သတင်း

KNU နယ်မြေ လေးကေ့ကော်မြို့တွင် နေထိုင်သူတချို့ကို စစ်ကောင်စီတပ် ဝင်ဖမ်း 

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်ရာဒေသဖြစ်သည့် လေးကေ့ကော်မြို့သစ် ဧရိယာကို ယနေ့ (ဒီဇင်ဘာ ၁၄) နံနက် ၇ နာရီခွဲတွင် စစ်ကောင်စီတပ်က  ဝင်ရောက်လာပြီး ဧရာဝတီတိုင်းမှ အမတ်တစ်ဦးအပါအဝင် တချို့ကို ဖမ်းဆီးသွားသည်ဟု လေးကေ့ကော်ဒေသခံများထံမှ သိရသည်။

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ်ရှိ လေးကေ့ကော်မြို့သစ်ဧရိယာအတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူများ ခိုလှုံနေသည်ဟု စစ်ကောင်စီတပ်က ယူဆပြီး ဝင်ရောက်ရှာဖွေနေခြင်းဖြစ်သည်ဟု အဆိုပါမြို့သစ်နေ ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“၆ ရပ်ကွက်ကို ဝင်တာပေါ့။ လမ်းမှာတွေ့တဲ့ ကောင်မလေး ၂ ယောက်ကို ခေါ်သွားတယ်လို့ ကြားတယ်။ နောက်ရပ်ကွက်ထဲဝင်တော့ လူငယ်တွေနေတဲ့အိမ်ပေါ့။ အဲဒီမှာ ၆ ယောက်လား၊ ၇ ယောက်လားမသိဘူး ထပ်ပါတယ်လို့ ကြားတယ်” ဟု ထိုသူက ဆိုသည်။

စစ်တပ်က ဝင်ရောက်ရှာဖွေစဉ်အတွင်း ဧရာဝတီတိုင်း‌အမတ်တစ်ဦး ဖမ်းဆီးခံရသည်ဟု သတင်းများ ကြားသိနေရကြောင်း လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောရောက်ရှိနေသည့် တကသကျောင်းသားခေါင်းဆောင်တစ်ဦးက ပြောသည်။

လက်ရှိအခြေအနေအရ လေးကေ့ကော်မြို့သစ် အဝင်အထွက်လမ်းများကို စစ်ကောင်စီတပ်များက နေရာယူ ပိတ်ဆို့ထားပြီး လူအသွားအလာမရှိတော့ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် သတင်းရင်းမြစ်သုံးဦးက အသီးသီးပြောသည်။ 

“အကုန်ပိတ်ချလိုက်တာတော့ မဟုတ်ဘူး။ သွားလို့လာလို့တော့ရတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်သွားရမလဲ။ လုံခြုံမှုမှ မရှိတာ၊ ဘယ်သူမှ အသွားအလာမလုပ်ကြဘူး” ဟု မြဝတီမြို့မှ လေးကေ့ကော်မြို့သစ်သို့ ပုံမှန်လာရောက်နေသည့် စျေးသည်တစ်ဦးက ဆိုသည်။

KNU ထိန်းချုပ်နယ်မြေရှိ လေးကေ့ကော်မြို့သစ် ငြိမ်းချမ်းရေးအိမ်ရာရပ်ကွက် နေအိမ်များအတွင်း စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ခိုလှုံနေထိုင်နေခြင်း ရှိမရှိ မေးမြန်းနေသည်။ 

စစ်ကောင်စီတပ် အမှတ် ၅၆၀ ခြေမြန်တပ်ရင်းမှ စစ်ကြောင်း ၄ ကြောင်း အင်အား၂၀၀ ခန်ဖြင့် ဝင်ရောက်ရှာဖွေနေကြောင်း၊ တယ်လီဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း ကရင်ပြည်နယ်အခြေစိုက် ကရင်သတင်းဌာန(KIC) တွင် ဖော်ပြထားသည်။ 

လေးကေ့ကော်မြို့သစ်ကို ၂၀၁၉ မေလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-KIC) 

စစ်ကောင်စီတပ်များကို ဝင်ရောက်ရှာဖွေခွင့်ပေးခြင်းနှင့် ပတ်သက်ပြီး KNU တပ်မဟာ ၆ ၏ ပြောရေးဆိုခွင့်ရှိသူများကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် တည်ဆောက်ခဲ့သော လေးကေ့ကော်မြို့သစ်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ တွင် စတင်တည်ဆောက်ခဲ့ပြီး ဒေသလုံခြုံရေးနှင့် အုပ်ချုပ်‌ရေးကို ကရင်အမျိုးသားအစည်းအရုံး (KNU) က တာဝန်ယူထားသည်။

စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားသည့် KNU ထိန်းချုပ်ရာ နယ်မြေများတွင် အာဏာသိမ်းစစ်တပ်နှင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာပြီး အထူးသဖြင့် တပ်မဟာ (၅) ၊ တပ်မဟာ (၃) နယ်မြေများတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်အပြီး ဒေသခံသောင်းချီ ထွက်ပြေးခဲ့ကြသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများသည် တိုင်းရင်းသားနယ်မြေများသို့ အများအပြားထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ KNU နယ်မြေများလည်း အပါအဝင်ဖြစ်ပြီး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်နယ်မြေတွင် ထိုသူများကို လက်ခံမှုဖြင့် အငြင်းပွားမှုတချို့ ရှိခဲ့သည်။ 

ဒူးပလာယာခရိုင်ဥက္ကဋ္ဌက KNU တပ်မဟာ (၆) ထိန်းချုပ်ရာနယ်မြေအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်များကို လက်ခံထားခြင်းမပြုရန်၊ စစ်ရေးနည်းလမ်းကို ရှောင်နိုင်သမျှ ရှောင်ရန် ဩဂုတ် ၂၄ ရက်တွင် လက်ရေးမူဖြင့် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်း၏ ထိုညွှန်ကြားချက်မှာ KNU ဗဟိုနှင့် အောက်ခြေပိုင်း၏ သဘောထားမပါဟု KNU ဗဟိုမှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button