သတင်း

အင်းစိန်ထောင်တွင် ရိုက်နှက်ခံရသူများ ဆေးကုခွင့်မရ၊ ဖိနှိပ်မှု ပိုတိုးလာ

နိုင်ငံတကာလူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း ဆန္ဒပြသဖြင့် ရိုက်နှက်၍ တိုက်ပိတ်ခံရသူများကို ထောင်အာဏာပိုင်များက ဆေးကုသခွင့် ပိတ်ပင်ထားသလို နိုင်ငံရေးအကျဉ်းသားများကို ပို၍ ဖိနှိပ်လာသည်ဟု အင်းစိန်ထောင်သတင်းရပ်ကွက်ကို ကိုးကားပြီး မိသားစုဝင်များက ပြောသည်။

ထောင်ဝန်ထမ်းများ၏ ရိုက်နှက်မှုကြောင့် သတိလစ်မေ့မြောသည်အထိ ဖြစ်ခဲ့ရသည့် ဆန္ဒပြသူများထဲတွင် ကိုဇော်ထက်နိုင်ဆိုသူလည်း ပါဝင်သည်ဟု သူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့ အင်းစိန်ထောင်တွင်းတရားရုံးသို့ ရောက်လာသည့် ၂၄ နှစ်အရွယ် ကိုဇော်ထက်နိုင် (ခ) ဆစ်နိုင်၏ ဦးခေါင်းမှ ဒဏ်ရာမှာ လိုအပ်သည့် ကုသမှုမရသေးသည်ကို တရားခွင်တွင် ရှိနေသူတို့က တွေ့ခဲ့ရကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ − က နှင့် စွဲဆိုခံထားရသည့် အမှုကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ထိုနေ့က တရားခွင်သို့ ရောက်လာသည့် ဆန္ဒပြ၍ ရိုက်နှက်ခံရသူများအနက် ကိုဇော်ထက်နိုင်မှာ ဒဏ်ရာအပြင်းထန်ဆုံးဖြစ်ကြောင်း သိရသည်ဟု မိသားစုဝင်က ပြောသည်။

“ခေါင်းကိုထိထားတဲ့အတွက် မျက်နှာတွေဆိုရင်လည်း ရောင်နေတယ်ပေါ့လေ။ တော်တော်ရောင်နေတယ်။ ခေါင်းထိထားလို့ ရှေ့ရက်တုန်းကဆိုရင် အန်တဲ့အထိ ဖြစ်တယ်ပြောတယ်။ ဒီနောက်ပိုင်းတော့ အန်တာမျိုး မရှိတော့ဘူးလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

ထောင်အာဏာပိုင်တို့က သူ့ကို PPE ဝတ်စုံ ဝတ်ဆင်စေကာ ညှဉ်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာများကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့သည်ဟု ကြားသိရကြောင်း အထက်ပါ သတင်းရင်းမြစ်ကပင် ပြောသည်။

“ခေါင်းက ကွဲသွားရင်တောင်မှ ပြင်ပဒဏ်ရာဆိုပြီး စိတ်ချရင် ချနိုင်သေးတယ်။ ရောဂါလက္ခဏာမပြဘဲနဲ့ အထဲမှာ ဖြစ်နေရင် ဘယ်လိုလုပ်မလဲပေါ့။ ခေါင်းထိထားတဲ့ လူတစ်ယောက်အတွက်တော့ ဆေးကုသခွင့် ရကိုရသင့်တယ်” ဟု ၎င်းက ဆိုသည်။

ကိုဇော်ထက်နိုင်(ခ) ဆစ်နိုင်သည် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၏ ဒုဥက္ကဋ္ဌဖြစ်ပြီး မတ်လ ၃ ရက်က ရန်ကုန်တိုင်း တာမွေမြို့နယ်တွင် ဆန္ဒပြရင်း အဖမ်းခံရသူဖြစ်သည်။

အလားတူ ညှဉ်းပန်းနှိပ်စက်ခံရပြီး တိုက်ပိတ်ခံရသူတစ်ဦးဖြစ်သည့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုးမှာလည်း ဒဏ်ရာပြင်းထန်ကြောင်း သိရသည်ဟု မိတ်ဆွေဖြစ်သူ ကိုအောင်ကောင်းဆက်က ပြောသည်။

ဆန္ဒပြ၍ ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် ကိုလေပြေစိုးမိုးမှာ နှက်ရက်ကြာ ကျောချ၍ပင် မအိပ်နိုင်ဟု အင်းစိန်ထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်များကို ဆန့်ကျင်ကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသံတိတ်သပိတ်ဆင်နွှဲသည့် ထိုနေ့က ရိုက်နှက်ခံရသူများမှာ သီးသန့်ဆောင် (၁) နှင့် (၂) တွင်ရှိသည့် အကျဉ်းသား ၈၉ ဦးဖြစ်သည်ဟု သိရကြောင်း ကိုအောင်ကောင်းဆက်က ပြောသည်။

ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် အသံတိတ်သပိတ်ဆင်နွှဲကြပြီးနောက် ညနေပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးသီချင်း သီဆိုချိန်တွင် ထောင်ဝန်ထမ်းတို့က အဆောင်များရှေ့တွင် လက်ကို ခေါင်းပေါ်တင်ခိုင်းကာ ရိုက်နှက်ပြီး ထောင်မကြီးဆီသို့ ကားနှင့် ခေါ်ဆောင်သွားသည်ဟု ၎င်းက ပြောသည်။

ထောင်မကြီးရောက်ချိန်တွင်လည်း ဝန်ထမ်းအင်အား ထပ်တိုးကာ အကြိမ်ရေများစွာ ခြေကုန်လက်ပန်းကျသည်အထိ ရိုက်နှက်ကြသည်ဟု အင်းစိန်ထောင်နှင့် နီးစပ်သူတို့ထံမှ သိရကြောင်း ကိုအောင်ကောင်းဆက်က ပြောသည်။

“နှစ်ကျော့ပြန် အရိုက်ခံရတာပေါ့။ ထောင်မကြီးဘက်မှာ ရိုက်တဲ့အခါမှာ သတိမေ့ပြီး လဲကျသူတွေပါရှိတယ်။ အဲဒီသတိမေ့ပြီး လဲကျတဲ့သူတွေကိုပါ ဆက်ရိုက်တယ်။ နှစ်ကျော့ပြန် ပြင်းပြင်းထန်ထန် နှိပ်စက်ခဲ့တဲ့အထိ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

ထို့နောက် အားလုံးကို တိုက်ပိတ်ကာ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် တစ်ပတ်ကျော်ကြာချိန် ယနေ့အထိ နေထိုင်နေရကြောင်း၊ အခြားအသုံးအဆောင်များ ယူဆောင်ခွင့်မရကြောင်း၊ ပြင်ပမှ ထောင်ဝင်စာပို့ခွင့်လည်း မပေးကြောင်း ကိုအောင်ကောင်းဆက်က ပြောသည်။

၈ ပေ ပတ်လည် အခန်းကျဉ်းတွင် လူ ၆ ယောက် နေရသလို ကိုဇော်ထက်နိုင်နှင့် ကိုလေပြေစိုးမိုး အပါအဝင် ရိုက်နှက်ခံရသူများကို ဆေးကုသခွင့်မပေးကြောင်း၊ တိုက်ထဲ၌ပင် နှစ်ယောက်တစ်တွဲ သံခြေချင်းခတ်ထားကြောင်း၊ ရုံးထုတ်ချိန်တွင်လည်း ဖြုတ်မပေးကြောင်း ၎င်းက ဆက်ပြောသည်။

“ကျန်းမာရေးစောင့်ရှောက်မှုကလည်း လုံလုံလောက်လောက်မရဘူး။ မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခွင့်လည်း မပေးထားဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို တမင်တကာကို ဖိနှိပ် နှိပ်စက်တဲ့ အနေအထားဖြစ်ပါတယ်” ဟု ကိုအောင်ကောင်းဆက်က ဆိုသည်။

ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း တိုက်ပိတ်သူများကို ထားသည့် အခန်းတွဲများ။ ဓာတ်ပုံ − Zayar Lwin FB

ထောင်အာဏာပိုင်များ၏ နောက်ဆက်တွဲဖိနှိပ်မှု

ထိုဖြစ်စဉ်ပြီးနောက် သီးသန့်ထောင်တွင် ကျန်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်တို့က အကြောင်းမဲ့ရိုက်နှက်သည်အထိ ဖိနှိပ်မှုများ တိုးလာနေကြောင်း ဒီဇင်ဘာ ၁၃ ရက်အထိ သိရသည့် အခြေအနေကို လုံခြုံရေးအရ အမည်မဖော်လိုသူ လူငယ်တစ်ဦးက ပြောသည်။

“မကျေနပ်ရင် မကျေနပ်တဲ့ကောင်ကို ခေါ်ပြီးတော့ ရိုက်တာတွေဘာတွေလုပ်တယ်။ ဘာလို့ မင်းမျက်နှာက အချိုးမပြေတာလဲ၊ မင်းထွက်ခဲ့စမ်းဆိုပြီး ရိုက်တာမျိုးတွေပါ လုပ်တယ်။ အဲဒါ တော်တော်ဆိုးတာပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါလူငယ်သည် မတ်လ ၃ ရက်နေ့က တာမွေမြို့နယ်တွင် ဆန္ဒပြရင်း အဖမ်းခံရကာ ပုဒ်မ ၅၀၅ −က နှင့် အင်းစိန်ထောင်၌ ချုပ်နှောင်ခံရပြီးနောက် အောက်တိုဘာ ၁၉ ရက်ကမှ လွတ်ငြိမ်းသက်သာခွင့်ကြေညာချက်အရ ခြွင်းချက်နှင့် ပြန်လွတ်လာသူဖြစ်သည်။

အာဏာသိမ်းပြီး ၆ လကျော်အကြာ ဇူလိုင် ၂၃ ရက်တွင် အင်းစိန်ထောင်တွင်း တစ်ကြိမ်ဆန္ဒပြပြီးနောက် ထောင်အာဏာပိုင်တို့ လိုက်လျောပေးခဲ့သည့် အခွင့်အရေးတချို့ကို ယခု ပြန်ပိတ်ပင်လိုက်ပြီဟု ၎င်းထံမှ သိရသည်။

ထိုစဉ်က ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအပါအဝင် အချက် ၁၁ ချက်ကို ဆန္ဒပြတောင်းဆိုရာတွင် အရေးမကြီးဆုံး အချက် ၃ ချက်ကိုသာ နားလည်မှုဖြင့် ထောင်အာဏာပိုင်တို့က လိုက်လျောထားခဲ့သည်ဟု ၎င်းက ပြောသည်။

ထောင်ဝန်ထမ်းများမှတစ်ဆင့် မိသားစုထံ တစ်ပတ်တစ်ခါ စာရေးပို့ခွင့်၊ ထောင်ဝင်စာတွင် ကော်ဖီမစ် အထုပ် ၃၀ အထိ ပို့ခွင့်၊ တစ်လလျှင် စာအုပ် ၅ အုပ်ပို့ခွင့် စသည့်အခွင့်အရေးများကို ယခု ပြန်ရုပ်သိမ်းလိုက်ပြီဟု ထိုလူငယ်က ပြောသည်။

“အရင်ကတည်းက သူတို့က အကြာကြီးပေးဖို့ အစီအစဉ်မရှိဘူး။ ထောင်တွင်းဆူပူမှုမှာ တစ်စုံတစ်ရာ ငြိမ်သက်သွားအောင် ကစားကွက်တစ်ခုအနေနဲ့ ကစားပြီး ကျွန်တော်တို့ကို လိုက်လျောခဲ့တာ တကယ်ကို တိတိပပ လိုက်လျောပေးတာမျိုးမဟုတ်ဘူးဗျ” ဟု ၎င်းက ပြောသည်။

မူလကပင် ဖိနှိပ်မှုဖြင့် နာမည်ဆိုးထွက်သည့် အင်းစိန်ထောင်၌ ဇူလိုင် ၂၃ ရက် ဆန္ဒပြမှုအပြီးတွင် ထောင်အရာရှိတို့ ပို၍ သဘောထားတင်းမာလာဖွယ်ရှိကြောင်း၊ လွန်ခဲ့သည့် တစ်ပတ်ခန့်က ဆန္ဒပြအပြီး ဖိနှိပ်မှုများ ယခုထက် ပိုမိုဆိုးရွားလာနိုင်ကြောင်း ထိုလူငယ်က ခန့်မှန်းသည်။

ကိုယ်တိုင် အင်းစိန်ထောင်အတွင်းရှိနေစဉ်ကပင် ဖိနပ်မှားစီးမိသည့် အကျဉ်းသားကို ဝန်ထမ်းတစ်ဦးက ပါးရိုက်သည်ကို ကိုယ်တိုင်တွေ့ခဲ့ရသလို ထိုသို့ အနိုင်ကျင့်သည့် ဝန်ထမ်းများကို တိုင်တန်းလျှင် ထောင်အာဏာပိုင်များက အရေးယူလေ့မရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ပါးရိုက်ခံရလိုက်၊ နားရိုက်ခံရလိုက်၊ နားရင်းအုပ်ခံရလိုက်၊ အထိုးခံရလိုက်နဲ့။ အဲလိုဟာမျိုးတွေက ခဏခဏဖြစ်တာ။ ကောင်လေးတစ်ယောက်ဆိုရင် ပါးရိုက်ခံရတာ မျက်လုံးထောင့်ကနေ နီရဲပြီးတော့ ကြည့်လို့မရဘူးတောင် ဖြစ်သွားတာ” ဟု  ထိုလူငယ်က ပြောသည်။

သို့သော် ထိုသို့ နှိပ်စက်ပြရုံဖြင့် နိုင်ငံရေးအကျဉ်းသားများက ဖိနှိပ်မှုများကို ငုံ့ခံနေမည်မဟုတ်ဟု သတင်းစကားများရထားကြောင်း ၎င်းက ဆက်ပြောသည်။

“အပြင်က ရဲဘော်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ သူတို့က ပြောတယ်”ဟု ထိုလူငယ်က ဆိုသည်။

အင်းစိန်ထောင်၌ ဒီဇင်ဘာ ၁၀ ရက် ရိုက်နှက်မှုများတွင် သီးသန့်ထောင်အဆောင်မှူး ဦးသော်ဇင်ထွဋ်၊ ဦးချစ်စမ်းမောင် (၃ ပွင့်အဆင့် ထောင်အရာရှိ)၊ ဦးအေးကြိုင် (ထောင်ပိုင်လေး) တို့ ဦးဆောင်ကျူးလွန်ကြောင်း Myanmar Now ကို သတင်းပေးလာသူရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီကမူ အင်းစိန်ထောင်အတွင်း ဆန္ဒပြမှုများနှင့် ပတ်သက်၍ သတင်းအမှောင်ချထားဆဲဖြစ်သည်။

ထောင်တွင်းအခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းနိုင်ရန် အကျဉ်းဦးစီးဌာနကို အကြိမ်ကြိမ်ဆက်သွယ်သော်လည်း တယ်လီဖုန်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button