သတင်း

မတ္တရာတွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရ၊ ၃ ဦးထက်မနည်း သေဆုံးဟုဆို

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၂၁) နံနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) က မိုင်းဖြင့် တိုက်ခိုက်ရာ စစ်သားသုံးဦးထက်မနည်းသေဆုံးသည်ဟု ဆိုသည်။

မတ္တရာမြို့နယ် အရှေ့မြောက်ပိုင်းရှိ ရုံးပင်ကျေးရွာရဲကင်းစခန်း တိုက်ခိုက်ခံပြီးနောက် ထိုဒေသတွင် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို ဒေသခံ PDF က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ရုံးပင်ကျေးရွာရဲကင်းစခန်းမှာ ထိုနေ့ (ဒီဇင်ဘာ ၁၉) အရုဏ်မတက်မီ နံနက် ၁ နာရီခန့်တွင် PDF ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် အဆောက်အအုံတစ်လုံး မီးရှို့ခံခဲ့ရကြောင်း၊ ရဲလိုင်းခန်းနေ အမျိုးသမီးနှင့် ကလေးအချို့ ဖမ်းမိသော်လည်း PDF ဘက်က ပြန်လွှတ်ပေးခဲ့သည်ဟု ကြားကြောင်း ဒေသခံအမျိုးသားနှစ်ဦးက ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် မိုးမလင်းမီတွင် စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲကာ ဒေသတွင်းရှိ ကျေးရွာအချို့ကို ဝင်ရောက်စီးနင်းကြောင်း၊ ထိုစစ်ကြောင်းများထဲမှ မန္တလေးတူးမြောင်း (ဆည်တော်ကြီးရေလှောင်တမံမှ စိုက်ပျိုးရေး‌ ရေပေးမြောင်းမကြီး) ဘောင်လမ်းအတိုင်းသွားလာနေသည့် စစ်ယာဉ်တန်းမှာ မွန်းလွဲပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ၎င်းတို့က ပြောသည်။

“အခု မိုင်းဆွဲခံရတဲ့ အဖွဲ့မှာ ခန့်မှန်းအင်အား ၄၀ လောက်ပါတယ်။ စစ်ကားအသေးတစ်စီး၊ အကြီးတစ်စီး၊ ဆိုင်ကယ်တွေလည်းပါတယ်။ ရွာတွေထဲက သစ်တွေလည်း ဖမ်းလာတယ်။ စစ်ကားတွေနောက်မှာ သစ်ကားတွေလည်းပါတယ်။ သုံးယောက်ကတော့ နေရာမှာပဲ ကားရားမှောက်ခုံသေသွားတယ်။ မြို့ထဲမှာတော့ နောက်ထပ်ကို ၅ ယောက်လောက် သေသေးတယ်လို့ ပြောနေကြပေမဲ့၊ ကျွန်တော်တို့ကတော့ အတည်ပြုနိုင်တာ မရှိသေးဘူး”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ထိုနေ့က (အတွဲလိုက်ထောင်သည့်) ပဒေသာမိုင်း ၉ လုံးဖြင့် တိုက်ခိုက်ရာ ၆ လုံးကွဲကာ စစ်သားများ သေဆုံးမှုနှင့် ယာဉ်တန်းပျက်စီးမှုအခြေအနေကို တိုက်ခိုက်ရေးအဖွဲ့ဝင်များက စောင့်ကြည့်ခဲ့သည်ဟု ဒေသခံ PDF နှင့် နီးစပ်သည့် အဆိုပါဒေသခံက ဆိုသည်။​

အဆိုပါ ဖြစ်စဉ်များအပြီး စစ်ကောင်စီတပ်က ဒေသတွင်းသို့ ဝင်ရောက်စီးနင်းနေပြီး အနည်းဆုံး ရွာသား ၂၀ ဝန်းကျင် ဖမ်းခံရကာ ၎င်းတို့၏ ခရီးစဉ်များအတွင်း လူသားဒိုင်းသဖွယ် သုံးခဲ့ကြောင်း၊ ထိုထဲမှ အချို့သာ ပြန်လွတ်မြောက်ကာ ကျန်သူများမှာ မတ္တရာမြို့နယ်ရဲစခန်းတွင် ချုပ်နှောင်ခံထားရသည်ဟု သိရကြောင်း အခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ရုံးပင်ပတ်ဝန်းကျင်ရွာအကုန်ပဲ။ ဝင်မွှေနေတာ၊ ရဲကင်းမီးရှို့ခံရတဲ့နေ့က ၈၀ လောက်ပဲပါပေမဲ့ မနေ့ကတော့ အင်အားတွေ ထပ်တိုးလာတာ တွေ့ရတယ်၊ အာပီဂျီ (ပခုံးထမ်းလောင်ချာ) လို သေနတ်ကြီးတွေ ထမ်းလာတဲ့ စစ်သားတွေလည်း ပါတယ်။ မနေ့ညက ကင်းရွာကိုဝင်တာ အင်အား ၇၀ လောက်ရှိတယ်လို့ ကြားရတယ်”ဟု ဒီဇင်ဘာ ၂၂ရက်တွင် ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က ရုံးပင်၊ သဖန်းကိုင်း၊ မြှောင်းစစ်၊ ကျွန်းပင်၊ အုန်းညွှတ် စသည့် ရွာများကို ဝင်မွှေသည်ဟု အထက်ပါသတင်းရင်းမြစ်များထံမှ သိရသည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်သည့် အသေးစိတ်ကိစ္စများကို သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပါ။ ထို့အတူ စစ်ကောင်စီထံ မေးမြန်းခွင့်မရပေ။

လူထုဆန္ဒမဲဖြင့် အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီးနောက် ၁၀ လကျော်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြလျှင်ပင် ပစ်သတ်ခံရသည်အထိ စစ်တပ်က ပြုမူနေရာ ခုခံတော်လှန်မှုများ နိုင်ငံအနှံ့ တိုးပွားလာနေပြီး မတ္တရာမြို့နယ်သည်လည်း အပါအဝင်ဖြစ်သည်။

ခုခံတွန်းလှန်စစ်ကို အရှိန်မြှင့်မည်ဖြစ်၍ စစ်ကောင်စီယာဉ်တန်းများ၊ ရုံးအဆောက်အအုံများ၊ တပ်ဖွဲ့ဝင်များနှင့် ဝေးရာတွင် နေကြရန် မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ ၂၂ ရက်တွင် ဒေသခံများကို အသိပေးထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button