သတင်း

ဝန်ထမ်း၂ ဦး သတ်ဖြတ်မီးရှို့ခံရမှု Save the Children အတည်ပြု 

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး စစ်ကောင်စီတပ်က ပြည်သူ ၃၅ ဦးထက်မနည်းကို မီးရှို့သတ်ဖြတ်ခဲ့ရာတွင် ၎င်းတို့၏ ဝန်ထမ်းနှစ်ဦးလည်း ပါဝင်ကြောင်း နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ဖြစ်သည့် Save the Children က ယနေ့(ဒီဇင်ဘာ ၂၈) တွင် သတင်းထုတ်ပြန်သည်။

၃၂ နှစ်အရွယ် ဝန်ထမ်းမှာ ၁၀ လအရွယ် သားယောက်ျားလေး၏ ဖခင်ဖြစ်ကြောင်း၊ ၂၈ နှစ်အရွယ် ဝန်ထမ်းမှာ ၃ လအရွယ် မိန်းကလေး၏ ဖခင်ဖြစ်ကြောင်း ကလေးသူငယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Save the Children က ဆိုသည်။

“ဘေးကင်းလုံခြုံရေး အခြေအနေအရပ်ရပ်ကြောင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်အသေးစိတ်ကို ဖော်ပြမည်မဟုတ်ပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အနီးအနားရှိ ရပ်ရွာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်အပြီး တာဝန်ထမ်းဆောင်ရာရုံးသို့ ပြန်စဉ် ဝန်ထမ်းနှစ်ဦး ယင်းတိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရသည်ဟု Save the Children က ပြောသည်။ 

“ဤသတင်းသည် အင်မတန်မှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်သည်။ အပြစ်မဲ့ပြည်သူများနှင့် အကူအညီပေးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဝန်ထမ်းများအပေါ် အကြမ်းဖက်မှုကျူးလွန်ခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်မဟုတ်ပါ” ဟု Save the Children ၏ အမှုဆောင်ချုပ် Inger Ashing က ပြောကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝန်ထမ်းနှစ်ဦး မီးရှို့သတ်ခံရသည့်ဖြစ်စဉ်ကို ဆက်လက်စုံစမ်းလျက်ရှိပြီး ၎င်းတို့၏ ဝန်ထမ်းများအားလုံးနှင့် ထိုဖြစ်စဉ်တွင် ထိခိုက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်တို့အတွက် အကူအညီများရရန် လုပ်ဆောင်လျက်ရှိကြောင်း Save the Children က ဆိုသည်။

“ဤဖြစ်ရပ်သည် ယခုတစ်ကြိမ်တည်းဖြစ်ပွားခြင်းမဟုတ်ပါ။ မြန်မာနိုင်ငံရှိ ပြည်သူများသည် တိုးမြင့်လာသော ဆိုးရွားစွာအကြမ်းဖက်မှုများတွင် ဆက်လက်ပစ်မှတ်ထားခံနေရပြီး ယင်းဖြစ်ရပ်များသည် ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရန် လိုအပ်နေသည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်ရဲများဖြင့် ဖွဲ့စည်းထားသော ကရင်နီပြည်ရဲဌာန(KSP) ကလည်း ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီက ပြည်သူများကို မီးရှို့သတ်ဖြတ်မှုအတွက် စုံစမ်းလျက်ရှိပြီး လူပျောက်တိုင်ကြားနိုင်ကြောင်း ဒီဇင်ဘာ ၂၇ တွင် ကြေညာထားသည်။

ထိုအမှုနှင့် ပတ်သက်၍ လက်ရှိအထိ KSP ထံ ၃၇ ဦးနှင့် ပတ်သက်ပြီး လာရောက်တိုင်ကြားထားကြောင်း၊ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃၅ ဦး ပါဝင်ကြောင်း KSP ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။

“ဒီထက်ပိုသိရအောင်လို့လဲ စုံစမ်းစစ်ဆေးရေးတွေ ဆက်လုပ်နေပါသေးတယ်။ အခုထိ စိစစ်နေဆဲဖြစ်တဲ့အတွက် (အသေးစိတ်) တော့ သေချာမပြောပြနိုင်သေးပါဘူး။ သိရင် ချပြသွားဖို့ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညား၏ ပြောပြချက်အရ ယနေ့နံနက်တွင် မိုဆိုကျေးရွာအနီးရှိ မီးသင့်ရုပ်အလောင်းများကို KNDF အကူအညီဖြင့် သွားရောက်သယ်ဆောင်ခဲ့ပြီး လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းထားနိုင်ပြီဟု သိရသည်။

စစ်ကောင်စီကမူ ထိုနေ့က ထိုနေရာတွင် မော်တော်ယာဉ် ၇ စီးက ရပ်ပေးရန် ငြင်းဆန်သဖြင့် ပစ်ခတ်ခဲ့ကြောင်း နေ့တွင်းချင်း သတင်းထုတ်ပြန်ထားသည်။ မီးရှို့သည်၊ အလောင်းဖျောက်သည် ဟူသော အချက်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြခြင်း မရှိပေ။

ဖရူဆိုမြို့ပြင် အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်မှုလုပ်ရပ်သည် စစ်ရာဇဝတ်မှုဖြစ်သောကြောင့် ကမ္ဘာ့နိုင်ငံများက အမြန်ဆုံးအရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းသင့်ကြောင်း လက်နက်ကိုင် ညီနောင်မဟာမိတ်သုံးဖွဲ့က ထိုဖြစ်ရပ်အပြီး ၃ ရက်အကြာတွင် တောင်းဆိုလိုက်သည်။

လူသားမျိုးနွယ်စုအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေခြင်းဖြစ်သောကြောင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button