သတင်း

ရခိုင်တွင် PDF ဆက်စပ်မှု သံသယနှင့် အဖမ်းခံရသူ ၈ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမင်းကိုဦးသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် ဆက်စပ်သည်ဟူသော သံသယနှင့် ယမန်နေ့ (ဒီဇင်ဘာ ၁၄) က အဖမ်းခံရရာ ထိုသို့ဖမ်းဆီးခံရသူ စုစုပေါင်း ၈ ဦးအထိ ရှိလာသည်။ 

နံနက် ၉ နာရီခန့်တွင် နေအိမ်သို့ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဖမ်းခေါ်သွားသည်ဟု သူ၏ ဖခင်ဖြစ်သူ ဦးခင်မောင်စိန်က ပြောသည်။

“ဗမာပြည်မှာနေတဲ့သူတွေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး စွပ်စွဲမှုနဲ့ ဖမ်းတယ်လို့ပြောတယ်။ ကျွန်တော့်သားက လူမှုကွန်ရက်မှာ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ပါတယ်။ ကိုဗစ်ကိစ္စနဲ့တုန်းကလည်း နွမ်းပါးနေတဲ့သူတွေကို အလှူခံပြီး သွားလှူနေတာ။ ဒါတွေပဲရှိတာ”ဟု ၎င်းက ဆိုသည်။

အရပ်ဝတ်ရဲ ၇ ဦးက ဖုန်းနှင့် ကွန်ပျူတာကိုလည်း သိမ်းယူသွားကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်‌ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ခံထားရကြောင်း ၎င်းက ဆက်ပြောသည်။ 

ကိုမင်းကိုဦးသည် လူမှုရေးလုပ်ငန်းများလုပ်ကိုင်သည့်ပြင် တောင်ကုတ်မြို့နယ်မှ လူငယ်များကို အင်္ဂလိပ်စာသင်တန်းများ အခမဲ့ပို့ချလျက်ရှိကြောင်း၊ ထိုသို့လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် သားဖြစ်သူသည် PDF ကို ငွေကြေးထောက်ပံ့လိမ့်မည်ဟု မယုံကြည်ကြောင်း ဖခင်ဖြစ်သူ ဦးခင်မောင်စိန်က ပြောသည်။

“၅၀(ည) ဆိုတဲ့ ပုဒ်မကိုလည်း ကျွန်တော်တို့ မသိ။ သားအကြောင်းကိုလည်း ကျွန်တော်အသိဆုံးပဲ။ တောင်ကုတ်မြို့နယ်တစ်ဝန်းမှာပဲ တိုးတက်ရာတိုးတက်ကြောင်းကိုပဲ လုပ်တာကိုပဲ သိတယ်။ အခြား ဒီ့ပြင်အလုပ်တွေ မလုပ်။ တရားမျှတမှုမရှိဘူးလို့ ပြောချင်တယ် ”ဟု ၎င်းက ဆိုသည်။

အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့်အဖွဲ့ကို ငွေကြေးထောက်ပံ့ပါက ထောင်ဒဏ် တစ်သက်နှင့် ငွေဒဏ် ကျခံရန် ပုဒ်မ ၅၀ (ည) တွင် ပြဋ္ဌာန်းထားသည်။

အာဏာသိမ်းပြီးနောက် ရခိုင်ဒေသခံတို့သည် စစ်အာဏာရှင်ဆန့်ကျင်မှု၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်မှု ကျယ်ကျယ်ပြန့်ပြန့်မရှိသော်လည်း ယခုလပိုင်းများအတွင်း PDF နှင့်ဆက်စပ်မှု သံသယဖြင့် ဖမ်းဆီးခံနေရသည်။ 

အောက်တိုဘာလအတွင်း သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ အမတ်လောင်း ဦးစိန်ချစ်၊ ၎င်းနှင့်အတူ ပရဟိတလုပ်ငန်းလုပ်ကိုင်သည့် အသက် ၂၄ နှစ်အရွယ် ကိုရဲနိုင်ဦး၊ မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါတို့ကို ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများနှင့် ပြည်နယ်စစ်ကောင်စီက အမှုဖွင့်ထားသည်။

အလားတူ သံတွဲမြို့မှ အသက်မပြည့်သေးသူအပါအဝင် အမျိုးသမီးသုံးဦး နိုဝင်ဘာ ၃ တွင် ဖမ်းဆီးခံရသလို ဒီဇင်ဘာ ၂ တွင်လည်း ကျောက်ဖြူမြို့မှ အသက် ၂၁ နှစ်အရွယ် မအေးမြင့်မြတ်အောင် အဖမ်းခံရသည်၊ ၎င်းတို့သည် PDF ကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲခံထားရသည်။ 

CDM ဝန်ထမ်းတစ်ဦးလည်း တောင်ကုတ်မြို့တွင် ဖမ်းဆီးခံထားရသည်။

တောင်ကုတ်မြို့မှ CDM အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်ကို နိုဝင်ဘာ ၂၀ ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားခြင်း ဖြစ်သည်။ မည်သည့်သံသယနှင့် ဖမ်းထားကြောင်း မသိရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button