“အမြန်ဆုံး ငြိမ်းချမ်းစေချင်တယ်” (အင်တာဗျူး အစ အဆုံး)

စစ်ရေးဒုက္ခထက် တိုးတက်ကြီးပွားရေးအတွက် လုပ်ကိုင်ပြီး အေးချမ်းစွာ နေထိုင်စေလိုသည်ဟု ဓမ္မဆရာတစ်ဦးက ပြောလိုက်သည်

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့၏ ဧပြီလ တိုက်ပွဲများကြောင့် ဖားကန့်၊ တနိုင်း၊ အင်ဂျန်းယန်၊ ချီဖွေ အစရှိသည့် ဒေသများမှ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက် ထောင်နှင့်ချီ ရှိလာခဲ့သည်။

တိုက်ပွဲများအကြားပိတ်မိနေသူအရပ်သားတို့ကို ဘေးလွတ်ရာသို့ အမြန်ဆုံး ပို့ဆောင်ပေးရန်အတွက် အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများက တောင်းဆိုနေစဉ် မေ ၆ ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဖားကန့်မြို့နယ် ကထံယန်ကျေးရွာအုပ်စု မံဝယ်ရွာမှ စစ်ရှောင် ၁၃ဝ ကျော်ကို ကူညီနိုင်ခဲ့ကြသည်။

မံဝယ်ရွာ၏ နှစ်ခြင်း ခရစ်ယာန်ဓမ္မဆရာ ကိုဇော်တောင်ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆက်သွယ် မေးမြန်းရာ ၎င်းက ရွာအတွင်းပိတ်မိနေစဉ်အခြေအနေ၊ ရွှေ့ပြောင်းစဉ် ကြုံတွေ့ရသည့်အခက်အခဲတို့အကြောင်း ပြောပြခဲ့သည်။

မေး။ ။ တိမ်းရှောင်ကြတာ တစ်ရွာလုံးပဲလား။

ဖြေ။ ။ (ဧပြီ) ၁၁ ရက်နေ့က ကျွန်တော်တို့ တစ်ရွာလုံး တောထဲကို သွားပုန်းတယ်၊ ခဏ ရှောင်တယ်ပေါ့။ ပြီးတော့ ငြိမ်းချမ်းရေးအဖွဲ့တစ်ခုကနေပြီးတော့ မင်းတို့ကို တပ်မတော်က စောင့်နေတယ်၊ သွားလိုက်ပါ ဆိုတော့ တပ်မတော်ရှိတဲ့ဘက်ကို သွားတယ်။ ကျွန်တော်တို့ကို လာခေါ်တဲ့ ငြိမ်းချမ်းရေးအဖွဲ့လည်း မတွေ့ရတော့ဘူး။ အဆက်အသွယ်တော့ အကုန်လုံး ပြတ်သွားတာပေါ့၊ တပ်မတော်က ဖုန်းတွေအကုန်လုံးကို ခဏ ယူထားတယ်။ အဲဒီကနေ ၁၃ ရက် ညနေ ၄ နာရီ၊ ၅ နာရီလောက်မှာ ချောင်းဝကို ခရီးဆက်တော့ လမ်းမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်တယ်၊ ရွာသားတစ်ယောက်က ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ ဖြတ်ရမယ့် အထိတော့ မဖြစ်ဘူး။ ၁၄ ရက်မနက်မှာတော့ ချောင်းဝကို ရောက်သွားတယ်။ ရွာအဝင် လယ်တောမှာ တဲရှိတယ်။ အဲဒီတဲမှာ အမျိုးသားသက်သက် အမျိုးသမီးသက်သက်နဲ့ အဲဒီမှာ စုထားတယ်။ အဲဒီမှာ ၄ ရက်ကြာတယ်။ ပြီးတော့ သူတို့ မေးစရာရှိတာ မေးတယ်။ ကျွန်တော်တို့က ရွာကို မပြန်ချင်ဘူး။ ဒါပေမဲ့ ပြန်ပို့လိုက်တာ။

မေး။ ။ရွာကို ဘယ်သူတွေက ပြန်ပို့ပေးသလဲ။

ဖြေ။ ။ တပ်မတော်ကပဲ ပြန်ပို့ပေးတာ။ ရွာသွားတွေက မပြန်ချင်ဘူး။ ကြောက်တယ်လို့ပြောကြလည်း သူတို့တွေက ဘာမှ စိုးရိမ်စရာမရှိဘူး၊ သူတို့အားလုံးရှင်းလင်းပြီးသွားပြီ။ နဂိုအတိုင်း ဈေးသွားတဲ့သူကသွား၊ လယ်ကိုပြန်လုပ်ချင်တဲ့ သူလည်း လုပ်ပေါ့၊ အဲဒီလိုပြောပြီးမှ ပြန်ပို့ခဲ့တာ။ ဒါပေမဲ့ ဈေးသွားခွင့်လည်း မရှိ၊ တပ်ကလည်း သူတို့လုံခြုံရေးအခြေအနေကြောင့်ပေါ့နော်။ တပ်မတော်က အနိုင်ကျင့်တာတွေ ဘာတွေ မရှိပါဘူး၊ သူတို့ လုံခြုံရေးအရ မေးမြန်းတာတွေ၊ လုံခြုံရေးအရ မသွားနဲ့ဆိုတဲ့နေရာရှိတယ်။ ကျွန်တော်တို့ နဂိုအတိုင်း လွတ်လွတ်လပ်လပ်နေလို့တော့ ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရွာသားတွေက တိုက်ပွဲပြန်ဖြစ်လာမှာကို ကြောက်တာ။ ရွှေ့ပြောင်းတဲ့ အခါမှာလည်း အခက်အခဲတွေ အများကြီးကြုံရတယ်။ အဖိုးအဖွားတွေ ပါတယ်။ ကိုယ်ဝန်ဆောင်တွေပါတယ်။ ဖျားတာနာတာတွေလည်း နည်းနည်းပါးပါး ဖြစ်တယ်။

မေး။ ။ ရွာမှာ စိုက်ပျိုးရေးနဲ့ အခြားအလုပ်တွေရော လွပ်လွပ်လပ်လပ် လုပ်လို့ရလား။

ဖြေ။ ။ အဲဒီမှာ စိုက်ပျိုးဖို့က အများကြီးလိုအပ်တယ်လေ။ မြို့ပေါ်ကိုတက်ရမယ်၊ လိုအပ်တဲ့ လယ်ထွန်စက်ဆီတွေ၊ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ယူရမှာ။ တချို့နေရာတွေကျတော့ သွားလို့ မရသေးဘူး။ အဲဒါကြောင့်မို့ အားလုံးက တော်ပြီ၊ ဒီရွာမှာတော့ မနေရဲကြတော့ဘူး၊ ဒီရွာမှာ ဒီနှစ်ကတော့ ဘာမှလုပ်လို့ အဆင်မပြေဘူး၊ ဒီနေရာ အေးချမ်းတည်ငြိမ်မှ ပြန်လာမယ်လို့ ဆုံးဖြတ်ပြီး ထွက်လာကြတာ။

မေး။ ။ တိုက်ပွဲဖြစ်ချိန် ရွာထဲကို လက်နက်ကြီးကျည်တွေ ကျသေးလား။

ဖြေ။ ။ ကျွန်တော်တို့ရွာက KIA တပ်နဲ့ နည်းနည်း နီးတယ်။ ကျတာတော့ ဘယ်နေရာတွေကျလည်း မသိဘူး ကျွန်တော်တို့က ထွက်သွားလိုက်ပြီ။ အသံတွေကတော့ ကြားနေရတယ်။ တိုက်ပွဲတကယ်ဖြစ်တာကတော့ ၁၃ ရက်နေ့မှာ ဖြစ်တာ။ ရွာကိုတော့ မကျလောက်ဘူးထင်တယ်။ ရွာမှာတော့ ကျွန်တော်တို့ ပြန်လာတဲ့ အချိန်အားလုံးက ပုံမှန်အတိုင်းပဲ။

မေး။ ။ ကာမိုင်းမြို့ပေါ်ရောက်တော့ သူတို့က ဘယ်လိုစီစဉ်ပေးလဲ။

ဖြေ။ ။ သူတို့ကတော့ ကိုယ့်အမျိုးအိမ်၊ ကိုယ့်အိမ်မှာပဲ နေစေချင်ကြတယ်။ နေကြပါလို့ပဲ တိုက်တွန်းကြပါတယ်။ နဂိုကတည်းကလည်း အဲဒီလိုအစီအစဉ်နဲ့ထွက်တာ။ အခု အခြေအနေကတော့ သူတို့ ဘယ်လို စီစဉ်ထားလဲ မသိဘူး။ ကိုယ့်အမျိုးအိမ်၊ ကိုယ့်အိမ်တွေမှာ လုံလုံခြုံခြုံရှိပါပြီလို့ ရွာသားတွေက ကျွန်တော့်ကို သတင်း ပို့ကြတယ်။ အခုတော့ အေးအေးချမ်းချမ်းဖြစ်နေကြပြီ။ သူတို့ နဂို ထားခဲ့တဲ့ ရွာမှာကတော့ ကြောက်တာပေါ့နော်၊ မနေရဲတော့တာ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာက အချိန်မရွေးတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။

မေး။ ။ အခု ရွာသားတွေ ဘယ်လိုနေထိုင်နေကြလဲ။

ဖြေ။ ။ အခု မံဝယ်ရွာသားတွေကတော့ အမျိုးတွေရှိတဲ့ ကာမိုင်းမြို့နယ်ထဲက ကျေးရွာတွေမှာ အသီးသီး ရှိနေကြပါတယ်။ တချို့ကလည်း ကိုယ့်အိမ်ကို ပြန်နေကြတာပေါ့။ ကိုယ့်ရဲ့ ဝမ်းစာရေးအတွက် လယ်ယာတွေ သွားလုပ်တယ်။ ကျွဲ၊ နွား၊ ဝက် အဲဒီလိုမျိုးမွေးပြီး နေကြတဲ့သူတွေ၊ တောထွက်ပစ္စည်း ရှာတဲ့သူတွေလည်း ရှိတယ်။ ကျွန်တော်ကတော့ မြစ်ကြီးနား နောင်းနားရွာက ကျွန်တော့်အိမ်ကို ပြန်ရောက်နေပါပြီ။

မတည်မငြိမ်ဖြစ်တော့ အားလုံးက ထိတ်လန့်ကုန်တာပေါ့။ အမြန်ဆုံး ငြိမ်းချမ်းစေချင်တယ်။ ကိုယ့်တိုးတက်ရာတိုးတက်ကြောင်း ကြီးပွားမယ့် အကြောင်းတွေကို လုပ်ရင်းနဲ့ အေးအေးချမ်းချမ်း နေစေချင်တယ်။ ။

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

Published on Mar 18, 2021
ဓာတ်ပုံ − Kachinwaves

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

"နမ့်မှော်တခွင်မှာ ရဲတပ်ရင်း တပ်စခန်းတွေရှိတယ်။ အဲဒါကို KIAက ပစ်တယ်လို့ ကြားရတယ်။ စခန်းသုံးနေရာလောက်ကို ဝင်တိုက်တယ်လို့ ပြောတယ်"ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲဖြစ်ပွား​နေစဉ် လက်နက်ကြီးကျည် ကျ၍ ဒေသခံအမျိုးသားတစ်ဦး၏ ဘယ်လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် တွင်လည်းဖော်ပြထားသည်။

KIA က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မြစ်ကြီးနားမြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်လာပြီး နောက်ပိုင်း KIA က ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများအား ထိခိုက်အောင် မလုပ်ရန် KIA ကပြောဆိုထားသကဲ့သို့ ပြည်သူလူထု၏ လှုပ်ရှားမှုများကို ကြိုဆိုကြောင်းသဘောထားထုတ်ပြန်ထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading