တိုက်ခိုက်ခံရသည့်တောင်တွင်းကြီးဗလီမှ အကြီးအကဲနှင့် တွေ့ဆုံမေးမြန်းခြင်း

တောင်တွင်းကြီးဗလီရှေ့ စက်တင်ဘာ ၁ဝ ရက်နေ့ဖြစ်ရပ်များကို ကိုယ်တိုင်ကြုံတွေ့သူက ပြောပြထားသည် (အင်တာဗျူး အစ အဆုံး)

Published on Sep 19, 2017
Published on Sep 19, 2017
တောင်တွင်းကြီးဗလီမှ အသက် ၃၂ နှစ်အရွယ် ဦးဇော်ထွန်း (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)
တောင်တွင်းကြီးဗလီမှ အသက် ၃၂ နှစ်အရွယ် ဦးဇော်ထွန်း (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

တောင်တွင်းကြီး - စက်တင်ဘာ ၁ဝ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် ပေါ်ပေါက်ခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်ပြီး တိုက်ခိုက်ခံခဲ့ရသည့် တောင်တွင်းကြီးဗလီမှ ကျောင်းထိုင်ဖြစ်သူ ဦးဇော်ထွန်းကို Myanmar Now က သွားရောက်တွေ့ဆုံ မေးမြန်းထားသည်။

မေး။ ။ စဖြစ်တဲ့နေ့ကအခြေအနေ ပြောပြပေးပါ။

ဖြေ။ ။ နောက်ဆုံးအကြိမ် ဝတ်ပြုရပြီး အပိုဝတ်ပြုဆုတောင်းနေချိန် ကျွန်တော့်ဘေးက တစ်ယောက်က ထွက်ပြေးသွား တယ်။ စိတ်ထဲမှာတော့ ထင့်ခနဲဖြစ်သွားတယ်။ ဒီလိုမျိုးဝတ်ပြုနေတဲ့အချိန် ရုတ်တရက် ထပြေးတယ်ဆိုတာ မရှိဘူးလေ။ ကျွန်တော်က ဝတ်ပြုတာကို ဆုံးအောင် လုပ်လိုက်တယ်။ ပြီးမှ ထွက်ကြည့်တော့ အုန်းတောရပ်ကွက်ထဲမှာ လူတွေ လေးငါးဆယ်လောက်က အိမ်တွေကို ခဲပစ်နေကြပြီ တဲ့။ ဒီကရှိနေတဲ့သူတွေ ဝတ်ပြုနေတာ အားလုံး မပြီးသေးဘူး၊ ဒါပေမဲ့ ပြန်ခိုင်းလိုက်တယ်။ ဒီမှာဧည့်စာရင်းနဲ့နေတာ အပေါ်မှာ စာပြတဲ့ဆရာ၊ ကျောင်းထိုင်ကျွန်တော်နဲ့ ကပ္ပိယတို့ပဲ ရှိတော့တယ်။ ဝန်းတံခါးကို သော့ခတ်လိုက်တယ်။ သတင်းတွေကတော့ ကြားနေရတာ အများကြီးပဲ၊ ဟိုဘက်က လာတယ်၊ ဒီဘက်ကလာတယ်။ အထဲက မီးတွေ အကုန်ပိတ်ပြီး အပြင်ကို ချောင်းကြည့်လိုက်တော့ ရဲတင်းနဲ့ ဓားမနဲ့ သံတူရွင်းတွေနဲ့ ကိုသန်းထွေးဆိုင်ရှေ့မှာရှိတဲ့ ပုံးကို ထုရိုက်နေကြတယ်၊ နောက် လေးခွတွေနဲ့ ပစ်တယ်၊ ညစ်ညစ်ညမ်းညမ်း ဆဲဆိုကြတယ်။ နောက် နိုင်ငံတော်သီချင်းကို သူတို့လိုတဲ့နေရာကနေ ဖြတ်ပြီး ဆိုတယ်။ ပြီးတော့ အဲဒီနားက နှစ်ဆိုင် သုံးဆိုင်လောက်ကိုလည်း လေးခွနဲ့ ပစ်တယ်။ ပြီးတော့ ကျွန်တော်တို့ဗလီဝန်းတံခါးကို လာပြီး ထုတယ်၊ ရိုက်တယ်။ ဗလီရှေ့မှာ ရှိတဲ့ သုံးဘီးကို လှဲပြီး ထုထောင်းရိုက်နှက်နေကြတယ်။ အဲဒီအချိန်မှာ မီးခြစ်ပေးဆိုပြီး သုံးဘီးကို မီးရှို့မယ်လို့ ပြောတဲ့အချိန်ကျတော့ လုံခြုံရေးရောက်လာပြီး “ဟေ့ကောင်တွေ မင်းတို့ မီးတော့မရှို့နဲ့နော်” ဆိုပြီး အော်တယ်။ လုံခြုံရေးသုံးလေးယောက်လောက်က သုံးဘီးကို သူတို့ကိုယ်တိုင်ပဲ ပြန်ထောင်လိုက်တယ်။ ခဲတွေကတော့ လာတာ ပြောမနေနဲ့တော့ ဒီအရှေ့က အဖီပေါ် တအုန်းအုန်းနဲ့ ကျတယ်။ တံခါးအပေါ်မှာရှိတဲ့ မီးလုံးကို ပစ်ခွဲလိုက်တယ်။

မေး။ ။ အဲဒီလိုဖြစ်တဲ့အချိန်မှာ စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။

ဖြေ။ ။ အဲဒီနေ့မှာ ရင်ထဲမှာခံစားရတဲ့ ခံစားချက်က ထစ်ခနဲ ဆိုရင် မွတ်စလင်တွေပဲ ခံနေရမှာလား။ အပြစ်ရှိလည်း မွတ်စလင်ခံရမယ်။ အပြစ်မရှိလည်း မွတ်စလင် ခံရမယ်၊ မွတ်စလင်တွေရဲ့ အိုးအိမ် စည်းစိမ်၊ ဗလီ၊ သာသနိက အဆောက်အဦး၊ ကလေးသူငယ် သက်ကြီးရွယ်အို ဆံဖြူသွားကျိုး၊ ဒုက္ခိတ၊ မျက်မမြင်၊ သူတို့တွေရဲ့ အသက်။ သူတို့တွေမြန်မာနိုင်ငံမှာ နေတာ လုံခြုံမှု မရှိဘူးလားဆိုတဲ့အတွေးတွေပဲ ဝင်နေတယ်။ နောက်တစ်ခု ဝမ်းနည်းတယ်။

မေး။ ။ ရခိုင်ဒေသဖြစ်ရပ်နဲ့ရော စပ်ဆက်နေမယ် ထင်လား။

ဖြေ။ ။ အားလုံးဖြစ်နိုင်ပါတယ်။ သူတို့တွေလာတာလည်း ကျွန်တော် သဘောပေါက်တာတော့ စိတ်ခံစားချက် တစ်ခုတော့ ပါလိမ့်မယ်။ အဲဒီစိတ်ခံစားချက် ဆိုတာ အမှားနဲ့ အမှန်တော့ ခွဲခြားသင့်တာပေါ့။ ဒါပေမယ့် စစ်မှန်တဲ့ ခံစားချက်ကြီးနဲ့ လာတာမဟုတ်ဘူး။

မေး။ ။ သူတို့ကို နောက်က ထိန်းချုပ်သူရှိမယ် ထင်လား။

ဖြေ။ ။ တစ်ရာ ရာခိုင်နူန်း အဲဒီလိုပဲ ထင်ပါတယ်။ သူတို့တွေရဲ့စိတ်ထဲမှာ လက်ရှိ ရခိုင်သတင်းကိစ္စ တက်လာလို့ မခံစားနိုင်လို့ လုပ်တာတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး၊ ကျွန်တော် မယုံကြည်ဘူး။ အခုလို ရခိုင်ကိစ္စ ဖြစ်တဲ့အခါမှာ ဘယ်သူအကြမ်းဖက်လဲ၊ ဘယ်သူနှိမ်နင်းလဲဆိုတာကို ကျွန်တော်တို့ ဘာမှ မပြောလိုဘူး၊ ကျွန်တော်တို့နိုင်ငံက ထုတ်ပြန်တဲ့ သတင်း အတည်ပဲလို့ ကျွန်တော်တို့ခံယူတယ်။ ဒါပေမဲ့ အပြစ်မဲ့ အိုးအိမ်စွန့်ခွာ၊ တောထဲတောင်ထဲမှာ ရောက်နေတဲ့ ဒုက္ခသည်၊ ကယ်ဆယ်ရေးစခန်းမှာ ရောက်နေတဲ့ ဒုက္ခသည် လူမျိုးဘာသာမရွေးအတွက် ကျွန်တော်တို့ နေ့စဉ် ဒီမှာ ဝတ်ပြုဆုတောင်းပွဲတွေ ရှိပါတယ်။ ကျွန်တော်တို့လည်း ဗုဒ္ဓဘာသာတွေအတွက် သနားနေတယ်၊ သောက ဖြစ်နေတယ်။ ဒါပေမဲ့လည်း ဘယ်သူ့ရဲ့ အိမ်ကိုမှသွားပြီးတော့ မလုပ်ခဲ့ဘူး။ လုပ်ဖို့လည်းမရှိဘူး။ လုပ်ခြင်းက ပိုပြီး ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေတာပေါ့။

မေး။ ။ ဗလီရှေ့လာပြီး ထုရိုက်နေတဲ့သူတွေထဲမှာ ကိုယ်တွေ့ဖူးတဲ့သူတွေပါလား။

ဖြေ။ ။ အဲဒီအချိန်မှာတော့ ကြည့်ဖို့ တော်တော်ပဲ ခဲယဉ်းတယ်။ ဘယ်သူဘယ်ဝါလဲ ဆိုတာကို သဲကွဲဖို့ တော်တော်ခဲယဉ်းတယ်။ အပေါ်ကိုတက်ကြည့်မယ်ဆိုရင်တော့ တော်တော်အဆင်ပြေတယ်။ ထင်းထင်းကြီးပဲ ဘယ်သူတွေဆိုတာ သိရမှာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ရှိတယ်ဆိုတာကို မမြင်စေချင်ဘူး။

မေး။ ။ ဒီလိုအခြေအနေဖြစ်ခဲ့တော့ ဒီမြို့က အစ္စလာမ်အသိုင်းအဝိုင်းက ဘယ်လောက်အထိ အန္တရာယ်ရှိနိုင်တယ်လို့ ယူဆလဲ။

ဖြေ။ ။ တော်တော်ကြီးကို အသက်အိုးအိမ်၊ စည်းစိမ်အတွက် အန္တရာယ်ရှိတယ်လို့ကို ထင်တယ်။ အဲဒီညက ရန်ကုန်ကနေပြန်လာနေတဲ့ ကျွန်တော်တို့မြို့သားတစ်ယောက် ရှိတယ်။ ၁ဝ၅ မိုင် ရောက်ခါနီးပြီး။ ဘာမှမဖြစ်လောက်ဘူးထင်လို့ အေးအေးဆေးဆေး လာခဲ့လိုက်ဖို့ ကျွန်တော် ပြောလိုက်တယ်။ ဒါပေမဲ့ အဲဒီမှာ သတင်းတစ်ခု ဝင်လာတယ်။ ကိုလှတင် အိမ်ကို တံခါးဖွင့်ဖို့ ကြိုးစားနေတယ်၊ ပွင့်သွားပြီဆိုတော့ ကျွန်တော် အရမ်း စိုးရိမ်သွားတယ်။ အဲဒါနဲ့ ဖုန်းဆက်တဲ့ တစ်ယောက်ကို လုံးဝပြန်မလာတော့နဲ့ ၁ဝ၅ မိုင်မှာပဲ ဆင်း၊ ရန်ကုန်ကို ပြန်လိုက်တော့ဆိုပြီးတော့။

မေး။ ။ ဗလီကို လာပြီးတိုက်ခိုက်နေတဲ့အချိန်က ဘယ်လောက်ကြာလဲ။

ဖြေ။ ။ လာလုပ်နေတဲ့ အချိန်က ၈းဝ၅ နာရီကနေပြီးတော့ ၈း၂ဝ နာရီအထိ။ အဲဒီအချိန်တော့ ကျွန်တော် တိတိကျကျ မှတ်ထားတယ်။ အဲဒီနောက်ပိုင်းမှာ အနောက်ဘက်ကို ပြန်ဆင်းသွားတယ်။ တံခါးကို ထု၊ ရိုက်၊ နှက်တာတွေရှိတယ်။ အထဲကို ကျော်တက်ဖို့ ကြိုးစားတာတော့ မရှိဘူး။

မေး။ ။ ဖြစ်စဉ်အပြီးမှာ စိုးရိမ်နေတဲ့ အစ္စလာမ်အသိုင်းအဝိုင်းကိုရော ဘယ်လိုနေထိုင်ကြဖို့ မှာကြားထားလဲ။

ဖြေ။ ။ လောလောဆယ်တော့ ဗလီကို သူတို့ လုံခြုံရေးပေးထားတယ်။ ရပ်ကွက်တွေအပေါ်မှာတော့ လုံခြုံရေးအားဖြင့် အားနည်းတဲ့အပေါ်မှာ သတိနဲ့ပဲ နေကြပါလို့ ပြောတယ်။ မှန်ပါတယ်။ တို့အတွက် စစ်မှန်တဲ့လုံခြုံရေးဆိုတာတော့ ပြည့်ဝတဲ့လုံခြုံရေးဆိုတာတော့ မရှိဘူးပေါ့နော်။ ကိုယ့်ဘက်ကနေပြီးတော့ အထူးသဖြင့် မလုပ်ရမယ့် ကိစ္စကတော့ လက်တုံ့ပြန်တာတို့၊ ထွက်ဆဲတာတို့၊ ထိပ်တိုက်တွေ့ ရင်ဆိုင်တာတို့။ ဒါတွေကိုတော့ လက်ရှိနိုင်ငံတော်က လုံခြုံရေး ပေးနေတာဖြစ်တဲ့အပေါ်မှာ ကျွန်တော်တို့က နိုင်ငံတော်ကို ကြည့်ညိုရမယ်၊ နိုင်ငံတော်အမိန့်ကို နာခံရမယ်လေ။ နိုင်ငံတော်ဘက်ကနေ ဒါတွေကို မလုပ်ပါနဲ့လို့ စာပြန်ထားတယ်။ (အစ္စလာမ်) အဖွဲ့ကြီးငါးဖွဲ့ကနေလည်း တရားဝင် စာထုတ်ပြန်ထားတဲ့အတွက် ဒါတွေကိုတော့ အထူးသဖြင့် ရှောင်ဖို့အတွက်လည်း သြဝါဒပေးပါတယ်။

မေး။ ။ အရင် ပဋိပက္ခတွေတုန်းကလည်း နောက်ကွယ်က ထိန်းချုပ်မူတွေ ရှိမယ်လို့ ယူဆကြတယ်။ လက်ရှိ အစိုးရကလည်း ဒါကို မဖော်ထုတ်နိုင်သေးတဲ့အတွက် ဘယ်လိုခံစားမိလဲ။

ဖြေ။ ။ လက်မည်းကြီးဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ကျွန်တော်တို့တွေ ဖြေသိမ့်ခဲ့ရတယ်။ လက်ရှိအခြေအနေမှာလည်း လက်မည်းကြီးဆိုတဲ့ နာမည်နဲ့ပဲ ဖြေသိမ့်နေရတဲ့အတွက်တော့ စိတ်မကောင်းဘူး။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading