အစိုးရ၊တပ်မတော်တို့နှင့် တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးထား ကြသည့် တိုင်းရင်းသားများအချင်းချင်း အလျှင်အမြန်ဆွေးနွေးနိုင်ရန် ပြင်ဆင်နေကြသည်။
လနှင့်ချီရပ်ဆိုင်းထားသော အပစ်ရပ်တိုင်းရင်းသားလက်နှက်ကိုင်တပ်ဖွဲ့များအကြား အစည်းအဝေးကို ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ပြန်လည်စတင်ရန် ပြင်ဆင်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဌ ကပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နှက်ကိုင်များ စုဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အဖွဲ့၏ အစည်းအဝေးကို ၂၀၁၈ နိုဝင်ဘာလဆန်းတွင် ကျင်းပရန်စီစဉ်ခဲ့သော်လည်း ပျက်ပျယ်ခဲ့ပြီး ယနေ့အချိန်အထိ ပြန်မစတင်နိုင်ဘဲရှိနေခဲ့သည်။

အစိုးရ၊တပ်မတော်တို့နှင့် တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြန်လည်စတင်နိုင်ရန်အတွက် PPST အစည်းအဝေးများပြန်လည်စတင်နိုင်ဖို့လိုအပ်ကြောင်းနှင့် အစည်းအဝေး ပြန်စနိုင်မည့်ရက်ကို လက်နက်ကိုင်အဖွဲ့များအကြားညှိနိုင်းနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကပြောသည်။
“ ငြိမ်းချမ်းရေးကိုရရှိနိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေ သွားရမှာဆိုတော့ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲက ဆက်သွားမှာပါ ” ဟု ၎င်းကပြောသည်။


ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် အပစ်ရပ် ၁၀ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ တွေ့ဆုံစဉ် PPST အစည်းအဝေးများ ပြန်လည်စတင်စေလိုကြောင်း တပ်မတော်နှင့် အစိုးရဘက်မှဆန္ဒပြုထားသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“ကျွန်တော်တို့အဖွဲ့ခေါင်းဆောင်ကလည်း အချိန်သိပ်မဆွဲချင်တဲ့သဘောရှိတော့ ဖေဖေါ်ဝါရီလ မကုန်ခင်မှာ ဖြစ်နိုင်ဖို့တော့ ကြိုးစားနေတယ် ” ဟု ၎င်းကဆိုသည်။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)၊ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNLA-PC)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ပါဝင်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












