ကျွန်တော်တို့က သက်ဆိုင်ရာတွေကို အကြံပြု တင်ပြတယ်။ အဲ့ဒီလိုပဲ ပြည်သူတွေကလည်း ကိုယ်မလိုချင်တာ ပြတ်ပြတ်သားသား ငြင်းထုတ်ဖို့၊ လိုချင်တာကို ပြတ်ပြတ်သားသား တောင်းဆိုဖို့က အရေးကြီးပါတယ်။ ကျောက်မီးသွေးသုံးစက်ရုံတစ်ခု ထပ်တည်မယ်ဆိုရင်၊ ကျွန်တော်တို့ရော၊ ကျန်တဲ့ အဖွဲ့အစည်းတွေကရော၊ ပြည်သူတွေကရော နေအား၊ လေအားကနေ ထုတ်တဲ့ လျှပ်စစ်စက်ရုံတစ်ခု ဖြစ်ပေါ်လာဖို့ လုပ်ကြဖို့ မလိုဘူးလား။ အဲ့ဒီလိုဖြစ်လာဖို့ အားလုံးဝိုင်းတောင်းဆိုဖို့ လုပ်ကြစို့လား။

မေး -  နေအား၊ လေအားသုံး နည်းပညာသစ်တွေအတွက်  ပညာရှင်တွေရော အဆင်သင့်ဖြစ်နေပြီလားဗျ။

ဖြေ -  ရှိသလားဆိုရင် နည်းသေးတယ်ခင်ဗျ။ ဒီအချက်ကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ပြည်တွင်းမှာ စီမံကိန်းတစ်ခုလုပ်ပြီဆိုရင် ပြည်တွင်းအလုပ်ကိုင် အခွင့်အလမ်း များပြားရေး ဆိုတာလည်း ပါသင့်တာပဲလေ။ ကျွန်တော်တို့နိုင်ငံက လျှပ်စစ်အင်ဂျင်နီယာတွေ ပေါပါတယ်။ တည်ဆောက်ရေးနဲ့ တပ်ဆင်ရေးမှာတော့ အဆင်ပြေနိုင်တယ်။ ဒါပေမယ့် ပြုပြင်ရေး၊ ထိန်းသိမ်းရေးနဲ့ ရေရှည်စောင့်ကြည့်ရေး အတွက် ဆိုရင်တော့ ပြည်တွင်းက ပညာရှင်တွေကို တဖြည်းဖြည်း လေ့ကျင့် သင်ကြားပေးဖို့က အရမ်း အရေးကြီးပါတယ်။ ကျွန်တော်တို့ စာတမ်းက တွက်တာ မမှားရင် နောက်ထပ် ၃၃ နှစ်အတွင်း ပြန်ပြည့်မြဲစွမ်းအင်ကြောင့် အလုပ်အကိုင် အခွင့်အလမ်းပေါင်း သန်းနဲ့ချီ ထွက်လာလိမ့်မယ်။ အဲ့ဒီအတွက် ပညာရှင်တွေ အများကြီး ထွက်ပေါ်လာဖို့ လိုပါတယ်။

မေး -  တချို့ပညာရှင်တွေက မြန်မာနိုင်ငံမှာ လျှပ်စစ်ကဏ္ဍအတွက် သီးသန့် စီမံချက်တွေ၊ စီမံကိန်းတွေ မရှိသေးဘူးလို့ ဆိုကြတယ်။  ဒါက အဓိက အားနည်းချက်တစ်ခုလို့ ယူဆနိုင်သလား။

ဖြေ -  ယူဆပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍအတွက် အဓိက Master Plan က စာမူကြမ်း အဆင့်မှာပဲ ရှိနေသေးတယ်။ မြန်မာနိုင်ငံမှာ ဦးတည်ချက် မရှိသေးတဲ့အခါ ရင်းနှီးမြုပ်နှံမှုတွေကလည်း နည်းနည်း တန့်သွားစေတယ်။ ပြည်သူတွေမှာလည်း အစိုးရက ဘာလုပ်မယ်ဆိုတာ သေသေချာချာ မသိကြတော့ဘူး။

မေး -  ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ   ကျောက်မီးသွေးကနေ လျှပ်စစ် ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို  လျှော့ချလာကြပြီ။  ဟိုဘက်မှာ ဈေးကွက်ပျောက်လာလို့ အာရှဘက်ကို ရွှေ့လာတဲ့သဘောမျိုး ဖြစ်မနေဘူးလား။

ဖြေ -  လုံးဝကို မှန်ပါတယ်။ ရှင်းရှင်းပြောရရင် သူများနိုင်ငံတွေမှာ အိမ်အသစ်ဆောက်လို့ ဖျက်လိုက်တဲ့ ဟာတွေနဲ့ ကိုယ့်နိုင်ငံမှာ အိမ်အဟောင်းကို လာပြန်ဆောက်သလိုပဲ။ အနောက် ဥရောပရော၊ အမေရိကရော ကျောက်မီးသွေးကို လျှော့ချလာနေပြီ။ အဲ့ဒီလို ကျောက်မီးသွေးဈေးကွက်က မရှိတော့တဲ့ အခါကျတော့ သန့်စင်ကျောက်မီးသွေးနဲ့ လျှပ်စစ်ထုတ်ဖို့ လျှပ်စစ် အမြန်လိုနေတဲ့နိုင်ငံတွေကို ကျောက်မီးသွေးနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်တဲ့ အဖွဲ့အစည်းအကြီးကြီးတွေက အရမ်းကို အားစိုက်လုပ်ဖို့ကြိုးစားနေကြတယ်၊ မက်လုံးတွေနဲ့ပေါ့။ အကြောင်းရင်းကတော့ ဟိုဘက်က တခြားဘယ်နိုင်ငံကမှ သူတို့တွေကို လက်ခံတော့မှာ မဟုတ်တဲ့အတွက် အရှေ့တောင်အာရှ၊ အာဖရိကနိုင်ငံတွေကို ကျောက်မီးသွေးမှ ကျောက်မီးသွေးဆိုပြီး လှုံ့ဆော်တာတွေ ခံနေကြရတာပါ။    ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading