"ကျွန်တော်တို့ အမြင်အရ ပြောရမယ် ဆိုရင် ဇေယျာဖြိုးဟာ ကွန်မင်ဒါ (အမိန့်ပေးသူ) ပဲ"

ဦးကိုနီအမှုတွင် တရားစွဲခံရသူများအနက် အဓိက အကျဆုံးသူမှာ ဇေယျာဖြိုးဖြစ်သည်ဟု အမှုစစ်ဆေးမှုများတွင် ပေါ်ပေါက်ကြောင်း တရားလိုရှေ့နေတစ်ဦးက သုံးသပ်သည်

Published on Feb 15, 2019
ဦးကိုနီအမှုတွင် လိုက်ပါဆောင်ရွက်ပေးခဲ့သူ ရှေ.နေဦးခင်မောင်ဌေး။ (ဓာတ်ပုံ။ Myanmar Now)
ဦးကိုနီအမှုတွင် လိုက်ပါဆောင်ရွက်ပေးခဲ့သူ ရှေ.နေဦးခင်မောင်ဌေး။ (ဓာတ်ပုံ။ Myanmar Now)

၂ဝ၁၇ ဇန်နဝါရီ ၂၉ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ ရန်ကုန်လေဆိပ်တွင် လုပ်ကြံခံရမှုကို ၂ နှစ်ကြာ စစ်ဆေးပြီးနောက် စွပ်စွဲခံရသူ ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ကို သေဒဏ်နှင့် ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ် အသီးသီး ချမှတ်လိုက်ပြီဖြစ်သည်။

တရားစွဲခံရသူ ၅ ဦး ထဲတွင် လုပ်ကြံမှုဖြစ်မြောက်ရေး အမိန့်ပေး စေခိုင်းသူ၊ ငွေကြေး ထောက်ပံ့သူမှာ ဇေယျာဖြိုးဖြစ်သည်ဟု သက်သေ အယောက်တစ်ရာကျော်ကို စစ်ဆေးပြီး ပေါ်ပေါက်လာသည့် အချက်တို့ကို လေ့လာပြီး တရားလိုရှေ့နေတစ်ဦးဖြစ်သူ ဦးခင်မောင်ဌေးက သုံးသပ်လိုက်သည်။

အမှုကို စီရင်ချက်မချမီ ရက်ပိုင်းအလိုက Myanmar Now နှင့် တွေ့ဆုံစဉ် ဦးခင်မောင်ဌေးက အမှု စစ်ဆေး ပေါ်ပေါက်ပုံ၊ တရားစွဲအဖွဲ့အစည်းနှင့် တရားရုံး အနေအထားတို့အကြောင်း ပြောပြထားသည်။

မေး -  ကြည်လင်းက ဦးကိုနီကို  လေဆိပ်မှာ ပစ်သတ်သွားတယ်၊ အမှုမှာ အောင်ဝင်းဇော် အောင်ဝင်းခိုင် ဇေယျာဖြိုးတို့ ပါဝင်ပတ်သက်တယ်၊ အမျိုးသားရေးအစွန်းရောက် စိတ်ဓာတ်ကြောင့် သတ်သွားတယ်ဆိုပြီး အစိုးရက ထုတ်ပြန်တယ်၊  ဒါပဲသိရတယ်။  နှစ်နဲ့ချီပြီး အမှုစစ်ဆေးလိုက်တော့ ဒီလူသတ်မှု ဘာကြောင့်ဖြစ်ရတယ် ဆိုတာကို တွေ့ရသလား။

ဖြေ - ဒီအမှုမှာ   ကိုကြည်လင်းက ပစ်သတ်လိုက်တယ် ဆိုတဲ့အကြောင်း မြင်သာပါတယ်၊ ဖြစ်ပြီးပြီးချင်းမှာလည်း ဦးကိုနီက ကလေးပွေ့ချီထားတယ်၊ ကြည်လင်းက သေနတ်နဲ့ ချိန်ထားတဲ့ပုံ (အွန်လိုင်းပေါ်) တက်လာတာပဲလေ။ ကြည်လင်း ဖမ်းမိပြီးတဲ့နောက်မှာ ဒီရဲ့ လက်သည်တွေ ဘယ်သူလဲလို့ စုံစမ်းတဲ့အခါကျတော့ ကိုကြည်လင်းက အစတည်းက ထွက်တယ်၊ မြင့်ဆွေ ဆိုတဲ့လူ ခိုင်းလို့ လုပ်ရတာပါ၊ ဒီလိုထွက်တယ်။

အမှုမှန်ပေါ်ချင်တော့ ကိုအောင်စိုး (အောင်ဝင်းဇော်၊ ကြည်လင်းတို့နှင့် ထောင်ထဲတွင် အတူနေခဲ့ဖူးသူ) ပေါ်လာတယ်။ ကိုအောင်ဝင်းဇော်ဟာ သူ့ကို လူသတ်မှုတစ်ခု လူမြင်ကွင်းမှာ ကျူးလွန်ဖို့ လာငှားခဲ့ဖူးတယ်။ အခု ကြည်လင်းကို မြင်လိုက်ရတဲ့အခါကျတော့ ကြည်လင်းကို နောက်ကနေ ကြီးကြပ်မယ့်၊ စောင့်ကြည့်မယ့်သူဟာ အောင်ဝင်းဇော်ပဲဖြစ်မယ် ဆိုပြီးတော့ သူက သက်သေထွက်တဲ့အခါကျတော့   သူပြောတဲ့ကိစ္စ မှန်သလား  လေဆိပ် CCTV (လုံခြုံရေး ရုပ်သံ မှတ်တမ်းတွေ) ပြန်ကြည့်တော့ ကြည်လင်းနဲ့ အောင်ဝင်းဇော် ကပ်နေတယ် ဆိုတဲ့ အကြောင်း ပါလာတယ်။

ကြည်လင်းက  ပြည်ပဆိုက်ရောက်၊ ထွက်ခွာ လေဆိပ်ကို ရောက်ဖူးတဲ့ပုံ မပေါ်ဘူး။  ဒီနေရာကို   လိုက်ပို့ပေးတဲ့ အောင်ဝင်းဇော် ရှေ့က သွားတယ်။ ဒါ CCTV ကင်မရာတွေမှာ အကုန် ပေါ်နေတာ။ နောက်ဆုံး ဦးကိုနီ ထွက်လာမယ့် ထွက်ပေါက် အထိ အောင်ဝင်းဇော် ရှေ့က သွားတယ်၊ ကြည်လင်း နောက်က လိုက်တယ်၊ ဒါတွေ ကျွန်တော်တို့က မြင်နေရပြီ။ ဒါကြောင့် ကြည်လင်းကို အနားကနေ ကြီးကြပ်နေတဲ့လူ အောင်ဝင်းဇော်။ သူတို့နှစ်ယောက် တစ်ကျိပ်တည်း၊ တစ်ဉာဏ်တည်း၊ တစ်ပူးပေါင်းတည်းပဲ။ မြင့်ဆွေဆိုတာ အောင်ဝင်းဇော်ပဲ ဆိုတာ ကျွန်တော်တို့ မြင်လာရတယ်။

နောက်ဆုံးအချိန်အထိ ကြည်လင်း ဘာပြောနေလဲ။ ခြိမ်းခြောက် အကြပ်ကိုင်ခံရလို့  သူ လူသတ်မှု ကျူးလွန်တာပါ။ ဒါကြောင့် ၃၀၂ နဲ့ အပြစ်ပေးပါလို့ ဒီလို လျှောက်လဲတယ်၊ တကယ်တော့ ကြိုတင် ကြံစည်ပြီးတော့မှ ဒီကိစ္စ ဆောင်ရွက်တယ် ဆိုတဲ့ကိစ္စ CCTV မှတ်တမ်းတွေအရ ပေါ်နေတယ်။    ခြိမ်းခြောက် အကြပ်ကိုင်ခံရလို့ သတ်ခဲ့တယ်ဆိုရင် သူပြောသလိုပဲ ပေါ့ဗျာ  သတ်ပြီးရင် သူ့တာဝန်ကျေပြီ၊ ဒီလိုဆိုရင် သူ့လုပ်ပြီးတဲ့နောက်မှာ သေနတ်ကြီး မလိုတော့ဘူး။ အောက်ချထားပြီး လစ်သွားလို့ရပြီ။ သို့သော် သေနတ်ကို ယူပြီးတော့ သူသွား နေတယ်။ သတ်လိုက်လို့ မင်းတာဝန်ကျေပြီ ဆိုတဲ့ အချိန်မှာ  သေနတ်ချထားရင် ကိုနေဝင်း (သေနတ်သမားကို ဟန့်တားသူ အငှားယာဉ်မောင်း) ထပ်မသေဘူး။   အဲ့ဒီတော့ ဒီထဲမှာ ကြည်လင်းနဲ့ အောင်ဝင်းဇော် ပါနေတယ်ဆိုတာ အင်မတန် သေချာနေတယ်၊ ဒါ ကျွန်တော်တို့ မြင်နေရတာပါ။  နောက်တစ်ချက် (တရားခံပြေး) ကိုအောင်ဝင်းခိုင်ဟာ သူတို့မရောက်ခင် ၂ နာရီလောက် စောပြီးတော့ လေဆိပ်ကို ရောက်နေတယ်၊ တယ်လီဖုန်းမှတ်တမ်းတွေ ရှိတယ်။

CCTV နဲ့ တယ်လီဖုန်းမှတ်တမ်းတွေ တွဲလိုက်တဲ့အခါကျတော့ အောင်ဝင်းခိုင် ခေါ်လို့ အောင်ဝင်းဇော်နဲ့ ကြည်လင်း ရောက်လာတယ်၊ ဒီကိစ္စဖြစ်ပြီးသွားချိန်အထိ ဒီလေဆိပ်မှာ အောင်ဝင်းခိုင် ရှိနေတယ်။ နောက်မှ ဘယ်လိုထွက်သွားလဲ ဆိုတာ ကျွန်တော်တို့က မမြင်လိုက်ရတဲ့ အနေအထား။ အတူတူ ပူးပေါင်း ကြံစည်ပြီးတော့ ဖြစ်တဲ့အချိန်မှာ သုံးယောက် အတူတူ ရှိနေတဲ့အကြောင်း အမှုမှာ   ပေါ်တယ်၊ ရည်ရွယ်ချက် ဘာလဲ ဆိုတာတော့ ပြောလို့ မရဘူးပေါ့ဗျာ။ သို့သော် သေချာတာက ငွေရေး ကြေးရေး မဟုတ်ဘူး၊ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့် မဟုတ်ဘူး၊ ဆက်စပ်ပြီး ပြောရလို့ရှိရင်  တစ်နေ့ကပဲ ဆရာဦးကိုနီ ၂ နှစ်ပြည့် အခမ်းအနား လုပ်ပါတယ်၊ ဆရာမုံရွာဦးအောင်ရှင်က ပြောပါတယ် … ဒါ နိုင်ငံရေးလုပ်ကြံမှုပဲ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရှေ့သွားမယ့်လမ်းကို အနှောင့်အယှက် ပေးတာ တစ်ခုပဲ ဆိုတော့ ဒါနိုင်ငံရေးနဲ့ ပတ်သက်တဲ့ လုပ်ကြံမှုလို့ ပြောလို့ ရပါတယ်၊ ရဲချုပ်ကြီး  (သတင်းစာရှင်းလင်းပွဲမှာ) ပြောသလိုပေါ့ဗျာ၊ ကလေးတွေ မျိုးချစ်စိတ် လွန်ကဲပြီး အစွန်းရောက်သွားတယ် ဆိုတာဟာ မှန်စရာအကြောင်း ၉၅ ရာခိုင်နှုန်းလောက် ရှိတယ်ဆိုတာ မြင်သာပါတယ်၊

မေး - ငွေကြေးထောက်ပံ့တယ် ဆိုတဲ့  ဇေယျာဖြိုးက သူ လုံးဝ အပြစ်မရှိဘူးလို့ ထွက်ဆိုထားတယ်။ သူ့ရဲ့အခန်းကဏ္ဍ ဘယ်လိုရှိတယ်လို့ အမှုမှာ ပေါ်သလဲ။

ဖြေ -   ရဲတပ်ဖွဲ့က ဇေယျာဖြိုးကို ထည့်ပြီး တရားစွဲပါတယ်၊   ကိုအောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးနဲ့ဟာ အတော်လေး ပတ်ပတ်သက်သက် ရှိနေတယ် ဆိုတဲ့အကြောင်း ပေါ်ပေါက်ပါတယ်။ ဘယ်လောက်ထိ ပတ်သက်သလဲ။ ကျွန်တော်တို့ မြင်နေတွေ့နေရတာက ကိုအောင်ဝင်းခိုင်ရယ်၊ ဦးလင်းဇော်ထွန်းရယ်၊ ဇေယျာဖြိုးရယ် သုံးယောက် အတူတူပဲ။ သို့သော် ဦးလင်းဇော်ထွန်းက လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ သူ့အလုပ် သူလုပ်တာ။ ဒီဟာ သူ့သူငယ်ချင်းတွေ ဒီနှစ်ယောက်ဟာ ကိုဇေယျာဖြိုး ပြောပါတယ်။ စီးပွားရေးအရ ပတ်သက်မှု မရှိဘူး၊  လူမှုရေးအရလည်း ခင်ကြ သိကြတာက လွဲရင် ပတ်သက်မှုမရှိဘူးလို့ ပြောကြတော့ ဒီလောက် လက်တွဲဖြစ်အောင် ဘာတွေ အကြောင်းအရာ ရှိသလဲ၊ ကျွန်တော်တို့ ကြည့်ရမှာပါ။ စီးပွားရေးနဲ့ မပတ်သက်ဘူး၊ လူမှုရေးနဲ့ မပတ်သက်ဘူး ဆိုတဲ့လူဟာ သူ နေပြည်တော်မှာ ထားတဲ့ ရုံးခွဲကို ရောက်လာပြီးတော့ အမှုနဲ့ သက်ဆိုင်တယ်လို့ ယူဆရတဲ့ သက်သေခံ ပစ္စည်းတွေကို မီးရှို့တယ် တို့၊ ဖျောက်ဖျက်ပစ်တယ်တို့ ဆိုတာမျိုးကို လုပ်သွားတယ်။

အဲဒီလိုလုပ်တဲ့အချိန်မှာ သူ့ကို အကူအညီပေးတဲ့သူ အကုန်လုံးက ကိုဇေယျာဖြိုးရဲ့ ဝန်ထမ်းတွေချည်းပဲ။ အဲ့ဒီမှာ ကိုကျော်လင်းသန်း ရှိပါတယ်၊ ကိုဇေယျာဖြိုးရဲ့လခ စားနေရတဲ့သူပါ၊ သူကိုယ်တိုင်ကပြောတာ တစ်လ ၅ သိန်း ရတယ်။ ဦးဝင်းသန်းရှိပါတယ်၊ အဲ့ဒီက မန်နေဂျာပါပဲ၊ ဦးမင်းမင်းထွန်း ရှိပါတယ်၊ အဲ့ဒီက ရုံးစောင့်နေတဲ့သူပါပဲ။  ဒီလူတွေသည် ကိုအောင်ဝင်းခိုင်နဲ့ ဘာမှ မပတ်သက်တဲ့လူတွေ။ ကိုဇေယျာဖြိုးရဲ့ တပည့်တပန်းတွေ။ အဲ့ဒီတော့ ကိုအောင်ဝင်းခိုင်က ကျွန်တော်တို့အမှုထဲမှာ မြင်နေတွေ့နေရတဲ့အတိုင်းဆိုရင် သူ ဒီလူ သုံးယောက်ကို ဆက်ဆံခဲ့တာက သူက ဆရာ၊ ကျန်တဲ့လူတွေက သူခိုင်းတာအတိုင်း လုပ်ပေးရမယ်လို့ ဆက်ဆံခဲ့တဲ့ အခါကျတော့ ဒီအာဏာ ဘယ်ကရသလဲ။ ကိုဇေယျာဖြိုးဆီကပဲရတယ် လို့ ကျွန်တော်မြင်ပါတယ်။

၂၈ ရက် ၁ လ ၂ဝ၁၇ နေ့အထိ ကိုဇေယျာဖြိုးနဲ့ ကိုအောင်ဝင်းခိုင်တို့ တယ်လီဖုန်း အဆက်အသွယ်ရှိတုန်း။ အမှုကိစ္စနဲ့ ပတ်သက်ပြီး ဆက်ဆံတာ လို့ ရဲတပ်ဖွဲ့ဘက်က၊ တရားစွဲ အဖွဲ့အစည်းဘက်က ပြောပါတယ်။ မဟုတ်ဘူးလို့ ငြင်းတယ်ဗျ၊ သူတို့ ဘယ်လိုငြင်းလဲ ဆိုရင် … တရားလိုဘက်က သက်သေပြနိုင်သလား တဲ့။  ဆက်ဆံတယ်လို့ ဝန်ခံပြီးတဲ့နောက်မှာ ဘာအကြောင်းပြောကြတယ် ဆိုကြတယ် ဆိုတဲ့ကိစ္စကို ပွင့်ပွင့်လင်းလင်း မပြောဘူး၊  မရိုးသားဘူး ဆိုရင် ဒါ … ပြစ်မှု မကင်းတဲ့ ဆက်ဆံမှုမျိုးပဲ။ ဒီလိုအနေအထားတွေ ရှိနေတယ်။
ဒီကိစ္စမှာ ကိုအောင်စိုး ပြောသွားတာ  မင်းဘယ်လောက်ယူမလဲ၊ သုံးဖို့ သိန်းတစ်ထောင်လောက် ရှိတယ်။ အလားတူပဲ အောင်ဝင်းခိုင်၊ အောင်ဝင်းဇော် … ကြည်လင်းကို ဘာပေးထားတယ် ဆိုတဲ့ကိစ္စတွေ ဒီထဲမှာပေါ်လာပြီ၊ သုံးဖို့ လုံလုံလောက်လောက် ရနေတယ်။ စရိတ်ကို ဘယ်သူ ထုတ်ပေးတာလဲ၊ ကိုအောင်ဝင်းခိုင်မှာ အဲ့ဒီလောက်   မရှိဘူး၊ မတည်ငွေ မရှိဘူး။ ဘယ်ကလာသလဲ၊ ငွေကြေး လွတ်လွတ် လပ်လပ် စီးဆင်းလို့ ရတဲ့ နေရာက လာတယ်ဗျာ။   ကိုဇေယျာဖြိုးဘက်က ထောက်ပံ့တယ်။    ကိုဇေယျာဖြိုးဘက်က  ထောက်ပံ့လို့ ပေါ်ပေါက် လာတယ်လို့ ဆိုတဲ့ကိစ္စ၊ (သတင်းစာရှင်းလင်းပွဲမှာ) ရဲချုပ်ကြီး ရှင်းထားတဲ့ အတိုင်း မှန်ပါတယ်၊ သူကတော့ ထောက်ပံ့သူ၊ အားပေးကူညီသူပါပဲ။ ဒီထဲမှာ ကျွန်တော်တို့ အမြင်အရ ပြောရမယ် ဆိုရင် ဇေယျာဖြိုးဟာ ကွန်မင်ဒါ (အမိန့်ပေးသူ) ပဲ။  ဖြစ်စဉ်တစ်လျှောက်လုံးမှာ လေဆိပ်မှာ သူမရှိဘူး။ မှန်တယ်၊ ကွန်မင်ဒါတစ်ယောက် အနေနဲ့ လေဆိပ်မှာရှိဖို့ မလိုဘူး။   ကုမ္ပဏီကြီးတစ်ခုလုံးကို အုပ်ချုပ်မယ့်သူဟာ တယ်လီဖုန်းလေးတစ်လုံး ရှိရင်၊ ကွန်ပြူတာလေးတစ်လုံး ရှိရင် အားလုံးကို အိမ်ကပဲဖြစ်ဖြစ်၊ ဆေးရုံပေါ်ကပဲ ဖြစ်ဖြစ်၊ ဘယ်နေရာက ပဲဖြစ်ဖြစ်၊ အလုပ်လုပ်လို့ အုပ်ချုပ်နေလို့ ရတဲ့ ခေတ်ကြီးပါဗျာ။ ဖြစ်တဲ့နေရာမှာ ကိုယ်တိုင် ရှိနေဖို့ မလိုပါဘူး။  ဘာပြီးရင် ဘာလေး လုပ်လိုက်၊ အားလုံး ညွှန်ကြားလို့ ရပါတယ်။ ဒါကြောင့် ၂၈ ရက်နေ့အထိ ညွှန်ကြားပြီးပြီ။

နောက်တစ်ခုက ကိုဇေယျာဖြိုးနဲ့ပတ်သက်တဲ့ အလီဘိုင်ကိစ္စ (စွပ်စွဲခံရသူသည် မှုခင်းဖြစ်ပွားချိန်တွင် အခြားနေရာတွင် ရှိနေကြောင်း သက်သေပြနိုင်ခြင်း)။၂၈ ရက်နေ့၊ ၂၉ ရက်နေ့ ဒီကိစ္စတွေ ဖြစ်တော့မယ်ဆိုတာ သိပြီ၊ သိတဲ့အချိန်မှာ သူဈေးသွားနေတယ်၊ ဒါ အလီဘိုင်ပဲလေ၊ နောက်တစ်နေ့ ဘုန်းကြီးဝတ်တယ်။ ကိုကြည်လင်း မိပြီးတဲ့ နောက်မှာ နောက်ထပ် တရားစွဲခံရတဲ့သူ သုံးယောက် ရှိတယ်။ တစ်ယောက်က ဘားအံကို သွားတယ်။ တစ်ယောက်က နေပြည်တော်ကိုသွားတယ်။ တစ်ယောက်က ဘုန်းကြီးဝတ်တယ်။ အခင်းဖြစ်ရပ်ကနေ ပြီးတော့ ရှောင်တိမ်းကြတယ်၊ ထွက်ပြေးကြတယ်လို့ မဆိုနိုင်ဘူးလားဗျာ။

မေး-  ဒီအမှုမှာ ခုအမိန့်ချခံရတဲ့ ဒီလူတွေနဲ့ပဲ ပြီးသွားပြီလား။

ဖြေ  - အမှုမှာ ရဲတပ်ဖွဲ့က စွဲတင်ပေးထားတဲ့ကိစ္စ၊ ဇေယျာဖြိုးမှာ လမ်းဆုံးတယ်။ ကျွန်တော်တို့က အမှုစစ်တဲ့အခါမှာလည်း ဇေယျာဖြိုးဆီမှာ လမ်းဆုံးတယ်။    ဇေယျာဖြိုးနောက်မှာ တရားခံရှိတယ်လို့ မပေါ်ပါဘူး၊ သို့သော်ငြားလည်းပဲ ထဲထဲဝင်ဝင် သိရင် ထဲထဲဝင်ဝင် တွေးလို့ရပါတယ်။ လူငယ်တစ်စု တွေးရင်းတောရင်းနဲ့ အမျိုးသားရေး စိတ်ဓာတ် လွန်ကဲသွားတယ် ဆိုတဲ့ အခါကျတော့   ဆွေးနွေးကြတဲ့အပိုင်းမှာ အမျိုးသားရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာတွေ ရှိမှာပေါ့ဗျာ။ အားပေးကြတာတွေလည်း ရှိရင်ရှိမှာပေါ့ဗျာ။ ဘယ်သူတွေ အားပေးနိုင် တယ် ဆိုတာလည်း စသည်ဖြင့် ပြောလို့ဆိုလို့ ရတာပေါ့ဗျာ။ ဒီထဲမှာဆိုရင် ဦးလင်းဇော်ထွန်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အမတ် ပါတယ်၊  ရဲချုပ်ကြီး သတင်းစာရှင်းတဲ့အထဲမှာလည်း ပါတယ်၊ သူတို့နဲ့ အမျိုးသားရေးစိတ်ဓာတ် ဆွေးနွေးမယ် ဆိုရင်လည်း ဆွေးနွေးလို့ရပါတယ်။  သို့သော်ငြားလည်းပဲ ကျွန်တော်တို့မှုခင်းထဲမှာ ပေါ်ပေါက်တာက ကိုအောင်ဝင်းခိုင် နောက်ဆုံး နေပြည်တော်က ထွက်သွားမယ့် အချိန် သူ့သူငယ်ချင်းဖြစ်တဲ့ ဦးလင်းဇော်ထွန်းဆီ သွားလည်တဲ့ အခါကျတော့ သုံးစရာမရှိလို့ ငွေဆယ်သိန်းပေးလိုက်တယ်။  ကိုအောင်ဝင်းခိုင် နေပြည်တော်ရောက်တယ်။ သူတွေ့ချင်တဲ့လူတွေနဲ့ တွေ့တယ်။ ပြီးတော့ ပျောက်သွားတယ်။ အခုထက်ထိလည်း ကျွန်တော်တို့ ရှာလို့မရဘူး။အမှုက ဒီလူ ပါဝင်ပတ်သက်နေတာတော့ သေချာတယ်ပေါ့ဗျာ။  ရှာလို့ မရတဲ့အခါကျတော့ တရားခံပြေးနဲ့ ထားတယ်။

နောက်တစ်ခုက ဒါက ပိုက်ဆံမရှိဘဲနဲ့ လုပ်လို့ရတဲ့ အလုပ်မျိုး မဟုတ်ဘူး။ အသေအချာ စနစ်တကျ လုပ်တဲ့အခါကျတော့ ငွေကြေး ဘယ်က စီးဆင်းလာသလဲ။  ဒီအထဲမှာ ကိုဇေယျာဖြိုးဟာ ငွေကြေးနဲ့ပတ်သက်ပြီး အများကြီး ပါဝင်ကူညီနေတယ် ဆိုတဲ့ အချက်အလက်တွေ ကျွန်တော်တို့က တွေ့နေရတယ်။ ဒါပေမယ့် တရားရုံးက ဘယ်လို သုံးသပ်မလဲ မသိဘူး ဆိုတော့ ဒီတင် လမ်းဆုံးပါတယ်။

ရဲတပ်ဖွဲ့ကလည်း ဒီအမှုနဲ့ပတ်သက်လို့ တကယ့်ကို မြန်မြန်ဆန်ဆန် ပြီးသွားအောင်သူတို့ စွဲတင်တဲ့ အတိုင်းပေါ့ဗျာ ခိုင်ခိုင်လုံလုံ ဖြစ်သွားအောင် ကြိုးစားပေးပါတယ်။ ကျွန်တော် အားလုံး စစ်ရတယ်ဗျ၊ တရားလိုပြသက်သေ  ၇၂ ယောက်၊ တရားခံဘက် သက်သေ ၄ဝ စစ်ရတယ်။   တွက်ကြည့်လိုက်မယ် ဆိုရင် ရုံးချိန်း တစ်ရာကျော်ကျော်လေး ရှိမယ်။ အဲ့ဒီလောက် အတောအတွင်းမှာ ၁၁၂ ယောက်လုံးကို စစ်ခဲ့ရတယ်ဆိုတဲ့ ဟာက ဒါက တော်တော်လေးကို မြန်မြန်နဲ့  မှန်မှန် လုပ်နိုင်တယ်၊ ကျွန်တော်တို့ဆီမှာ အကောင်းဆုံး စစ်ဆေးခြင်း။  ကျွန်တော် ၁၉၈၀ လောက် ကတည်းက ရှေ့နေလိုက်လာတာ။ အနှစ် ၄၀ လောက် အတွင်းမှာ အမှန်ဆုံးနဲ့ အမြန်ဆုံးလို့ မြင်ပါတယ်ဗျ။    ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading