သတင်း

အင်းစိန်ထောင်ရောက် သုံးနှစ်သမီးပါ သုံးဦးကို လွှတ်မလွှတ် ဒီဇင်ဘာလကုန် အမိန့်ချမည်

ဖခင်ဖြစ်သူကို ဖမ်းမမိ၍ ဓားစာခံအဖြစ် ဖမ်းဆီးခံရကာ အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရသည့် အသက် သုံးနှစ်အရွယ် ကလေးငယ်အပါအဝင် ၎င်း၏ မိခင်နှင့် အဘွားဖြစ်သူတို့ကို တရားရှင်လွှတ်ပေးရန် လျှောက်ထားချက်ကို ဒီဇင်ဘာ ၃၀ ရုံးချိန်းတွင် အမိန့်ချမည်ဟု မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။​

“စွဲချက်မတင်မီ ပြန်လွှတ်ပေးဖို့ လျှောက်ထားတယ်။ ဒီဇင်ဘာ ၃၀ ရုံးချိန်းမှာ တရားရုံးက အမိန့်ချမယ်” ဟု အထက်ပါနီးစပ်သူက Myanmar Now ကို ပြောသည်။​

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ နေ့စား အမှိုက်သိမ်းဝန်ထမ်းတစ်ဦးဖြစ်သူ ကိုမင်းဇော်ဦးကို ဖမ်းမမိသဖြင့် စစ်ကောင်စီက အသက် ၅၀ ကျော်အရွယ် မိခင်၊ ၃၀ ကျော်အရွယ် ဇနီးဖြစ်သူနှင့် ထိုစဉ်က ၂ နှစ်ကျော်အရွယ် သမီးငယ်ကို မတ်လကုန်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးပြီးနောက် ကိုမင်းဇော်ဦး၏ မိခင်၊ ဇနီးနှင့် သမီးငယ်ဖြစ်သူတို့ကို ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က ဖြင့် စည်ပင်အရာရှိ ဦးမျိုးသန့်ဆိုသူက တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့သည်။ 

အင်းစိန်ထောင်ရောက် သုံးနှစ်အရွယ် သမီးငယ်လေးနှင့် မိခင်၊ အဘွားဖြစ်သူတို့မှာ ထိုစဉ်ကတည်းက ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည့် ၅၀၅-က အမှုကို ရင်ဆိုင်နေရသည်။ 

ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်အရေးယူထားခြင်းသည် အခြေအမြစ်မရှိသောကြောင့် ကလေးငယ်နှင့် မိသားစုဝင်နှစ်ဦးကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၂၅၃ (၂) အရ  စွဲချက်မတင်မီ ပြန်လွှတ်ပေးရန် အထူးတရားရုံး၌ ဒီဇင်ဘာ ၁၆ တွင် လျှောက်ထားခဲ့သည်ဟု အထက်ပါ မိသားစုနှင့် ရင်းနှီးသူက ဆိုသည်။ 

ယင်းနေ့ ရုံးချိန်း၌ အထူးတရားရုံးသို့ တရားလိုပြသက်သေများဖြစ်သည့် စည်ပင်ဝန်ထမ်းသုံးဦး လာရောက်ခဲ့သော်လည်း တရားလိုအဖြစ် အမှုတိုင်ကြားထားသည့် စွပ်စွဲခံရသူ၏ အထက်အရာရှိဖြစ်သူ ဦးမျိုးသန့်သည် အလုပ်မှ နုတ်ထွက်သွားခဲ့ကြောင်း တရားလိုပြသက်သေများက ထွက်ဆိုခဲ့သည်။  

အဆိုပါကလေးငယ်မှာ ယမန်နေ့ (ဒီဇင်ဘာ ၁၈) က ထောင်တွင်း၌ အသက် ၃ နှစ်ပြည့်ခဲ့ပြီဖြစ်ကာ အမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်ထောင်၌ မိခင်၊ အဘွားဖြစ်သူတို့နှင့်အတူ ထိန်းသိမ်းခံထားရသည်မှာ ကိုးလနီးပါး ကြာမြင့်ပြီဖြစ်သည်။​

အဆိုပါ စည်ပင်အမှိုက်သိမ်းဝန်ထမ်း မိသားစုဝင်တွင် အင်းစိန်ထောင်ရောက် သုံးနှစ်သမီးငယ် အပါအဝင် ကလေးခြောက်ဦးရှိသည့်အနက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးစဉ် ဝန်ထမ်းအိမ်ရာ၌ ကျန်ခဲ့သည့် ကျန်ကလေးငါးဦး၏ လက်ရှိအခြေအနေကို မသိရကြောင်း အထက်ပါနီးစပ်သူထံမှ သိရသည်။ ထိုကျန်ခဲ့သည့် ကလေးများတွင် စကားမပြောတတ်သူတစ်ဦးပါဝင်သည်ဟု ဆိုသည်။​

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၂၅၃ (၂) အရ တရားလိုသက်သေအားလုံးကို စစ်ဆေးခြင်း မပြုရသေးသော်လည်း တရားသူကြီးက စွပ်စွဲချက်မှာ အခြေအမြစ်မရှိဟု ယူဆလျှင် ကျိုးကြောင်းဖော်ပြပြီး တရားရှင်လွှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းယူလိုက်ချိန်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ထောင်ပေါင်းများစွာသော နိုင်ငံ့ဝန်ထမ်းများတွင် စည်ပင်အမှိုက်သိမ်းဝန်ထမ်းကဲ့သို့သော အောက်ခြေဝန်ထမ်းများလည်း ပါဝင်ခဲ့သည်။ 

စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများကို ဖမ်းဆီးထောင်ချရာတွင် အလိုရှိသူကို ဖမ်းမမိပါက အသက်မပြည့်သေးသူ ကလေးငယ်များအပါအဝင် မိသားစုဝင်များကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးလေ့ရှိသည်။  

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ရန်ကုန်စည်ပင်သန့်ရှင်းရေးဝန်ထမ်း၏ အင်းစိန်ထောင်ရောက် လူမမည်သမီးငယ်လေးအကြောင်း Myanmar Now က သတင်းဆောင်းပါး ရေးသားပြီးဖြစ်သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button