ဒေါ်ညိုညိုသင်းနှင့် တွေ့ဆုံမေးမြန်းခြင်း (အင်တာဗျူး)

ဒေါ်ညိုညိုသင်း (Nyo Nyo Thinn Facebook)
ဒေါ်ညိုညိုသင်း (Nyo Nyo Thinn Facebook)

ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းသည် ဥပဒေ၊ ကျားမနှင့် နိုင်ငံရေးကျောင်းဖြစ်သော School of Law, Gender and Politics (SLGP) နှင့် တရားရုံး၊ လွှတ်တော်နှင့်အစိုးရ စောင့်ကြည့်ရေး အဖွဲ့ ဖြစ်သော Yangon Watch တို့ကို တည်ထောင်သူဖြစ်သည်။ Myanmar Now နှင့်တွေ့ဆုံရာတွင် အခြေခံဥပဒေပြင်ဆင်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကဏ္ဍ၊ တပ်မတော်နှင့်နိုင်ငံရေး စသည့် အချက်များကို ဖြေကြားထားသည်။

မေး။    ။ ဒေါ်ညိုညိုသင်းဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လွှတ်တော်ထဲ ဝင်ပြင်မယ်ဆိုပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။ ခုအချိန်မှာ ပြန်ကြည့်ရင် အဲဒီတုန်းက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဆုံးဖြတ်ချက် ဘယ်လောက် မှန်ကန်မှုရှိပါသလဲ။ အခြေခံဥပဒေကို အရင် ပြင်ဆင်ပြီးမှသာ ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းခဲ့သူတွေကိုရော ဘာများပြောချင်ပါသလဲ။

ဖြေ။     ။အဲဒါက ပြောဖို့ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလို နှိုင်းယှဉ်ဖို့ဆိုတာ အခြေခံဥပဒေပြင်ပြီးမှ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ကြည့်စရာ မရှိလို့ပါပဲ။ ပြည်သူလူထု အနေနဲ့ရော နိုင်ငံရေးသမားတွေအနေနဲ့ရောပေါ့။ တကယ်ပဲ ဒီမိုကရေစီစံနှုန်းအရ ဆိုရင်တော့ အခြေခံဥပဒေကို ပြင်ဆင်ပြီးမှ ရွေးကောက်ပွဲကိုဝင်တာ အကောင်းဆုံးပဲပေါ့။ ဒါပေမယ့်လည်း လက်တွေ့မှာ အဲဒါဟာ အခြေအနေမပေးခဲ့ပါဘူး။ အခြေအနေ လုံးဝမပေးခဲ့တာကလဲ ဒီနေ့ထိပါပဲ။

အဲဒါအခြေအနေမပေးသလို ရွေးကောက်ပွဲဝင်ပြီး အခြေခံဥပဒေ ပြင်ဆင်မယ်ဆိုတဲ့ ကျွန်မတို့ ၂၀၁၀ ရွေးကောက်ပွဲကိုဝင် နိုင်ငံရေးအုပ်စုတွေကလည်း အခြေခံဥပဒေကို ဒီနေ့အထိ မပြင်နိုင်သေးဘူး။

အဲဒီတော့ ရှင်မေးတဲ့ မေးခွန်းကို ဖြေဖို့ဆိုရင် ကျွန်မက နှစ်ခုကို ယှဉ်တွဲပြီး ဘယ်ဟာက ပိုကောင်းသလဲဆိုတာ ကြည့်ရမှာဖြစ်တဲ့အတွက် အဲဒီယှဉ်တွဲစရာ အခြေခံဥပဒေကို ပြင်ပြီးမှဝင်ရ မယ်ဆိုတဲ့ အခြေအနေက ဒီနိုင်ငံမှာ အခုထိ မပေးတဲ့အတွက်ကြောင့် ဘယ်လိုဖြေရမှန်းကို မသိဘူးပေါ့။ ဒါကြောင့် ရှင်မေးခွန်းရဲ့အဖြေကို အမှန်ဆုံးပေးနိုင်လိမ့်မယ် မထင်ပါဘူး။ သုံးသပ်ချက်ပေးဖို့ ခက်ပါတယ်။

မေး။    ။၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူတွေ အများစုက ပြောခဲ့ကြတာက ရွေးကောက်ပွဲလိုင်းကသာ သွားမယ်ဆိုရင်တော့ တပ်မတော်က နိုင်ငံရေးကနေ ဆုတ်ခွာသွားလိမ့်မယ်လို့ ဆိုကြတယ်။ ခုဆို ရှစ်နှစ်ကြာခဲ့ပြီ။ တပ်မတော်ဟာ နိုင်ငံရေးကနေ တဖြည်းဖြည်း ဆုတ်ခွာနေပြီလို့ ထင်ပါသလား။

ဖြေ။     ။နိုင်ငံရေးဘက်မှာ အရင်တုန်းကလို တပ်မတော်က အုပ်ချုပ်ရေးပိုင်းမှာ ဝင်စွက်ဖက်တာ ကြီးကြီးမားမား မတွေ့ရတော့ပါဘူး။ မရှိတော့ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ရှိတုန်းပဲ။ ပြည်သူလူထုဘက်ကလည်း အကြောက်တရား လျော့သွားတယ်။ ပြည်သူလူထုကလဲ သူတို့ကို အုပ်ချုပ်နေတာဟာ ဒီမိုကရေစီအစိုးရလို့ ယုံကြည်လာတာနဲ့အမျှ အစိုးရက ခန့်အပ်တဲ့ အုပ်ချုပ်ရေးအရာရှိတွေကို ပြောရဲဆိုရဲ မေးခွန်းထုတ်ရဲ ရှိလာတယ်။ ဒါကြောင့် ကျွန်မတို့က အုပ်ချုပ်ရေးကဏ္ဍမှာ တပ်ရဲ့ လွှမ်းမိုးမှုက လျော့ပါးလာပြီလို့ ပြောလို့ရလာပါတယ်။ ဒါက အနှစ်သာရပိုင်းအရ ပြောတာပါ။ အသွင်သဏ္ဌာန်အရ  ဆိုရင်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ အများစုက တပ်က ခန့်အပ်ထားသူတွေ ဖြစ်နေပါတယ်။ အဲဒီ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ထဲမှာ တချို့က ပြည်သူလူထုနဲ့ တစ်သားတည်း ရပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကိုလည်း တွေ့လာရပါတယ်။ တပ်ရဲ့ အမာခံတွေရှိသလို ခေတ်နဲ့ အညီ ပြုပြင်ပြောင်းလဲလိုစိတ်ရှိတဲ့ အုပ်ချုပ်ရေးမှူးတွေလည်း ရှိလာပါတယ်။ အရင်ခေတ်ကဆို အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုတွေ၊ စစ်ပွဲရပ်ဆိုတဲ့ လှုပ်ရှားမှုတွေ၊ မီဒီယာတွေ အရင်ကထက် လွတ်လပ်မှုတွေ တွေ့လာရပါတယ်။ ၂၀၁၀ ပြည့်နှစ် မတိုင်ခင်ကနဲ့စာရင်တော့ အခု အခြေအနေက အများကြီး ကောင်းလာတယ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့် တိုင်းပြည်မှာ ဒီနေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ ၂၀၁၀ မတိုင်ခင်ကထက် စာရင် အများကြီး ပိုလာပါတယ်။ မေးခွန်းထုတ်တဲ့ လူတချို့ရှိတယ်။ ဒီနေ့တိုင်းပြည်မှာ ရင်ဆိုင် ကြုံတွေ့နေရတဲ့ ပြဿနာတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်လို့ ဖြစ်ရလားပေါ့။ ကျွန်မကတော့ အလုံးစုံ လက်မခံနိုင်ပါဘူး။ ဒါကို ၃၀ ရာခိုင်နှုန်းလောက်ပဲ လက်ခံနိုင်ပါ တယ်။ ဒီနေ့ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး အခက်အခဲတွေကို အခြေခံဥပဒေမပြင်ဘဲနဲ့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်တော့ ဖြေရှင်းနိုင်ပါတယ်။ မယုံရင် လုပ်ပြမယ်။ တကယ်လုပ်ပြနိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးကို မလုပ်နိုင်ဘဲ တိုင်းပြည်ရဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုတာကို ကျွန်မ အပြည့်အဝ မယုံကြည် ပါဘူး။ အဲလိုပြောလို့ ကျွန်မက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါကြောင့်ဆိုပြီး တိုင်းပြည်ရဲ့ ပြဿနာတွေကို မဖြေရှင်းဘဲ ၂၀၀၈ ကိုပဲ ပုံချပြီး ဒီတိုင်းထိုင်နေပြီး လခယူနေတာကိုတော့ ပြည်သူလူထုအတွက် မတရားဘူးလို့ ထင်ပါတယ်။

မေး။    ။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲကနေ သွားခဲ့ကြတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတွေမှာ ဘယ်ကဏ္ဍတွေကို အားရမှု ရှိပါသလဲ။

ဖြေ။     ။ကျွန်မ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရှိခဲ့တဲ့ ၂၀၁၅ အထိ ကာလကိုပဲ ပြောရမှာပါပဲ။ ၂၀၁၅ ခုနှစ်အထိက တပ်မတော် ဦးဆောင်တဲ့ အစိုးရ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အာဏာလွှမ်းမိုးတဲ့ကာလ ဖြစ်ပါတယ်။ အဲဒီကာလမှာ ကြံ့ခိုင်ရေးကိုယ်တိုင်ကိုက အခြေခံဥပဒေကို ပြင်ဆင်ချင်ပါတယ်။ တပ်မတော်သားတွေကိုယ်တိုင်က အခြေခံဥပဒေကို ပြင်ဆင်သင့်တယ်လို့ သူတို့ ကိုယ်တိုင်ပြောတယ်။ နိုင်ငံအနှံ့အပြားမှာ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက်တွေ အများကြီး ဖိတ်ခေါ်ခဲ့ပါတယ်။ လွှတ်တော်ထဲမှာ အများကြီးပဲ။ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေ တောင်းပြီးတော့ ပြင်ဆင်ဖို့ကို ကြိုးစားအားထုတ်ခဲ့တယ်။ အဲဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆိုပြီး လက်မှတ်တွေ ကောက်ခံခဲ့တယ်။ တကယ်ကိုပဲ သက်ဆိုင်ရာ အစိုးရကို ပို့ခဲ့နိုင်တယ်ပေါ့။ ပြည်သူလူထုဟာ အခြေခံဥပဒေကို ဘယ်လောက်တောင် ပြင်ဆင်လိုပါတယ်ဆိုတာကို သက်သေကောင်းတစ်ခုကို ပို့ခဲ့နိုင်ပါတယ်။ လွှတ်တော်ထဲမှာလည်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ  အခြေအတင်ဆွေးနွေးပွဲတွေ ကြိမ်ဖန်များစွာ လုပ်ခဲ့ပါတယ်။ ခုထက်ထိ အဲဒီမှတ်တမ်းတွေ ရှိနေတယ်။ မဲခွဲခဲ့တာတွေရှိတယ်။ ကျွန်မ မှတ်မိတာက အဲဒီအချိန်တုန်းက ဒီမိုကရေစီအင်အားစုတွေ တော်တော်များများ မခံချိမခံသာဖြစ်ရတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုပြီး ရွေးကောက်ပွဲဝင်သွားခဲ့ပြီး ၄၄ နေရာရပေမယ့် ဖွဲ့စည်းပုံပြင်ဆင်မယ့်ကိစ္စကို တကယ်လုပ်သွားတာက ကြံ့ခိုင်ရေးက ဖြစ်နေ တယ်။ ကြံ့ခိုင်ရေး ဒုဥက္ကဋ္ဌက အဆိုတင်သွင်းခဲ့တာ။ နိုင်ငံရေးအရ ဒီချုပ်ဟာ လက်ဦးမှု မယူတတ်ဘူးဆိုတာကို ပြောချင်တာပါ။ ကြံ့ခိုင်ရေးအမတ်တွေကပဲ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အဆိုတင်သွင်းပြီးတော့ ကော်မတီဖွဲ့စည်းပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါတယ်။ အကြီးအကျယ်ကို လုပ်ခဲ့ကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ၂၀၁၄-၂၀၁၅ ကာလတုန်းက လွှတ်တော်ထဲမှာ ကြိုးပမ်းမှုကြီးတွေ ရှိခဲ့ပေမယ့် အဲဒီလို ကြိုးပမ်းအားထုတ်မှုမျိုးကို ၂၀၁၅ ရွေးကောက်ပွဲမှာ တက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်က မရှိဘူးဖြစ်နေတယ်။ အဲဒါကို ကျွန်မတို့က ကောင်းကောင်း မေးခွန်းထုတ်ရမယ်။

မေး။     ။ ဒုတိယသမ္မတ တစ်ဦးကို တပ်မတော်က တိုက်ရိုက်ရွေးကောက် တင်မြောက်ခွင့်လိုအချက်တွေ၊ တပ်က ၂၅ ရာခိုင်နှုန်း ရှိနေတာတွေကိုရော တပ်နဲ့ကြံ့ခိုင်ရေးက ဦးဆောင် ပြင်ဆင်သွားလိမ့်မယ်လို့ ယူဆပါသလား။ ဒီအချက်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်ဖို့ကြိုးပမ်းခဲ့ရင်ရော သူတို့က လိုက်လျောလိမ့်မယ်လို့ ယူဆပါသလား။

ဖြေ။     ။ဒါကတော့ ခေါင်းဆောင်တွေရဲ့ ညှိနှိုင်းဆွေးနွေးရေးနဲ့ဆိုင်တဲ့ အစွမ်း (Negotation Skill) တွေနဲ့ပဲ ဆိုင်မယ်။ သက်ဆိုင်ရာ ခေါင်းဆောင်များ (တပ်မတော်အပါအဝင်၊ နိုင်ငံရေး ခေါင်းဆောင်တွေ)ရဲ့ ပြည်သူလူထုအပေါ်မှာ ဘယ်လောက်စေတနာထားသလဲ၊ ဒီမိုကရေစီကို ဘယ်လောက်ယုံကြည်သလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်လို့ ပြောရမှာပါပဲ။ အဲဒီ ခေါင်းဆောင်တွေက လူထုကို ဒီမိုကရေစီပေးချင်သလား၊ မပေးချင်ဘူးလား။ အဲဒီအပေါ်မှာ မူတည်နေပါတယ်။ ဒါကတော့ တပ်မတော်ကတော့ သူတို့ အသာစီးရထားလို့ ပြင်ချင်စိတ် မရှိဘူးလို့ တစ်ထစ်ချ မှတ်ထားလို့မရပါဘူး။ တပ်မတော်ခေါင်းဆောင်တွေထဲမှာ ဖွဲ့စည်းပုံကို ပြင်ချင်တဲ့ စိတ်ရှိထားတယ်လို့ ကျွန်မတို့သိထားရတာတွေ အများကြီးရှိပါတယ်။ တပ်က ၂၅ ရာခိုင်နှုန်း ရှိနေတာကို သူတို့ကိုယ်တိုင် သဘောမကျတဲ့သူတွေကိုလည်း ကျွန်မတို့ တွေ့ဖူးတာပဲ။ ဒါကြောင့် ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးအရ ဘယ်လောက်ကျွမ်းကျင်၊ ပါးနပ်သလဲဆိုတဲ့ အချက်အပေါ်မှာ အများကြီး မူတည်ပါတယ်။ တကယ်လူထုကို စေတနာရှိတယ်ဆိုရင်တော့ အရပ်သားဖြစ်ဖြစ်၊ တပ်ကဖြစ်ဖြစ် ဒီအချက်ကို မလုပ်ရဲစရာ အကြောင်းမရှိပါဘူး။

မေး။    ။ ၂၀၁၀ နောက်ပိုင်း တရားစီရင်ရေး ကဏ္ဍကရော ပြောင်းလဲလာတယ်လို့  ယူဆပါသလား။

ဖြေ။     ။ တရားစီရင်ရေးမဏ္ဍိုင်ကတော့ ထူးထူးခြားခြား ပြောင်းလဲတာတော့ မရှိဘူးပေါ့။ အစိုးရသစ် တက်တက်ချင်း တစ်လ၊ နှစ်လ လောက်တော့ တရားရုံးတွေမှာ အတောင်းအရမ်း တွေ နည်းနည်းငြိမ်သွားတယ်။ ဒါပေမယ့် အစိုးရသစ်တက်ပြီးတော့ ခြောက်လလောက်မှာတော့ မူလအတိုင်းပဲ ပြန်ဖြစ်သွားတယ်။ တောင်းတတ်တဲ့လူက တောင်းမြဲပေါ့။ မတောင်းတဲ့ လူတွေကတော့ မတောင်းမြဲပေါ့။ မူလအတိုင်းပဲ ပြန်ဖြစ်သွားတယ်လို့ပဲ ပြောရတော့မှာပေါ့။

မေး။    ။အဓိကကျတဲ့ အခြေခံဥပဒေကို မပြင်ဆင်ဘဲ တရားစီရင်ရေးမဏ္ဍိုင်ကို ပြုပြင်ပြောင်းလဲဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဖြေ။     ။ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်မှ တရားစီရင်ရေးမဏ္ဍိုင်ကို ပြင်ဆင်နိုင်တာမျိုးမဟုတ်ဘူး။ ဥပဒေသမားတစ်ယောက် အနေနဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်ပြီးတော့ တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်လို့ရတယ်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဖို့ဆိုတာက လွှတ်တော်မှာလည်း လုပ်လို့ရတယ်။ လွှတ်တော်မှာလည်း NLD က မဲအများဆုံး ရထားတာဖြစ်တဲ့အတွက် ဒါ ကောင်းကောင်းကြီး ပြင်နိုင်တယ်။ ဘာကြောင့်မပြင်တာလဲ ဆိုတာတော့ ကျွန်မလည်း မပြောနိုင်ပါဘူး။

မေး။    ။တရားရေးကဏ္ဍကို အစိုးရသစ်က ကိုင်တွယ်လို့မရတဲ့ အနေအထား ဖြစ်နေတာလား။

ဖြေ။     ။တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး ကဏ္ဍတွေက လွတ်လပ်ဖို့ လိုပါတယ်။ ဒါကြောင့် လွတ်လပ်စွာရှိနေတဲ့ တရားစီရင်ရေးကဏ္ဍကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ထိန်းကျောင်းနိုင်တဲ့ အရာတွေ အများကြီးရှိတယ်။ ဥပမာအားဖြင့်ဆိုရင် လွှတ်တော်တွေက တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်နေပြီဆိုတာ အချက်အလက် ခိုင်ခိုင်မာမာ တွေ့လို့ရှိရင် တရားသူကြီးတွေကို ပြစ်တင်ရှုတ်ချလို့ရတယ်။ လူလဲပစ်လို့ရတယ်။ တချို့တွေကထင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားသူကြီးတွေကို ဖြုတ်လို့ မရဘူးပေါ့။ ဒါကြောင့်မို့လို့ တရားစီရင်ရေးကို ထိန်းကျောင်းလို့ မရဘူးပေါ့။ အဲဒါတွေက အကုန်မမှန်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရကို တရားရုံးချုပ် တရားသူကြီးတွေကို ပြစ်တင်ရှုတ်ချနိုင်တယ်။ လွှတ်တော်တွေကနေ ဖြုတ်ချလို့ရတယ်။

မေး။    ။ လက်ရှိတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက တပ်မတော်ဘက်ကနေလာသူ ဖြစ်နေတယ်။ စစ်ဥပဒေချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ဖူးတယ်။ သူ့အပေါ် ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။     ။ကျွန်မကတော့ သူ့ကို အစည်းအဝေးတွေမှာ တွေ့ဖူးသလောက်ကတော့ တစ်ကြိမ်၊ နှစ်ကြိမ်လောက်သာ ရှိတော့ လုံလောက်တဲ့အချက်အလက် မရှိလို့ မသုံးသပ်နိုင်ပါဘူး။ ဒါပေမယ့် လက်ရှိအစိုးရနဲ့လွှတ်တော်ကို ပြောချင်တာကတော့ တရားစီရင်ရေးစနစ်ဟာ ယိမ်းယိုင်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တော်တော် များများက ထောက်ပြနေကြတယ်။ အဲဒါဆိုရင် ဖြောင့်မှန်တဲ့ တရားစီရင်ရေးကို ဖော်ဆောင်မယ့် တရားသူကြီးချုပ်တွေကို ရှာဖွေသင့်ပါတယ်။ အဲလိုပြောလို့ ဦးထွန်းထွန်းဦးကို မသင့်တော် ဘူးလို့ ပြောတာမဟုတ်ဘူး။ တပ်ဖက်ကလာတာဖြစ်တာကြောင့် သူ့ရဲ့ ကျွမ်းကျင်မှုဟာ တပ်ဘက်မှာ ပိုများလိမ့်မယ်။ တပ်နဲ့ ဆိုင်တဲ့ဘက်မှာ ဖြစ်လိမ့်မယ်။ ကျွန်မတို့နိုင်ငံမှာ တပ်မဟုတ်တဲ့ ပြည်သူလူထုက ၉၀ ရာခိုင်နှုန်းလောက် ရှိနေတယ်။ ပြည်သူလူထုအတွက် တရားမျှတမှုကို ဖော်ဆောင်ဖို့ဆိုရင် ပြည်သူလူထုနဲ့ အနီးစပ်ဆုံး ဥပဒေပညာရှင်တွေကို စဉ်းစားသင့်တယ်။ တပ်မတော်အစိုးရက တပ်နဲ့ နီးစပ်တဲ့ ဥပဒေပညာရှင်ကို ခန့်ထားခဲ့တာဟာ သဘာဝကျတယ်။ တပ်မတော်အစိုးရက ခန့်ထားတဲ့ တပ်နဲ့ နီးစပ်တဲ့ ဥပဒေပညာရှင်ကို ဒီမိုကရေစီအစိုးရလို့ ခေါ်တဲ့ အရပ်သားအစိုးရက ဆက်ခန့်ထားပြီးတော့ တရားစီရင်ရေးမဏ္ဍိုင်ကို ထိန်းကျောင်း၊ အုပ်ချုပ်စေတာကတော့ ကျွန်မအနေနဲ့ကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ သူက ပြည်သူလူထုနဲ့နီးစပ်တဲ့ ဥပဒေပညာရှင်လို့ ပြောဖို့ခက်တယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ တပ်မတော်က လာခဲ့တဲ့ တပ်မတော်က မွေးထုတ်ထားတဲ့ တရားသူကြီးတစ်ယောက်ဖြစ်လို့ပဲ။

မေး။    ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း တရားရေးမဏ္ဍိုင်ကို အပြောင်းအလဲလုပ်ဖို့အတွက် အစိုးရတာဝန်ကို စယူချိန်ကတည်းက ပြောခဲ့တယ်။ ဒီချုပ်ရဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံမှာလည်း တရားဥပဒေစိုးမိုးရေးဆိုတဲ့ အချက်ကို အရေးကြီးတဲ့အချက်အနေနဲ့ ထည့်ထားတာ တွေ့ရတယ်။ ဒါပေမဲ့ ဘာလို့ ခုထက်ထိ ရွေးကောက်ပွဲကတိကဝတ်အတိုင်း အကောင်အထည်ဖော်ဖို့ကို နှေးကွေးနေသေးတာလဲ။

ဖြေ။     ။ကျွန်မအနေနဲ့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘူးလို့ပဲ ယူဆတယ်။ ပွင့်ပွင့်လင်းလင်းပဲ ပြောရတော့မှာပဲ။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဘယ်လိုပဲဆိုဆို ပြည်ထောင်စုတရားစီရင်ရေးဥပဒေဆိုတာ လွှတ်တော်က ပြဋ္ဌာန်းလို့ရတယ်။ အစိုးရ အဆက်ဆက်မှာ ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို အကြိမ်ကြိမ် ပြင်ခဲ့တယ်။ ဒီချုပ်အစိုးရလက်ထက်မှာလည်း ဒီဥပဒေကြီးကို ပြင်ဆင်ပြဋ္ဌာန်းလို့ရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်အောင်ကို လုပ်လို့ရတယ်။ ကျွန်မလို အင်မတန် ငယ်ရွယ်တဲ့ ဥပဒေသမားတောင်မှ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးစနစ်ကို ဘယ်လိုသွားရမယ်၊ လုပ်ရမယ်ဆိုတာကို နည်းလမ်းတွေရှိတယ်။ ဘာကြောင့် အစိုးရက မရှိရတာလဲ။ ဒါကို ကျွန်မက မသင်္ကာဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကြောင့် တရားသူကြီးချုပ်ကို မလဲတာလား။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကြောင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို မပြင်ဆင်တာလား ဆိုပြီးတော့ မေးခွန်းထုတ်ရမလို ဖြစ်လာတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးစနစ်နဲ့ ဘာမှမဆိုင်ဘူး။ မှန်ကန်တဲ့ တရားစီရင် ရေးစနစ်ကို ဖန်တီးပေးခြင်းအားဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အထောက်အကူတောင်ပြုမှာ။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ကလည်း အကြိမ်ကြိမ် ပြောတယ်။ သူတို့လည်း တရားဥပဒေစိုးမိုးရေးကို လိုလားတယ်။ သူတို့လည်း ငြိမ်းချမ်းရေးကို လိုလားတယ်လို့ အကြိမ်ကြိမ် ပြောနေတာကြောင့် မှန်ကန်တဲ့ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး ကို တပ်မတော်က လိုချင်နေတာ အမှန်ပဲ။ သူတို့ ခေါင်းဆောင်တွေရဲ့ ပြောစကားအရ ဆိုရင်ပေါ့လေ။ ဒါကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ယိမ်းယိုင်တဲ့ တရားစီရင်ရေး စနစ်ကို မှန်ကန်တဲ့ တရားစီရင်ရေးအဖြစ် မလုပ်နိုင်ဘူး ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့ သမ္မတဦးဝင်းမြင့်ကလည်း မှန်ကန်တဲ့ တရားစီရင်ရေးစနစ်ဖြစ်အောင် ထိန်းကျောင်းမယ် လို့ သူ့ရဲ့ ပထမဆုံးမိန့်ခွန်းမှာ ပြောကြားခဲ့တာပေါ့။ ဒါကြောင့် ကျွန်မက အရင်သမ္မတလက်ထက်မှာ မလုပ်နိုင်ခဲ့ပေမယ့် အခုသမ္မတလက်ထက်မှာတော့ ထိုက်သင့်တဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading