လူထုအားကိုးတဲ့လွှတ်တော်ကို ပုံရိပ်ကောင်းစေချင်တယ် (အင်တာဗျူး)

မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူ (ဓာတ်ပုံ - ကိုစိုင်း)

မော်လမြိုင် - ပြည်သူများ ယုံကြည်အားကိုးကြသည့် လွှတ်တော်တွင် အဂတိလိုက်စားမှု ကင်းစင်ရေးက လွန်စွာ အရေးကြီးကြောင်း မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံရာတွင် အသက် ၃၆ နှစ်အရွယ် ဦးအောင်ကျော်သူက မွန်ပြည်နယ်လွှတ်တော် ရုံးဝန်ထမ်းများကြား စစ်ဆေးခဲ့ရသည့် အဂတိလိုက်စားမှုဆိုင်ရာ တိုင်ကြားချက်တစ်ခုအကြောင်း ပြောပြထားသည်။

မေး။   ။ တိုင်ကြားစာကော်မတီရဲ့ လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အဆင်ပြေရဲ့လား။  

ဖြေ။     ။  ကော်မတီရဲ့ လုပ်ငန်း ဆောင်တာတွေကို လွှတ်တော်ဥပဒေ၊ နည်းဥပဒေအရ လုပ်ဆောင်တဲ့ အခါ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ညှိနှိုင်းတဲ့အခါမှာ အရမ်းအားနည်းခဲ့တယ်။  နောက်ပိုင်းမှာ အစည်းအဝေးတွေမှာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ကျွန်တော်တို့ သိလိုတဲ့ အချက်တွေ၊ အထောက်အထားတွေကို သူတို့ကို ဆက်သွယ်ပြီး ရယူနိုင်တယ် ဆိုတဲ့အကြောင်း လွှတ်တော် နည်းဥပဒေ ၆၇ မှာ ပြဋ္ဌာန်းထားပြီးသားဖြစ်တဲ့ အတွက် သူတို့နားရည်ဝအောင် အမြဲတမ်းပြောနေရင်းနဲ့ ခုနောက်ပိုင်း တစ်နှစ်ကျော်တဲ့အခါမှာ ပေါင်းစပ် ညှိနှိုင်းရာမှာလည်း အများကြီး အဆင်ပြေလာတယ်။ ဌာနဆိုင်ရာပိုင်းမှာလည်း အဆင်ပြေလာတာကို တွေ့ရပါတယ်။

မေး။   ။  ငယ်ရွယ်သူတစ်ဦးကို လွှတ်တော်ကော်မတီတစ်ခုရဲ့ ဥက္ကဋ္ဌနေရာ ပေးတာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။     ။ ရွေးကောက်ပွဲပြီးကတည်းကနေ ဒီနေ့အထိကို ကိုယ်ပိုင် နားရက်ဆိုတာ မရှိခဲ့ဘူး။ ကိုယ့်ရဲ့ မဲဆန္ဒနယ်မှာ ပြည်သူတွေဖြစ်ပျက်နေတဲ့ အခက်အခဲတွေကို ကွင်းဆင်း ဆောင်ရွက် တာတို့၊ နောက်ပြီးတော့ မဲဆန္ဒရှင် ပြည်သူတွေနဲ့ ပေါင်းစပ်ဆောင်ရွက်တဲ့ကိစ္စတွေ အများကြီး လုပ်ခဲ့တယ်။ ဒါတွေကိုကြည့်ပြီး ပေးတာမျိုးလည်း ဖြစ်မှာပေါ့။ တိုင်ကြားစာကော်မတီ ဆိုတော့ ကွင်းဆင်းရမယ်၊ သွားရမယ်၊ လာရမယ်ဆိုတော့ လူငယ်လည်းဖြစ်၊ အမျိုးသားလည်းဖြစ်တယ်ဆိုတော့ ဒီအပေါ်အခြေခံပြီးတော့ ရွေးတာဖြစ်မယ်လို့လည်း ထင်ပါတယ်။

မေး။   ။ ကော်မတီအနေနဲ့ အားရကျေနပ်စရာကောင်းတဲ့ လုပ်ဆောင်ချက် ဘာတွေရှိပါသလဲ။

ဖြေ။     ။  မြေယာကိစ္စတွေနဲ့ပတ်သက်ပြီးတော့ အလွဲသုံးစား လုပ်ထားတယ်။ မြေယာအကွက်ရိုက်ပြီး ရောင်းတဲ့ ကိစ္စရပ်မျိုးတွေမှာ ကွင်းဆင်းဆောင်ရွက်စစ်ဆေးပြီးတော့ ပြည်နယ် အဆင့်မှာ ညှိနှိုင်းဆောင်ရွက်လို့ အဆင်မပြေတဲ့ကိစ္စရပ်တွေမှာ ပြည်ထောင်စု အဂတိတိုက်ဖျက်ရေး ကော်မရှင်အထိ တင်ပြပြီးတော့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အပြစ်ပေး အရေးယူခဲ့တာတွေရှိပါတယ်။ ပြည်သူတွေရဲ့ နစ်နာမှုတွေကို လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ထဲကနေပြီးတော့ အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ တာတွေ ရှိပါတယ်။

တိုင်ကြားစာကော်မတီကို တစ်နှစ်ခွဲကျော်ကာလမှာ လိပ်မူပြီးတိုင်ကြာစာပေါင်း ၈ဝဝ ကျော် ရှိပါပြီ။ လွှတ်တော်ကိုလာတဲ့ တိုင်ကြားစာမိတ္တူ၊ လွှတ်တော်ဥက္ကဋ္ဌကနေပြီးတော့ ပြန်ပြီး လွှဲပြောင်းပေးတဲ့ တိုင်ကြားစာပေါင်းဆို ၁,၂ဝဝ၊ ၁,၃ဝဝ ဝန်းကျင်လောက် ရှိနေပါပြီ။ ကိစ္စတော်တော်များများကိုလည်း ကော်မတီက အကြွေးမထားဘဲ ဖြေရှင်းပေးနေပါတယ်။

မေး။   ။ မွန်ပြည်နယ်လွှတ်တော်မှာ ဝန်ထမ်းအသစ်ခန့်ထားရေးနဲ့ ပတ်သက်ပြီး တိုင်ကြားချက် ရှိတာကြောင့် ကော်မတီက စစ်ဆေးခဲ့ရတယ်လို့ သိရပါတယ်။  အဲဒါက ဘယ်လိုဖြစ်တာလဲ။

ဖြေ။     ။ အငယ်တန်းစာရေးခန့်မယ်ဆိုပြီးတော့ ဝန်ထမ်းခေါ်တော့  ၁၂ဝ ကျော် လာဖြေကြတယ်။ ရေးဖြေ၊ နှုတ်ဖြေ အဆင့်ဆင့်ဖြေကြရတယ်။ ဖြေပြီးတော့ သူ့ရဲ့ သတ်မှတ်ချက် အရည်အချင်းနဲ့ ကိုက်ညီတဲ့သူတွေထဲက ၉ဦးကိုရွေးချယ်လိုက်တယ်။ အဲဒီအထိက အားလုံး အဆင်ပြေပါတယ်။ အောင်စာရင်းထွက်ပြီးတဲ့ အချိန်မှာ စပြီးတော့ ပြဿနာတက်တယ်။ ပြဿနာ တက်တာက၂လခစာ ၃သိန်းဆိုပြီးတော့ တောင်းခံတယ်ဆိုပြီးတော့ ဇင်မင်းလှိုင်က ဆရာတော် ရှင်စန္ဒာဇောတိဆီက ငွေသွားချေးတယ်။ ဆရာတော်က အလုပ်ရပြီး ဘာကြောင့် ငွေလိုတာလဲလို့ မေးတယ်၊ သူက လူကြီးတွေကို ကန်တော့ရမှာဖြစ်တယ် ဆိုပြီးတော့ ပြောတယ်။ တိုင်ကြားသူ ဇင်မင်းလှိုင်ကနေပြီးတော့ သူ့ဆရာတော်ကို ငွေရေးကြေးရေး အကူအညီ သွားတောင်းတယ်၊ ဆရာတော်ကလည်း ပရဟိတလုပ်နေတဲ့ ဘုန်းကြီး ဖြစ်တာကြောင့် ငွေကြေးကူညီစရာမရှိဘူး ဆိုပြီး သူနဲ့ သိကျွမ်းတဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးမင်းထင်အောင်ကို ဖုန်းနဲ့ဆက်ပြီးတော့ ပြောကြားတယ်။ ဝန်ကြီးက စာတင်ပြီးတိုင်ပါလို့ ပြန်ပြောတယ်။ စာတင်ခြင်းအားဖြင့် ဒီကလေးက ၃ရက်မြောက်တဲ့နေ့မှာ အလုပ်ဝင်ရတော့မှာဖြစ်တာကြောင့် အချိန်ကို မစောင့်နိုင်တော့တာကြောင့် ဆိုရှယ်မီဒီယာမှာ တင်လိုက်တာကနေစပြီးတော့ ပြဿနာက စတာပါ။

မေး။   ။  ဝန်ထမ်းစာမေးပွဲ အောင်မြင်သူ ၉ဦးလုံးကို တောင်းခံထားတာလား။

ဖြေ။     ။ သူတို့ရဲ့ ထွက်ဆိုချက်အရတော့ ဒီကိစ္စမှာ ပါဝင်တာက ၅ယောက်ပေါ့နော်။ လူချင်းတွေ့တာလည်း ရှိတယ်၊ တယ်လီဖုန်းနဲ့  သူတို့အချင်းချင်း တိုင်ပင်ကြတာတော့ ဝန်ထမ်းအသစ် ၅ ယောက်ပေါ့၊ ငွေကြေးကတော့ ပေးခဲ့ခြင်း မရှိသေးပါဘူး၊ ပေးဖို့ ငွေစုနေတဲ့အချိန်မှာပဲ ဒီကိစ္စရပ်က ဖြစ်လာတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ တက်လာတဲ့ အချိန်မှာပဲ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့က တိုင်ပင်ပြီး လွှတ်တော်ရဲ့ ပုံရိပ်ကို ထိခိုက်တဲ့အတွက် ဒါကို အမြန်ဆုံးဆောင်ရွက်ပါဆိုတဲ့ အချိန်မှာ လွှတ်တော်ဥက္ကဋ္ဌရဲ့ တာဝန်ပေးချက်အရ လွှတ်တော် ဒုတိယဥက္ကဋ္ဌက ဆရာတော်ဆီသွားပြီးတော့ အကျိုးအကြောင်း မေးမြန်းတာတွေ၊ ဒီဟာကို အမြန်ဆုံး ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိကိုပေးခဲ့တယ်။ လွှတ်တော်ဥက္ကဋ္ဌက ၆ရက်နေ့၊ ဇူလိုင်လမှာ တိုင်ကြားစာကော်မတီကို ဒီကိစ္စ စုံစမ်းစစ်ဆေးပေးပါဆိုပြီး တာဝန်ပေးတာပါ။

မေး။   ။ ဒီအရာရှိ ငွေတောင်းတယ် ဆိုတဲ့ အမှုနဲ့ ပတ်သက်ပြီး  လွှတ်တော် ဝန်ထမ်းအဆင့်ဆင့်မှာ တာဝန်ရှိတယ်လို့ ယူဆပါသလား။

ဖြေ။     ။ ဒီလိုကိစ္စရပ်မျိုးကို သူတစ်ယောက်တည်းအတွက် ကျူးလွန်တယ်လို့ စဉ်းစားခြင်းအားဖြင့် သူသည် ဘယ်သူမှ မသိအောင် တိတ်တဆိတ်လုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီကိစ္စမှာ ကျွန်တော်တို့ စစ်ဆေး တွေ့ရှိချက်အရတော့ ဒီဂါဝရပြုဖို့ဆိုတဲ့ လာဘ်ငွေကို ယူခြင်း၊ မယူခြင်းထက် ဒီကိစ္စရပ်ကို ဆွေးနွေးတာက လွှတ်တော်ရုံးမှာပဲ ဆွေးနွေးတယ်၊  ဒီလိုဆွေးနွေး နေချိန်မှာ တချို့သော ဝန်ထမ်းတွေလည်း ရှိနေတယ်၊ ရှိနေတဲ့အတွက်ကြောင့် ဒီလာဘ်ငွေတောင်းခံမှုသည် သူ့တစ်ယောက်တည်းအတွက် တောင်းခံတယ်လို့ ယူဆလို့ မရပါဘူး။

နိုင်ငံဝန်ထမ်းတစ်ယောက်အနေနဲ့ ဒီလို အဂတိလိုက်စားတဲ့ ကိစ္စရပ်မျိုးကို ငြင်းပယ်ခြင်း၊ တားမြစ်ခြင်းမျိုး လုပ်ကိုလုပ်ရမယ်။ ကိုယ့်ရဲ့ အထက်လူကြီးကို ကန်တော့တာပဲဖြစ်ဖြစ်၊ ကိုယ့်ကို လက်ဆောင်ပေးတာပဲဖြစ်ဖြစ်၊ ဒီဟာကို သူကိုယ်တိုင်ကနေပြီးတော့ တားမြစ်တာတွေ၊ ငြင်းပယ်တာတွေလုပ်ရမယ်။ ဒါပေမယ့်ဒါကို မလုပ်ခဲ့ဘူး။ အဲဒါကတော့ ကျွန်တော်တို့ စိစစ်တွေ့ ရှိရတဲ့ အချက်တွေထဲမှာ အခိုင်အမာပြောဆိုလို့ရပါတယ်။

မေး။   ။ ဒီကိစ္စကို စုံစမ်းစစ်ဆေးတဲ့ကော်မတီကို ဘယ်လို ဖွဲ့စည်းထားပါသလဲ။

ဖြေ။     ။ တိုင်ကြားစာကော်မတီက ကော်မတီဝင် ၁၁ ယောက်လုံး ပါဝင်ပါတယ်။ ဒီကိစ္စရပ်က နိုင်ငံ့ ဝန်ထမ်းလည်း ဖြစ်တဲ့ အတွက် အမှားအယွင်း အနည်းဆုံးနဲ့ အမှန်ကန်ဆုံးဖြစ်အောင် လို့ ဥပဒေပြုရေး ကော်မတီက တရားလွှတ်တော်ရှေ့နေဦးစစ်ထွန်းကို ဖိတ်ပြီးတော့ အကူအညီတောင်းခံ ထားပါတယ်။ ပြီးတော့ ဒီကိစ္စရပ်မှာ ဝန်ထမ်းအသစ်တွေရော၊ အဟောင်းတွေရော အပါအဝင်၊ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင်၊ လွှတ်တော်ရုံး ဒုတိယညွန်ကြားရေးမှူးနဲ့ လက်ထောက်ညွန်ကြားမှူး အပါအဝင် ဝန်ထမ်းပေါင်း ၁၄ ယောက်ကို တွေ့ဆုံမေးမြန်းခဲ့ ပါတယ်။

မေး။   ။ အလားတူကိစ္စရပ်မျိုး လွှတ်တော်မှာ ဖြစ်ခဲ့ဖူးပါသလား။

ဖြေ။     ။  လက်ရှိကတော့ တိုင်ကြားစာထဲမှာပါတဲ့ အချက်အလက်တွေကို အဓိက စစ်ကြတာပေါ့။ စစ်ဆေးရင်းနဲ့ အမှုနဲ့ပတ်သက်တဲ့ ကွင်းဆက်လို့ ပြောလို့ရတဲ့ အချက်တချို့ကိုပါ တွေ့ရှိခဲ့ရပါတယ်။   ဒါကလည်း ပါးစပ်ပြောလိုသဘောမျိုး ဖြစ်နေတယ်၊ ကာယကံရှင်ကိုယ်တိုင်က တိုင်ကြားလာခဲ့ရင်တော့ စုံစမ်းရမယ့် အနေအထားမှာ ရှိနေပါတယ်။

မေး။   ။ စိစစ်တွေ့ရှိချက်တွေကို ဘယ်တွေကို ပေးပို့သွားဖို့ ရှိပါသလဲ။

ဖြေ။     ။  စိစစ်တွေ့ရှိချက်တွေကို ကျွန်တော်တို့ကို တာဝန်ပေးထားတဲ့ လွှတ်တော်ဥက္ကဋ္ဌဆီ ပေးပို့သွားရမယ်။ ပေးပို့ပြီးတဲ့ အချိန်က စပြီး ကျွန်တော်တို့ရဲ့ တာဝန်က ပြီးဆုံးသွားပါပြီ။ (စုံစမ်းစစ်ဆေးခံရတဲ့ အရာရှိက) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဖြစ်တဲ့အတွက် မွန်ပြည်နယ်အစိုးရကို သော်လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနကိုသော်လည်းကောင်း၊ လွှတ်တော်ရုံးမှာ ဖြစ်သွားတဲ့ ကိစ္စရပ် ဖြစ်တဲ့ အတွက် ပြည်ထောင်စုလွှတ်တော်က ညွန်ကြားမှူးချုပ်ထံကို တင်သွင်းသွားဖို့ လွှတ်တော်ဥက္ကဋ္ဌကို အကြံပြုထားပါတယ်။ အဓိက ပြောချင် တာကတော့ ဒီလိုအဂတိဆန်တဲ့ ကိစ္စရပ်မျိုးကို လွှတ်တော် အဆောက်အဦထဲမှာ ဆွေးနွေးတာ ဆိုတဲ့ ဟာကတော့ အင်မတန်မှ စိတ်မကောင်းစရာ၊ ရင်လေးစရာ ကိစ္စရပ်မျိုးဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လွှတ်တော် ဆိုတဲ့နေရာ၊ အဆောက်အဦက  ပြည်သူကို ကိုယ်စားပြုတဲ့နေရာ ဖြစ်ပါတယ်။ ပြည်သူတွေအားလုံးကလည်း လွှတ်တော်ဆိုတဲ့နေရာကို ကျန်တဲ့ နေရာတွေထက်စာရင် ပိုပြီးတော့ ယုံကြည်မှု ရှိတယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်။ ပြည်သူတွေ ယုံကြည်တဲ့ ဒီလွှတ်တော်ကိုမှ ဒီလိုဖြစ်နေတယ်ဆိုတဲ့ ကိစ္စရပ်ကတော့ အင်မတန်ကိုမှ သက်ဆိုင်ရာ ဌာန အသီးသီးကနေပြီးတော့ အထူးအလေးထား ဆောင်ရွက်ရမယ့်ကိစ္စလို့ ပြောချင်ပါတယ်။      ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading