သတင်း

ကလေးမြို့ပြင်တိုက်ပွဲတွင် အရပ်သား ၉ ဦးထက်မနည်း သေဆုံး

ယမန်နေ့ (ဒီဇင်ဘာ ၂၃) တွင် စစ်ကောင်စီ၏ လေတပ်၊ ကြည်းတပ်တို့က စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ နတ်ချောင်းရွာကို ပစ်ခတ်ရာ အရပ်သား ၉ ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။  

ရွာအထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်နှင့် နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် စစ်တပ်ရဟတ်ယာဉ် ၂ စီး ရောက်လာကြောင်း People Defense Force (Kalay) အဖွဲ့က ပြောသည်။

နေ့လယ်ပိုင်းတွင်မူ သေသေဆုံးသူမှာ ၅ ဦးရှိသည်ဟု သူက ပြောသည်။

“၅ ဦးမှာ ၄ ဦးက ရွာထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်သတ်ခံရတယ်၊ နေ့ခင်းဘက်တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာ ရဟတ်ယာဉ်က ပစ်တဲ့ ကျည်ထိပြီး ( ၁ ဦး) သေတယ်လို့ သိရတယ်” ဟု PDF (Kalay) အဖွဲ့ဝင်တစ်ဦးက ပြောသည်။  

သေဆုံးသူအရေအတွက်မှာ ၉ ဦးအထိ ရှိလာကြောင်း၊ သေဆုံးသူတို့ထဲတွင် ဦးမောင်ကြည်၊ ဒေါ်ဌေးမ၊ ဦးအေးကို၊ ကိုဖိုးအေးတို့လည်း ပါဝင်သည်ဟု သိရကြောင်း သူက ညနေပိုင်းတွင် ပြောသည်။  

စစ်ကောင်စီတပ်စွဲထားရာ နတ်ချောင်းအထက်တန်းကျောင်းရှေ့မှ ဆိုင်ကယ်နှင့် ဖြတ်သွားသည့် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရသည်ဟု သူက ပြောသည်။  

ရွာသားများ ကျည်ထိသေဆုံးခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

ဝေဟင်၊ မြေပြင်မှ ပြင်းပြင်းထန်ထန် ပစ်ခတ်နေချိန်တွင် ဒေသခံအများစု ပိတ်မိနေဆဲဖြစ်သည့်အတွက် ထိခိုက်သေဆုံးသည့်အရေအတွက်မှာ သိထားသည်ထက် ပိုမိုများပြားနိုင်သည်ဟု နတ်ချောင်းရွာ ဒေသခံများက ဆိုသည်။  

သင်္ဂြိုဟ်ခွင့် ရလို

တိုက်ပွဲဖြစ်နေသော်လည်း ဒေသခံအများအပြား စစ်ဘေးရှောင်ရန် ခက်ခဲနေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။  

“မြို့ကြီးဘက်တက်မယ်ဆိုရင်လည်း သူတို့အထိုင်ချထားတဲ့ စခန်းရှေ့ဖြတ်ပြီး ထွက်ရမယ်ဆိုတော့ မထွက်နိုင်ဘူး။ မြစ်ကူးမယ်ဆိုလည်း ကူးတို့တွေက ပိတ်ထားတော့ မကူးနိုင်ဘူး။ အဲ့လိုနဲ့ ရွာထဲပိတ်မိနေတာ အများကြီး” ဟု နတ်ချောင်းရွာဒေသခံအမျိုးသားက ဆိုသည်။  

နတ်ချောင်းရွာတွင် စစ်တပ်က တပ်စွဲထားဆဲဖြစ်သည့်အတွက် အရပ်သားထိခိုက်မှုသတင်း ရရှိရန် မလွယ်ကူကြောင်း၊ ရုပ်အလောင်းများကိုလည်း ကောက်ယူလိုကြောင်း ဒေသခံများက ပြောသည်။ 

“သင်္ဂြိုဟ်ခွင့် အဲဒါလေး ရချင်တယ်။ အဲဒါအတွက်လေး တစ်ရက်နှစ်ရက်လောက် သူတို့ထွက်ပေးတယ်၊ အခွင့်အရေးပေးတယ်ဆိုရင်တော့ ပိုကောင်းမှာပေါ့ဗျာ” ဟု နတ်ချောင်းရွာဒေသခံ အထက်ပါ အမျိုးသားက ပြောသည်။   

ရဟတ်ယာဉ်လာရောက်တိုက်ခိုက်ချိန်တွင် ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များ နောက်ဆုတ်သွားကြောင်း၊ ညနေ ၆ နာရီဝန်းကျင်မှစ၍ နေအိမ်အချို့ မီးရှို့ခံခဲ့ရရာ ၅ လုံးခန့် မီးလောင်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။  

ကလေးမြို့နှင့် ၁၀ မိုင်ဝန်းကျင်အကွာ ထိုမာကျေးရွာရှိ နည်းပညာကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်က ယမန်နေ့ည ၁၁ နာရီဝန်းကျင်မှစ၍ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။ ဝေဘူလတောင်ကြောဘက်သို့ ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု ၎င်းတို့က ယူဆသည်။  

စစ်တပ်၏ ပစ်ခတ်မှုကြောင့် နတ်ချောင်းနှင့် နယ်မြေတစ်ဆက်တစ်စပ်တည်းရှိ နတ်မြောင်း၊ ချောင်းခွ စသည့် ရွာများမှ ဒေသခံ ရာထောင်ချီ စစ်ဘေးရှောင်နေရသည်။  

ရွာဘုန်းကြီးကျောင်းများ၊ နီးစပ်ရာကျေးရွာများ၊ တောတိုက်များတွင် ခိုလှုံနေသည်ဟု ဆိုသည်။ 

သက်ကြီးရွယ်အိုများ၊ မွေးကင်းစကလေးငယ်များ အပါအဝင် ဒေသခံတစ်ရာကျော်ခိုလှုံနေသည့် နတ်ချောင်းရွာတောင်ဘက် ရန်ကင်းဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က လက်နက်ကြီးကျည် တစ်ကြိမ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း အဆိုပါကျောင်းရှိ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။   

“ဘုန်းကြီးကျောင်းကိုလာလို့ လုပ်တယ်ဆိုရင်လည်း အစ်မတို့ကလည်း ကြောက်လို့ပြေးတယ်ဆိုတော့ ဘယ်တတ်နိုင်မလဲ။ သူတို့သတ်ရင်လည်း ခံရမှာပေါ့။ အကုန်လုံးလည်း ထိတ်ပျာပြီးတော့ ဘုန်းကြီးတွေကအစ ဆတ်ဆတ်တွေကို တုန်လို့ပဲ” ဟု ထိုကျောင်းတွင် ရှောင်တိမ်းနေရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။  

စစ်ကောင်စီ သတင်းထုတ်ပြန်မှု

ဒီဇင်ဘာ ၂၂ နံနက်ပိုင်းက နတ်ချောင်းကျေးရွာကို ဝင်ရောက်စီးနင်းသည့် စစ်တပ်က ဒေသခံ ၆ ဦးကို ဖမ်းဆီးပြီး နေအိမ်များကို ဝင်ရောက်မွှေနှောက်ကာ စာသင်ကျောင်းတွင် တပ်စွဲထားသည်။ 

နောက်တစ်နေ့နံနက်ပိုင်းတွင် ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။  

တိုက်ပွဲအတွင်း ၎င်းတို့ဘက်မှ ၁ ဦး ဒဏ်ရာရပြီး စစ်တပ်ဘက်မှ ၁၆ ဦးသေဆုံးကြောင်း၊ စစ်ကူလာသည့် ကား ၈ စီးပါ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၃ စီး ထိမှန်ပျက်စီးပြီး စစ်သား ၁၇ ဦး သေဆုံးကြောင်း PDF (Kalay) ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကိန်းဂဏန်းများကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။   

စစ်ကောင်စီကမူ နတ်ချောင်းရွာတိုက်ပွဲတွင် ဒေသခံကာကွယ်ရေးအဖွဲ့များဘက်မှ ၉ ဦး သေဆုံးသည်ဟု ဒီဇင်ဘာ ၂၄ ရက်စွဲနှင့် သတင်းထုတ်ပြန်ထားသည်။  

ထို ၉ ဦးမှာ အရပ်သားများသာဖြစ်ကြောင်း PDF (Kalay) က တုံ့ပြန်သည်။

ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ရွာကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းတွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။  

စစ်တပ်က ကျေးရွာစာသင်ကျောင်း၊ ဆေးရုံ အစရှိသည့်နေရာများတွင် ဆက်လက်တပ်စွဲနေပါက တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း PDF (Kalay) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဗစ်တာက ပြောသည်။  

ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများတွင် စစ်ရေးတင်းမာနေသည့်အတွက် ယခုရက်ပိုင်းအတွင်း ကလေး-ဂန့်ဂေါ လမ်းမကြီးကို မော်တော်ယာဉ်များဖြတ်သန်းသွားလာခြင်းမပြုရန် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် PDF  (Kalay) က သတိပေးထားသည်။  

လက်နက်စွဲကိုင်ခုခံမှု အားကောင်းရာဒေသများဖြစ်သည့် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း ကျေးရွာအချို့တွင် စစ်တပ်က ကြည်းကြောင်း၊ လေကြောင်းတို့မှ ထိုးစစ်ဆင်နေသည်။   

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button