လယ်သမားတို့ညီညွတ်လျှင် စပါးဈေးကွက်တိုးချဲ့နိုင်မည် (အင်တာဗျူး)

မြန်မာ့ဆန် ဈေးကွက်မျက်နှာပန်းလှစေရေးအတွက် သင့်လျော်သည့်မျိုးစပါးသုံးကြရန် လိုသည်ဟု မြစ်ဝကျွန်းပေါ်မှ လယ်သမားတစ်ဦးက တိုက်တွန်းလိုက်သည် (အင်တာဗျူး အစ အဆုံး)

Published on May 24, 2018
မကြာသေးခင်က ဘိုကလေးမြို့နယ် အောက်မကျီးကျောင်းကျေးရွာ လယ်ယာလုပ်ငန်းခွင်တွင် တွေ့ရသော ကိုမင်းနောင် (ဓာတ်ပုံ - Myanmar Now)
မကြာသေးခင်က ဘိုကလေးမြို့နယ် အောက်မကျီးကျောင်းကျေးရွာ လယ်ယာလုပ်ငန်းခွင်တွင် တွေ့ရသော ကိုမင်းနောင် (ဓာတ်ပုံ - Myanmar Now)

ဘိုကလေး -  ဆန်ဈေးကွက် တိုးချဲ့ထိုးဖောက်နိုင်ရန်အတွက် မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်း၊ လယ်သမားအချင်းချင်း စုပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းတို့ လိုအပ်သည်ဟု မြစ်ဝကျွန်းပေါ်ဒေသမှ လယ်သမားတစ်ဦးက ပြောသည်။

နည်းပညာပေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသော ဘိုကလေးမြို့နယ် အောက်မကျီးကျောင်းကျေးရွာသား ကိုမင်းနောင်နှင့် မကြာသေးမီက တွေ့ဆုံစဉ် ၎င်းက မျိုးစပါး ထုတ်လုပ်မှု၊ အရည်အသွေး၊ ထွက်နှုန်း၊ ဈေးကွက်၊ လယ်သမားတို့၏ အခက်အခဲအကြောင်း ပြောပြထားသည်။

မေး။ ။ မျိုးစပါးထုတ်လုပ်တဲ့အခြေအနေ ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ ၂ဝ၁၂ လောက်မှာ သေချာ စထုတ်ဖြစ်တယ်။ ရတနာဧရာဆိုတဲ့ အဖွဲ့နဲ့ ပူးပေါင်းပြီး ထုတ်တယ်။ ထုတ်လုပ်စိုက်ပျိုးတဲ့နည်းစနစ်ကတော့ သူတို့က ထောက်ပံ့ပေးတယ်။ စပါးပင်တွေကို ၁ဝ လက်မပတ်လည်နဲ့ ခြောက်တန်း၊ တစ်တန်း ခြားပြီးစိုက်တာပေါ့။ ဟိုးအရင်ကစိုက်တုန်းကတော့ ဒီအတိုင်းပက်ကြဲပြီး စိုက်လိုက်တာ။ ခြောက်တန်း၊ တစ်တန်းတွေ ရှိတာ မဟုတ်ဘူး၊ မျိုးဆိုတာ သီးသန့်ရှိတာ မဟုတ်ဘူး၊ လယ်ထဲကနေ ကိုယ်ကြိုက်တဲ့နေရာကို ရိတ်ယူပြီး မျိုးအဖြစ် ပြန်သုံးတာမျိုးပဲ ရှိတာ။ အခုတော့ မျိုးသန့်တွေ စိုက်လာကြပြီ။ ထွက်လာတဲ့ မျိုးတွေကိုလည်း ရတနာဧရာက လုပ်တဲ့ မျိုးစပါးရောင်းပွဲမှာ ပြန်ရောင်းတယ်။ ကျွန်တော်တို့ စိုက်ဖို့ဖယ်ပြီး ကျန်တဲ့မျိုးတွေ အကုန်ပြန်ရောင်းတယ်။

မေး။ ။ ဒေသမျိုးတွေနဲ့စိုက်တုန်းက အခြေအနေနဲ့ ဘာတွေကွာခြားလာလဲ။

ဖြေ။ ။ စပါးအရည်အသွေးနဲ့ ထွက်နှုန်းတွေကအစ ကွာတယ်။ ဆန်စက်ရောက်ရင်လည်း ဆန်အထွက်နှုန်း ကောင်းလာတယ်။ ဆန်အကျိုးအကြေတွေလည်း ကင်းစင်လာတယ်။ ဆန်အရည်အသွေးလည်း မြင့်လာတယ်။ စပါးအထွက်နှုန်း မြင့်လာတာနဲ့ ဝင်ငွေလည်း မြင့်လာတယ်။ အရင်ကဆို တစ်ဧကမှ တင်း ၉ဝ လောက်ပဲ ထွက်တယ်။ အခုစိုက်တဲ့ မျိုးသန့်တွေက ၁၃ဝ ဝန်းကျင်လောက်ကို ထွက်တယ်။ အရင်က ရောင်းရတဲ့ ဈေးတွေကလည်း မကောင်းဘူး၊ တစ်ဧကကို တစ်သိန်းဝန်းကျင်လောက်ပဲ မြတ်တယ်။ ထွက်နှုန်းမကောင်းလို့ ဆုံးရှုံးသွားတဲ့သူတွေလည်း ရှိတယ်။ အကြွေးတင်သွားတာတွေလည်း ရှိတယ်။ အခုကတော့ ကျွန်တော်တို့ဆီက မျိုးတွေကတော့ အသန့်ဆုံးဖြစ်နေတာပေါ့။ တစ်ဧကကို စိုက်ပျိုးစားရိတ် သုံးသိန်းခွဲလောက် ကုန်ပေမယ့် ပြန်ရောင်းရင် တစ်ဧကကို ခြောက်သိန်းဝန်းကျင်လောက် မြတ်တယ်။

မေး။ ။ မျိုးသန့်မစိုက်သေးတဲ့သူတွေကို ဘယ်လိုအကြံပေးချင်လဲ။

ဖြေ။ ။ မျိုးသန့်တွေ များများစိုက်မှ လူတိုင်း မျိုးသန့်တွေသုံးနိုင်မှသာလျှင် ဆန်စပါးဈေးကွက်လည်း ပိုကောင်းလာမယ်။ လုပ်အားကြောင့် မစိုက်နိုင်တဲ့သူတွေကလည်း ဒီမျိုးတွေကို ဝယ်သုံးစေချင်တယ်။ အရင်က တစ်ဧကကို မျိုးစပါး ၄ တင်းလောက်အထိသုံးကြတယ်။ မျိုးသန့်ကို သုံးတဲ့အခါမှာ တစ်ဧက ကို ၂ တင်းအထိပဲ သုံးတယ်။ ဒါတောင်ကြဲပက်စနစ်နဲ့ သုံးတာနော်။ အဲဒီတော့ ခေါက်ချိုးလောက်ကို ကွာနေတယ်။

မေး။ ။ မျိုးကောင်းမျိုးသန့်မစိုက်တဲ့ တောင်သူတွေက ဘယ်လိုအခက်အခဲတွေ ရှိနေလို့လဲ။

ဖြေ။ ။ တချို့ကတော့ တစိုက်မတ်မတ် မလုပ်နိုင်တာလည်း ပါမှာပေါ့နော်။ စိတ်ဝင်စားမှုလည်း နည်းလို့ဖြစ်မှာပေါ့။ စိုက်ပျိုးရေးဆိုတာကလည်း စိတ်ပါဝင်စားပြီး တကယ်လုပ်နိုင်မှ။ ကျွန်တော်တို့က ငယ်ငယ်ကတည်းက စိုက်ပျိုးရေးကို စိတ်ဝင်စားတယ်။ ငှက်ပျောဆိုရင်လည်း ဧက အများကြီး စိုက်ခဲ့ဖူးတယ်။ သခွားဆိုရင်လည်း အများကြီး စိုက်တာ။ ကွမ်းဆိုရင်လည်း စိုက်ခဲ့ဖူးတယ်။ မြန်မာနိုင်ငံရဲ့အနေအထားအရ ကျွန်တော်တို့က မြေကြီးပဲ ပေါတာလေ၊ စိုက်ပျိုးရေးကို ထွန်းထွန်းပေါက်ပေါက်လုပ်နိုင်မှ စီပွားဖြစ်မယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲယူဆတယ်။ မြေတစ်ဧကလောက်ရှိရင် ထမင်းစားလို့ရပြီ။

ကျန်တဲ့သူတွေ မစိုက်ကြတာလည်း အလုပ်သမားကလည်း ရှားပါးတယ်၊ ဒီလိုစိုက်ရင် ကွင်းထဲက အမြဲတမ်း ဆင်းနေရတယ်၊ မျိုးကွဲဖယ်ရတာတို့၊ ကန်သင်းတွေ ရှင်းရတာတို့ကို သူတို့မလုပ်နိုင်ဘူး။ စိုက်တဲ့အခါမှာလည်း ပက်ကြဲရင် တောင် အနည်းဆုံး ၄ တင်း၊ ၅ တင်း ကြဲတယ်။ ဒီကထွက်လာတဲ့မျိုးသန့်က တစ်တင်းကို တစ်သောင်း ဖြစ်နေပြီ၊ နှစ်တင်းလောက်ပဲ ကြဲရမယ်ဆိုရင်တောင် သူတို့က စမ်းပြီး မကြဲနိုင်ကြဘူး။ သူတို့လောက် ကောင်းပါ့မလား၊ သူတို့က ငွေရှိလို့၊ လုပ်နိုင်လို့ ဆိုပြီး ထင်သွားကြတာ။ မျိုးဈေးကလည်း နည်းနည်းကွာသွားတယ်။ အဲဒီတော့ သူတို့မှာရှိတဲ့ မျိုးကိုပဲ ပြန်သုံးကြတာများတယ်။ ကျွန်တော်တို့လည်း စမ်းတုန်းက ကြောက်တာပဲ။ အခုလည်း အဲဒီလိုပဲ။ ဒီက မျိုးက အထွက်ကောင်းမှန်း သူတို့သိတယ်။ သူတို့ မလုပ်နိုင်ကြဘူး။ အလုပ်သမားကလည်းရှားပါးတယ်။ နည်းပညာက သိတော့သိတယ်၊ နည်းသေးတယ်ပေါ့။

မေး။ ။ ဒီရွာက တောင်သူတွေက အခုစိုက်နေတဲ့မျိုးကိုရော စိတ်ဝင်စားမှု များသလား။

ဖြေ။ ။ ဒီနှစ်ဆိုရင်တော့ စိတ်ဝင်စားမှုရှိတဲ့သူ ပိုပြီးများလာတယ်။ ဒီမျိုးကို ပြန်ယူပြီး စိုက်တဲ့သူ ဒီရွာမှာပဲ ၇ ယောက်၊ ၈ ယောက်လောက်အထိကို ရှိလာတယ်။ ကျွန်တော် စထုတ်တုန်းကဆိုရင် ရွာမှာ မရောင်းခဲ့ရဘူး၊ တခြားရွာကိုပဲ ချိတ်ဆက်ပြီး ရောင်းခဲ့ရတာ။ ကျွန်တော် ပိုက်ဆံသုံးနိုင်လို့ လုပ်တာလို့ပဲ ထင်ကြတာ။ အခုတော့ ကျွန်တော့်ဆီက ပြန်ဝယ်လာကြပြီ။ တစ်ယောက်ကို တစ်ဧက၊ နှစ်ဧက စမ်းစိုက်လာကြတာပေါ့။

မေး။ ။ အပြောင်းအလဲ လုပ်ကြအောင် သေချာစည်းရုံးဖြစ်သေးလား။

ဖြေ။ ။ ကျွန်တော်တို့ဆိုရင် ဒါက ရွာအတွက် လုပ်တာပဲလေ။ တစ်အိမ်တက်ဆင်းကို လိုက်စည်းရုံးတာ။ လေးငါးကြိမ်လောက်ကို လုပ်ပြီးပြီ။ ဘယ်လိုလုပ်မလဲဆိုတော့ ကျွန်တော်တို့ဆီမှာတော့ မျိုးကတော့ ရှိပြီ၊ စပါးတစ်မျိုးတည်းကိုပဲ အစုအဖွဲ့နဲ့ ထုတ်မယ်။ သူတို့စိတ်ပါသွားအောင်လည်း တစ်ခါလောက်တော့ လုပ်ပြမယ်။ ထွက်လာမယ့်စပါးက မျိုးသန့်ဖြစ်တဲ့အတွက် အရည်အသွေးကောင်းမှာတော့ သေချာတယ်။

အစုအဖွဲ့နဲ့ထုတ်ပြီးတော့ ထွက်လာတဲ့စပါးကို တစ်နေရာတည်းကနေ ရောင်းမယ်၊ သယ်တဲ့အခါမှာလည်း တစ်နေရာတည်းကို လာသယ်ရမှာဖြစ်တဲ့အတွက် ဝန်ဆောင်ခ မပေးရဘူး။ ဈေးလည်း ပိုရလာမယ်။ စက်ကိုပေးတဲ့နေရာမှာလည်း သူတို့စက်က တစ်နေ့ကို တင်းသုံးထောင်လောက် ကြိတ်ရတယ်ဆိုရင် သုံးထောင်ပြည့်အောင်ပေးမှ ရမယ်။ တင်း ၁ဝဝ လောက်နဲ့ ဆိုရင် သူတို့ မကိုက်ဘူးလေ။ အဲဒီတော့ သူတို့လည်း ရည်မှန်းချက် ပြည့်မီအောင် ဆိုပြီး ကျွန်တော်တို့က ဧက ၅ဝ လောက် မှန်းလိုက်တယ်။ ဒါပေမဲ့ လူက မရခဲ့ဘူး၊ အစကတော့ ပါဝင်မယ် ဆိုပြီး တကယ်လုပ်မယ် ဆိုတော့မှ မဝင်တော့ဘူး။ အဲဒီတော့ ကျွန်တော်တို့ လေးငါးဆယ်ယောက်လောက်နဲ့ပဲ လုပ်လိုက်ရတယ်။ အဲဒီတော့ ဧကလည်း နည်းပြီးတော့ ကျွန်တော်တို့ရည်မှန်းချက်က မမီတော့ဘူး။ အထွက်နှုန်း မလျော့စေရဘူးလို့ အာမခံထားတာ၊ ဒါပေမဲ့ စိတ်ပါတဲ့သူက နည်းနေသေးတယ်။

လူတိုင်းကိုလည်း အထွက်နှုန်းတွေကောင်းကြောင်း အမြဲတမ်းပြောပါတယ်။ သူငယ်ချင်းက သတိပေးတယ် … သိပ်ကောင်းကြောင်းမပြောနဲ့၊ ကိုယ်က မျိုးရောင်းချင်လို့ ထင်လိမ့်မယ်ပေါ့နော်။ မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်းကြောင့် ခံစားရတာက ကျွန်တော်တို့ချည်းပဲ မဟုတ်ဘူး၊ အဆင့်ဆင့် သွားတာ။ လယ်သမားတိုင်း မျိုးသန့်စိုက်မယ်ဆိုရင် အခြားနိုင်ငံတွေရဲ့ ဈေးကွက်ကို မီမယ်။ ဆန်စက်ပိုင်တွေကလည်း စပါး တင်း လေးငါးထောင်လောက်ရမှ၊ တစ်ရာ၊ နှစ်ရာဆိုရင် သူတု့ိက ထည့်စဉ်းစားမှာ မဟုတ်ဘူးလေ။ လေးငါးထောင်ရဖို့ကို ကျွန်တော်တို့က လုပ်ချင်တယ်။ လုပ်လို့သာရမယ်ဆိုရင် စပါးဈေးကွက်ကလည်း မြင့်လာဦးမှာ။ အဓိကက အစုအဖွဲ့နဲ့ ယုံကြည်မှုအင်အားတွေက ကျွန်တော်တို့လူမျိုးတွေကြားမှာ နည်းနေသေးတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ပြီး စုပေါင်းလုပ်မှပဲ အောင်မြင်နိုင်မယ်။ ဥပမာ ကျွန်တော့်ရွာမှာ ဆိုရင်လည်း ကျွန်တော်တစ်ယောက်တည်း လုပ်လို့လည်း မဖြစ်နိုင်ဘူး။ တစ်ရွာလုံးသာ ဝိုင်းပြီး စိုက်ပျိုး ထုတ်လုပ်ကြမယ်ဆိုရင် မျိုးစပါး တစ်မျိုးတည်းကိုပဲ အများကြီး ထုတ်နိုင်တဲ့အတွက် ဈေးကွက် ပိုပြီး ကောင်းလာမှာ အသေအချာပဲ။ ။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading