သတင်း

ငြိမ်းချမ်းရေးနယ်မြေ လေးကေ့ကော်တွင် တိုက်ပွဲ နှစ်ရက်ဆက်ဖြစ် 

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အစိုးရတို့ကြား အပစ်အခတ်ရပ်စဲပြီးနောက် ငြိမ်းချမ်းရေးအတွက် တည်ဆောက်ခဲ့သည့် မြဝတီမြို့တောင်ဘက် ကိုးမိုင်အကွာရှိ လေးကေ့ကော်မြို့သစ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၁၅) ၌ တိုက်ပွဲများ စတင်ခဲ့သည်။ 

ယမန်နေ့က ည ၉ နာရီခွဲခန့်အထိ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၁၆) မွန်းလွဲ ၂ နာရီခန့်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ 

ယနေ့နံနက် လေးကေ့ကော်မြို့အနီးရှိ မဲထော်သလေးကျေးရွာအနီးတစ်ဝိုက် စစ်တပ်နှင့် KNU ၏ ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

ထပ်မံရောက်ရှိလာသော စစ်ကောင်စီတပ်သားများသည် KNLA ၏ ကာကင်း ခေါ် ကင်းစောင့်ကြည့်သော အဖွဲ့နှင့် ရင်ဆိုင်ရသည်ဟု သိရကြောင်း၊ နံနက် ၁၀ နာရီမှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး မွန်းတည့် ၁၂ နာရီခန့်အထိ လက်နက်ကြီး လက်နက်ငယ်အသံများကို ကြားနေရဆဲဖြစ်ကြောင်း စစ်ရှောင်ဒေသခံတစ်ဦးက ပြောသည်။

“စစ်ကူလိုက်လာတဲ့အဖွဲ့က မြဝတီကနေ မဲထော်သလေးကို ကူးလာရော၊ မဲထော်သလေးထိပ်မှာက မဟိကလော်ဆိုတာ ရှိတယ်။ အဲဒီမှာက KNU ကာကင်းရှိတာ။ အဲဒီကာကင်းကအဖွဲ့တွေက ဒီကောင်တွေ တက်လာမယ်ဆိုတာ သတင်းကြိုရလို့ အဲဒီထိပ်က စောင့်ပစ်တာ” ဟု ၎င်းက ဆက်ပြောသည်။

ယနေ့ မြဝတီမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်များနှင့်အတူ ၎င်း၏ လက်အောက်ခံ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် နယ်ခြားစောင့်တပ် (BGF) များလည်း ပါဝင်သည်ဟု ဒေသခံတချို့ကလည်း ပြောသည်။

KNLA နှင့်အတူ ပူးတွဲပါဝင်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် PDF တစ်ဦးက ယနေ့တိုက်ပွဲတွင် နှစ်ဖက် အကျအဆုံးရှိကြောင်း မွန်းလွဲ ၂ နာရီခွဲခန့်တွင် Myanmar Now ကို ပြောသည်။

“လက်နက်ကြီးနဲ့ပစ်တာ အလုံး ၆၀ ကျော်ပြီ။ မဲထော်သလေးနဲ့ မဟိကလော်မှာ (စစ်တပ်က) လက်နက်ငယ်တွေနဲ့ရော လက်နက်ကြီးနဲ့ပါ ပစ်တာ နှစ်ဖက်စလုံး အကျအဆုံးတွေရှိတယ်”ဟု ဆိုသည်။

တိုက်ပွဲကြောင့် မြဝတီမြို့နှင့် မဲထော်သလေးရွာကို ဆက်သွယ်ထားသည့်လမ်းကို စစ်ကောင်စီက ပိတ်ထားလိုက်ပြီး ဖြတ်သန်းမည့် ခရီးသွားများအား ပြန်လှည့်ခိုင်းနေကြောင်း ဒေသခံတစ်ဦးကို ကိုးကား၍ ကရင်သတင်းဌာန (KIC) က  ရေးသားထားသည်။

ယနေ့ နံနက်တိုက်ပွဲ၌ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးကြောင်း တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေသည့် PDF နောက်တစ်ဦးက ပြောသည်။

“သူတို့ လေးကေ့ကော်ထဲကို တက်လာပြီဆိုတာနဲ့ ပစ်ဖို့ (KNU က) အမိန့်ပေးထားတယ်။ ဒီဘက်ကို ကျူးကျော်လာရင် ပစ်မိန့်အကုန်လုံးပေးထားပြီးသား”ဟု အထက်ပါ PDFအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆက်လက်၍ “မနက် ၈ နာရီလောက်ကျတော့ မဲထော်သလေးဂိတ်ဘက်ကို စစ်ကောင်စီဘက်က စပစ်တာ။ လက်နက်ကြီးတွေနဲ့ ပစ်တာ။ တချို့ဆို အိမ်တွေပေါ်ကျပြီးတော့ မီးလောင်သွားတာတွေလည်း ရှိတယ်။ ပြောင်းဖူးစိုက်ခင်းတွေထဲလည်း ကျတယ်”ဟု ထိုသူက ဆိုသည်။

ယနေ့နံနက် ၈ နာရီမှစ၍ မဲထော်သလေးဂိတ်ဘက်သို့ စစ်ကောင်စီတပ်များဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာမှ စတင်၍ ညနေ ၅ နာရီအထိ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်သည် မဟိကလော်ရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် တပ်စွဲထားကာ လေးကေ့ကော်အနီးဝန်းကျင်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း၊ စာသင်ကျောင်း၌ စစ်သားများ KNLA နှင့် PDF အဖွဲ့ဝင်များနှင့် မျက်နှာချင်းဆိုင်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်အဖွဲ့ဝင် ၄ ဦး နေရာမှာတင်သေဆုံးသွားကြောင်း အထက်ပါ PDF လူငယ်က ဆက်ပြောသည်။ 

ယမန်နေ့တိုက်ပွဲ၌ သေဆုံးသွားသည့် စစ်သားအလောင်းများကို စစ်ကောင်စီတပ်က ပြန်မသယ်သွားသောကြောင့် ယနေ့နံနက်တွင် KNLA နှင့် PDFအဖွဲ့ဝင်များက ရှင်းပေးလိုက်ရသည်ဟု ကိုယ်တိုင်ရှင်းပေးခဲ့သူများကို ကိုးကား၍ ၎င်းက ဆိုသည်။

သောင်ရင်းမြစ်ဖြတ်၍ ထိုင်းဘက်ထွက်ပြေး

မဲထော်သလေးရွာအနီးဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ ၂၀၀ ခန့်သည် သောင်ရင်းမြစ်ကို စက်လှေများဖြင့် ဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးရသည်ဟု မဲထော်သလေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဖြစ်ဖြစ်ချင်းမှာပဲ ကျွန်တော်တို့နေတဲ့နေရာကို စစ်ကောင်စီတွေက ရောက်လာတယ်၊ ကျွန်တော်တို့နဲ့တောင် တန်းတိုးသေးတယ်၊ ခြောက်ယောက်လောက်နဲ့။ ကျွန်တော်တို့က အထုပ်တွေအပိုးတွေနဲ့ သယ်နေတာဆိုတော့ ဒီကောင်တွေ ဘာမှမလုပ်တော့ဘူး” ဟု ၎င်းက ပြောသည်။

သောင်ရင်းမြစ်ဖြတ်ကူးကာ ထိုင်းဘက် ထွက်ပြေးနေသော စစ်ရှောင်များကို ဒီဇင်ဘာ ၁၆ နံနက်အစောက တွေ့ရစဉ်။ (ဓာတ်ပုံ-KWO) 

“ကျွန်တော်တို့လည်း သောင်ရင်းဘက်ကို ပြန်ကူးတာပေါ့နော်၊ ကျွန်တော်တို့တစ်သုတ် ပြီးသွားတဲ့အချိန်မှာတော့ နောက်လူတွေကိုတော့ ပေးမကူးတဲ့ အနေအထားတွေရှိတယ်”

ထိုသို့ ဒေသခံအများအပြား သောင်ရင်းမြစ်ကို ဖြတ်ကူးစဉ် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် သောင်ရင်းမြစ်တစ်ဖက်ကမ်းမှ ထိုင်းစစ်တပ်ကလည်း ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ထိုသူက ဆက်ပြောသည်။

စစ်ရှောင်ထွက်ပြေးလာသူများကို ထိုင်းအာဏာပိုင်များက နွားခြံတစ်ခုအတွင်း နေရာချထားပေးပြီး မွန်းလွဲတွင် နေ့လယ်စာများ ဝေငှပေးခဲ့ကြောင်း၊ မွန်းတည့် ၁၂ နာရီခန့်တွင် ပစ်ခတ်မှုရပ်သွားသော်လည်း မွန်းလွဲ ၂ နာရီခွဲခန့်မှစ၍  ပြန်လည်ဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။ 

“အခုပြောနေတဲ့ အချိန်မှာပဲ စက်သေနတ်ဆွဲလိုက်တဲ့အသံ ကြားလိုက်ရတယ်” ထိုင်းဘက်ခြမ်းရောက်ရှိနေသည့် ထိုသူက မွန်းလွဲ ၃ နာရီခွဲခန့်တွင် ပြောသည်။

အာဏာသိမ်းစစ်တပ်က ပစ်ခတ်လိုက်သည်ဟု ယူဆရသည့် လက်နက်ကြီးတစ်လုံး ထိုင်းနိုင်ငံဘက်ခြမ်းရှိ စစ်ရှောင်များနေထိုင်ရာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်၊ ဒဏ်ရာရသူမရှိဟု ထိုနေရာရောက်ရှိနေသူနှစ်ဦး (အထက်ပါအမျိုးသားနှင့် အခြားအမျိုးသမီးတစ်ဦး) ထံမှ သိရသည်။

လေးကေ့ကော်မြို့သစ် 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် KNU လက်မှတ်ရေးထိုးပြီးနောက် ၂၀၁၅ ဖေဖော်ဝါရီတွင် တောင်ခြေ၌ ကပ်လျက်တည်ဆောက်ထားသည့် မြို့ငယ်လေးဖြစ်ပြီး မြို့၏ အနောက်ဘက်တွင် တောင်ကုန်းများ ဝန်းရံထားပြီး ရပ်ကွက်တချို့မှာ တောင်ကုန်းများပေါ်၌ ရှိနေသည်။

အိမ်ခြေ ၈၀၀ နှင့် လူဦးရေ ၂,၀၀၀ ခန့် နေထိုင်သည့် လေးကေ့ကော်မြို့သစ်ကို ရပ်ကွက် ၆ ခုနှင့် ဖွဲ့စည်းထားသည်။ ရပ်ကွက်များမှာ မြို့ပေါ်တွင် ရှိပြီး ရပ်ကွက် ၄ နှင့် ၅ တို့မှာ အနည်းငယ်အလှမ်း‌ဝေးသည့် နေရာ၌ ရှိသည်။

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် တည်ဆောက်ခဲ့သော လေးကေ့ကော်မြို့သစ်၏ ဒေသလုံခြုံရေးနှင့် အုပ်ချုပ်‌ရေးကို ကရင်အမျိုးသားအစည်းအရုံး (KNU) က တာဝန်ယူထားသည်။

လေးကေ့ကော်မြို့သစ်ဧရိယာအတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)  အဖွဲ့ဝင်များ ခိုလှုံနေထိုင်သည်ဟု စစ်ကောင်စီတပ်က ယူဆပြီး ဒီဇင်ဘာ ၁၄ တွင် အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဧရာဝတီတိုင်း၊ မြောင်းမြလွှတ်တော်အမတ် ဦးဝေလင်းအောင် အပါအဝင် လူ ၃၀ ထက်မနည်း ဖမ်းဆီးခံရသည်ဟု ကြားသိရသော်လည်း ယနေ့အထိ အများအပြား ထွက်ပြေးနေကြဆဲဖြစ်သောကြောင့် ဖမ်းဆီးခံရသူများ၏ အရေအတွက်နှင့် အသေးစိတ်အချက်အလက်များကို သီးခြားအတည်မပြုနိုင်သေးပေ။ 

ဖမ်းထားသည့်ထဲတွင် အမတ် ၂ ဦး ပါသည်ဟု စစ်ကောင်စီက RFA သတင်းဌာနကို ပြောသည်။

လေးကေ့ကော်မြို့သစ်အတွင်း ရောက်ရှိခိုလှုံနေသည်မှာ ငါးလခန့်ရှိပြီဖြစ်သော စစ်အာဏာရှင်ကို ဆန့်ကျင်သူ လူငယ်တစ်ဦးက အဆိုပါနေရာတွင် စစ်တပ်က မကြာခဏ ရှာဖွေလေ့ရှိကြောင်း၊ ၎င်းနေထိုင်စဉ်ကာလအတွင်း ၆ ကြိမ်မြောက်ရှာဖွေခြင်းဖြစ်ကြောင်း ယနေ့နံနက်က MYanmar Now ကို ပြောသည်။ 

“ခဏခဏ ဝင်စစ်တယ်၊ ရပ်ကွက်ဘယ်လောက်ကို စစ်မယ်ဆိုပြီး ကြိုသတင်းရတော့ သူတို့နဲ့တွေ့ရင် ပြောရမှာ ခက်တဲ့သူတွေ၊ နယ်မြေခံမဟုတ်တဲ့သူတွေက ရှောင်ကြတယ်။ ဖမ်းတာဆီးတာမျိုးက တစ်ခါမှ မဖြစ်ဖူးဘူးလေ။ ဖမ်းဆီးမယ်မထင်ဘဲ နေကြတာရှိတယ်” ဟု ထိုလူငယ်က အခြေအနေကို ပြောပြသည်။ 

“မြောင်းမြကိုယ်စားလှယ် ကိုဝေလင်းအောင်ကို စဖမ်းလိုက်တော့ ကျွန်တော်တို့လည်း လန့်သွားကြတာပေါ့။ (စစ်တပ်) ဝင်လာတယ်။ လမ်းမှာ တွေ့တဲ့လူငယ်တွေကို အကြောင်းမဲ့ ခေါ်စစ်တယ်။ အားလုံးက ရှောင်ကြ၊ တိမ်းကြပေါ့။ ဒါပေမဲ့ သူတို့က ပတ်ပတ်လည်ဝိုင်းပြီး ဝင်လာတာ” ဟု ထိုလူငယ်က ဆက်ပြောသည်။

လေးကေ့ကော်မြို့သစ်ကို ၂၀၁၉ မေလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-KIC) 

“စစ်ကြောင်း ၄ ခုနဲ့ ဝင်လာကြတော့ အရင်လိုမဟုတ်ဘဲ ပြေးရလွှားရခက်တယ်ပေါ့။ ပထမနေ့မှာ သတင်းတွေကြားတယ်။ တိုက်ပွဲက ဖြစ်မလိုလို၊ မဖြစ်မလိုလို သတင်းတွေကတော့ မျိုးစုံပေါ့။ မေးလိုက်ရင်တော့ နှစ်ဖက်ညှိနှိုင်းနေတယ်လို့ ပြောသံကြားတယ်”

ယင်းညတွင် KNU က နိုင်ငံရေးသမားများနှင့် ခိုလှုံနေသူတချို့ကို အခြားနေရာသို့ ခေါ်ထုတ်ပေးသည်ကို တွေ့ရကြောင်း၊ စစ်တပ်လာမည်ဆိုသည်ကို လေးကေ့ကော်တွင် နေထိုင်သူတချို့ တစ်ရက် ကြိုတင်သတင်းရခဲ့ကြောင်း ၎င်းက ပြောသည်။ 

“မနက်ကျတော့ ကြားရတယ်၊ လေးကေ့ကော်ထဲက အားလုံးထွက်ကြဖို့၊ ပစ်မိန့်ရပြီဆိုတဲ့ သတင်းရတယ်။ ကျွန်တော်တို့လည်း မနက် ၄ နာရီလောက်ကတည်းက လွတ်ရာကျွတ်ရာကို ထသွားကြတာပေါ့။ စစ်တပ်ဝင်မယ် ကြားနေတာ ၁၃ ရက်နေ့လောက်ကတည်းကပဲ” ဟု ထိုလူငယ်က ဆိုသည်။

ငြိမ်းချမ်းရေးနယ်မြေ၌ တိုက်ပွဲစတင်

ထိုသို့ KNU နယ်မြေအတွင်း စစ်တပ်က လာ‌ရောက်ပြီး လူဖမ်းဆီးသွားမှုကြောင့် KNLA နှင့် စစ်ရေးတင်းမာခဲ့ပြီး နောက်တစ်နေ့ (ဒီဇင်ဘာ ၁၅) တွင် KNLA နှင့် ထိုနေရာရောက်ရှိနေသည့် စစ်တပ် တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

NCA ထိုးပြီး ၆ နှစ်နှင့် နှစ်လအကြာတွင် အဆိုပါ ငြိမ်းချမ်းရေးနယ်မြေ၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

စစ်တပ်က စစ်ရေးအရ အသာစီးရရန် လေးကေ့ကော်မြို့သစ် ရပ်ကွက် ၆ ရှိရာ တောင်ကုန်းများပေါ် တက်ရန် ကြိုးစားခဲ့ကြသလို မြို့အရှေ့‌တောင်ဘက်ရှိ စစ်ကောင်စီတပ်စခန်းကုန်းက KNLA တပ်သားများရှိသည့် တောင်ကုန်းများကို လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်ကို KNLA က ပိတ်ဆို့ထားရာ စစ်တပ်က ပြန်မထွက်ဘဲ မွန်းလွဲ ၁ နာရီခန့်တွင် ပစ်ခတ်မှုများ ရပ်သွားခဲ့သည်။

ညနေ ၆ နာရီခွဲခန့် ပစ်ခတ်မှုများ ပြင်းထန်လာပြီး တိမ်းရှောင်နေထိုင်နေသောနေရာအထိ လက်နက်ကြီးများ ကျရောက်ခဲ့ကြောင်း လေးကေ့ကော်၌ လာရောက်တိမ်းရှောင်နေသည့် CDM ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုမျိုးကိုခန့်က ယမန်နေ့ည ၉ နာရီခွဲခန့်တွင် Myanmar Now ကို ပြောပြသည်။ 

“ညဦးပိုင်း (၇ နာရီခန့်) က အတော် အခြေအနေဆိုးဆိုး နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြတယ်။ တစ်ချက်တစ်ချက် ပစ်လိုက်ရပ်လိုက် ဖြစ်နေတယ်။ ကျွန်တော်တို့နေရာက ကြားရတယ်။ လက်နက်ကြီးပါ ကျနေတာ” ဟု ၎င်းက ဆိုသည်။ 

“အစက သူတို့ (စစ်ကောင်စီတပ်) ပြန်ထွက်မယ်ဆိုတော့ KNLA က ပြန်ထွက်ခွင့်ပေးတယ်။ အဲဒါကို သူတို့က မထွက်ဘူးခင်ဗျ။ မထွက်ဘဲနဲ့ အလောင်းကောက်ဖို့ ခွင့်တောင်းတယ်။ ပြန်ထွက်မယ်ဆိုလို့ ဒီဘက် (KNLA) ကတောင် ကားတွေဘာတွေ စီစဉ်ပေးတယ် ပြောတယ်။ အဲဒါကို ပြန်မထွက်တော့ နှစ်ဖက်တင်းမာမှု ပိုဖြစ်လာပြီးတော့ ပြန်ပစ်ကြတာပဲ” ဟု ၎င်းက ညနေပိုင်းတိုက်ပွဲဖြစ်ရခြင်းနှင့် ပတ်သက်ပြီး ကြားသိရပုံကို ပြောပြသည်။ 

ယမန်နေ့ ပစ်ခတ်မှုအတွင်း ​​စစ်ကောင်စီတပ်ဘက်မှ ၂၀ နီးပါး သေဆုံးပြီး ၂၃ ဦး ဖမ်းမိကြောင်း လက်နက်ကိုင်တော်လှန်ရေးလုပ်နေသော တကသကျောင်းသားဟောင်းများအင်အားစုမှ ခေါင်းဆောင်တစ်ဦးကလည်း ပြောသည်။ 

အရာရှိအဆင့်အပါအဝင် စစ်တပ်ဘက်မှ သေဆုံး၊ ဒဏ်ရာရသူများပြားသည်ဆိုသော အချက်နှင့်ပတ်သက်ပြီး KNU ထံမှ ယနေ့ညနေ ၄ နာရီခွဲအထိ အတည်ပြုတုံ့ပြန်ချက် မရသေးပေ။

ထိုင်းနိုင်ငံဘက်ခြမ်း ရောက်ရှိခိုလှုံနေသူများကို ဒီဇင်ဘာ ၁၆ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ-KWO) 

ဒေသခံများ မရှိတော့ဘဲ တိုက်ပွဲဖြစ်သည့် လေးကေ့ကော်ရပ်ကွက် ၆ နှင့် ရပ်ကွက် ၃ တို့ကို KNLA တပ်များက ယနေ့ နယ်မြေရှင်းလင်းရေးလုပ်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။

စစ်တပ်က လေးကေ့ကော်မြို့တွင်းမှ ပြန်ထွက်ရန်နှင့် သေဆုံး၊ ဒဏ်ရာရစစ်သားများကို ပြန်လည်သယ်ထုတ်ရန် KNLA ကို တောင်းဆိုခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ယနေ့နံနက်အထိ ရပ်ကွက် ၆ အတွင်း စစ်သားများ ရှိနေသေးသည်ဟု ဒေသခံတချို့က ပြောသည်။

Myanmar Now အနေဖြင့် KNU တပ်မဟာ (၆) တာဝန်ရှိသူနှစ်ဦးနှင့် ဗဟိုတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနေသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

တိုက်ပွဲဂယက်ကြောင့် ယနေ့နံနက်အထိ လေးကေ့ကော်မြို့သစ်နှင့် အနီးဝန်းကျင်ကျေးရွာများမှ စစ်ရှောင်နေရသူ စုစုပေါင်း ၃၀၀၀ ကျော်ရှိသွားပြီဟု စစ်ရှောင်ကူညီပေးနေသူများက ပြောကြောင်း KIC က ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် KNU နယ်မြေများအားလုံးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ပြီး မတ်လအတွင်း ဖာပွန်( မူတြော်) ခရိုင် တပ်မဟာ (၅) နယ်မြေတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ သုံးသောင်းခန့် ထွက်ပြေးခဲ့ရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button