သတင်း

ကယားပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

ကယားပြည်နယ်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်မှ ၄ ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူလည်း များပြားသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ပြောသည်။

ဒီဇင်ဘာ ၉၊ ၁၁၊ ၁၂၊ ၁၃ ရက်နေ့များက ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၁ တွင် ကရင်နီတပ်မတော်(KA) နှင့် ပူးပေါင်းပြီး ဖရူဆိုမြို့နယ်ရဲစခန်း၊ ခြေမြန်တပ်ရင်း(၄၂၈) တို့ကို တိုက်ခဲ့ကြောင်း KNDF ထံမှ သိရသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၃) ညနေ ၄ နာရီခန့်က ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာကျေးရွာအတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ခြေတော်ရာဘုရားအနီး တိုက်ပွဲ ၂နာရီခန့်ကြာဖြစ်ပြီးနောက် စစ်ကောင်စီက ပြန်ဆုတ်သွားခဲ့သည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

“ဒီနေ့မနက် ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးလုပ်တယ်လေ။ အဲဒီမှာ ပတ်တီးလို အရာတွေပဲ ကျန်ခဲ့တယ်၊ သေသွားတာလားတော့ မသိဘူး။ အနည်းဆုံးခန့်မှန်းခြေကတော့ သုံးယောက်နဲ့ လေးယောက်ကြားမှာ စစ်တပ်ဘက်က ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရထားတယ်လို့ ယူဆထားတယ်” ဟု ၎င်းက ဒီဇင်ဘာ ၁၄ တွင် ပြောသည်။

KNDF ဘက်မှ တပ်သားတစ်ဦး ဒဏ်ရာရသည်ဟု ဆိုသည်။

ထူလွှီးဘီလာကျေးရွာသည် တပ်မ ၆၆ လက်အောက်ခံတပ်များ၊ ခလရ − ၄၄၇ (ခြေလျင်တပ်ရင်း) တို့ တပ်စွဲထားသည့် ဒီးမော့ဆိုမြို့တောင်ဘက်တွင်ရှိသည်ဟု သိရသည်။

ထိုတပ်ရင်းများက ဘောလခဲ၊ ဖားဆောင်းမြို့နယ်များကို ချီတက်ရေးအတွက် ထူလွှီးဘီလာကျေးရွာကို ဖြတ်ကျော်ရန် ကြိုးပမ်းခြင်းဖြစ်နိုင်ကြောင်း KNDF ပြောရေးဆိုခွင့်ရှိသူက သုံးသပ်သည်။

ဒီဇင်ဘာ ၁၁ တွင် ဒီးမော့ဆိုမြို့ မြောက်ဘက် ၁၀ မိုင်ခန့် အကွာတွင်ရှိသည့် ဖရူဆိုမြို့၌ ခမရ ၄၂၈ ကို တိုက်ရာတွင် စကစတပ်ဘက်မှ ၄ ဦးကျဆုံးကာ ၈ ဦးဒဏ်ရာရသည်ဟု KNDF ထုတ်ပြန်သည့် စာရင်းတွင် တွေ့ရသည်။

ကယားပြည်နယ် နေရာအနှံ့အပြားတွင် KNDF, KA တို့က ဒေသကာကွယ်ရေးအဖွဲ့များနှင့် ပေါင်းကာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည်။

ထိုဒေသအတွင်း တိုက်ပွဲဖြစ်စဉ်များ၊ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button