သတင်း

လူအစုလိုက် မီးရှို့သတ်ခံရသည့် ဆားလင်းကြီးတွင် ရုပ်အလောင်းထပ်တွေ့ 

စစ်တပ်ဝင်မွှေခဲ့သည့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာတွင် စိတ်ကျန်းမာရေးမကောင်းသူ ၆၁ နှစ်အရွယ် ဒေါ်ဝင်းရီ၏ ရုပ်အလောင်း ယနေ့ (ဒီဇင်ဘာ ၈) တွင် ရှာဖွေတွေ့ရှိခဲ့ပြီး လည်ပင်း၌ ထုတ်ချင်းပေါက်ဓားဒဏ်ရာ ရှိနေသည်ဟု ရွာခံ ၃ ဦးထံမှ သိရသည်။

စစ်တပ်နှင့် တရုတ်အစိုးရပိုင် ကုမ္ပဏီများ၏ ကြေးနီတူးဖော်ရေးစီမံကိန်းနယ်မြေ လက်ပံတောင်းတောင်မြောက်ဘက်ရှိ ဒုန်းတောရွာကို စစ်ကောင်စီတပ်က ယမန်နေ့ (ဒီဇင်ဘာ ၇) တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ထိုနေ့က အသက် ၁၈ နှစ်အောက် လူငယ် ၅ ဦးအပါအဝင် စုစုပေါင်း အမျိုးသား ၁၁ ဦး ကွမ်းခြံတစ်ခုအတွင်း မီးရှို့သတ်ဖြတ်ခံထားရသည်ကို အတည်ပြုနိုင်ပြီးဖြစ်သည်။ 

ဒေါ်ဝင်းရီ၏ ရုပ်အလောင်းကိုမူ ရွာမြောက်ဘက် အထက်ပါ ၁၁ ဦး သတ်ဖြတ်ခံရသည့်နေရာနှင့် ပေ ၅၀ ခန့်သာကွာသည့် ၎င်းပိုင် ကွမ်းခြံအတွင်း နေ့လယ် ၁၂ နာရီဝန်းကျင်တွင် တွေ့ရှိခြင်းဖြစ်ကြောင်း၊ ရုပ်အလောင်းများကို သင်္ဂြိုဟ်မည့်သူများက တွေ့သွားခြင်းဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်များက ပြောသည်။

“သူ့ယာခင်းထဲမှာ ခြံစိုက်စားတဲ့ အမျိုးသမီး။ ယာခင်းထဲမှာပဲ အသတ်ခံရတာ”ဟု ဒုန်းတောရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ရွာခံ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်နှင့် ဒေသခံ အခြားနှစ်ဦးက ဒေါ်ဝင်းရီကို ယမန်နေ့(ဒီဇင်ဘာ ၇) ဖြစ်စဉ်အတွင်း စစ်တပ်က သတ်ဖြတ်သွားသည်ဟု တထစ်ချပြောသည်။

“လည်ပင်းကို ဟိုဘက်ဒီဘက် ဒိုးချင်းပေါက်၊ ဒီကောင်တွေက ထိုးသတ်သွားတာ။ သူ့တဲထဲမှာ။ တခြားဒဏ်ရာတွေတော့ မတွေ့ရဘူး”ဟု ဒေါ်ဝင်းရီ၏ ရုပ်အလောင်းကို ရှာတွေ့သူများထဲမှ တစ်ဦးက ပြောသည်။

ရုပ်အလောင်းတွေ့ရှိမှုနှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ (ဒီဇင်ဘာ၇) ဖြစ်စဉ်အတွင်း ကနဦးတွင် လေဖြန်းနေသည့် အသက် ၄၀ အရွယ် ဦးစိုးဆိုသူ မီးရှို့သတ်ဖြတ်ခံရသည့်ထဲတွင် ပါသည်ဟု ဒေသခံတို့က ညနေပိုင်း၌ ပြောသည်။ သို့သော် ညပိုင်းတွင် ထွက်ပြေးလွတ်မြောက်သူများထဲတွင် ဦးစိုးပါဝင်ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

မီးရှို့သတ်ခံရသူများထဲတွင် သားဖြစ်သူ အသက် ၁၇ နှစ်အရွယ် ကိုကျော်သက်ပါဝင်သဖြင့် အလောင်းအားလုံး မီးကျွမ်းကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် မီးပုံထဲတွင် ကျန်းမာရေးမကောင်းသည့် ဖခင်ဖြစ်သူ ဦးစိုးလည်း ပါဝင်သွားပြီဟု ယူဆခဲ့ကြောင်း ဒုန်းတောရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ရှင်းပြသည်။

သို့သော် အမည်မဖော်လိုသူတစ်ဦးက ဦးစိုးကို ကယ်ထုတ်သွားနိုင်ခဲ့၍ အသက်ဘေးမှ လွတ်ခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။ 

“ဦးစိုးက အဆက်အသွယ်ပြတ်သွားတော့ မီးရှို့အသတ်ခံရတဲ့အထဲမှာ ဦးစိုးနဲ့ သူ့သား (ကိုကျော်သက်) လို့ ယူဆလိုက်တာ။ အစကတော့ သားဖနှစ်ယောက်လို့ ထင်လိုက်တာ။ အဆက်အသွယ်ပြန်ရတော့မှ သားအဖနှစ်ယောက်လုံးမဟုတ်ဘဲ သားတစ်ယောက်ပဲ ဖြစ်နေတယ်ဗျ”ဟု ထိုသူက ပြောသည်။

ဒေသခံ ၉ ဦးထက်မနည်း၏ ပြောဆိုချက်ကို အခြေခံထားသော Myanmar Now ၏ ယမန်နေ့ (ဒီဇင်ဘာ ၇) သတင်းတွင် ဦးစိုးကို သေဆုံးသူစာရင်းအတွင်း ထည့်သွင်းဖော်ပြမိသည်။

သို့သော် ဦးစိုးကို ပြန်တွေ့၍ မီးရှို့သတ်ဖြတ်ခံရသည့် စုစုပေါင်းအရေအတွက် လျော့နည်းသွားရန် မရှိကြောင်း၊ ပြာပုံအတွင်း တွေ့ရသည့် ရုပ်အလောင်းမှာ ၁၁ လောင်းဖြစ်၍ မည်သူမည်ဝါ ခွဲခြားနိုင်မှန်းမရှိသူတစ်ဦး ပါဝင်သည်ဟု သတ်မှတ်ထားကြောင်း အထက်ပါသတင်းရင်းမြစ်တို့က ပြောသည်။

ထို့ကြောင့် ဒုန်းတောရွာတွင် ဒီဇင်ဘာ ၇ ဖြစ်စဉ်အတွင်း စစ်တပ်လက်ချက်ဖြင့် သေဆုံးသူ စုစုပေါင်း ၁၂ ဦးရှိပြီဟု ၎င်းတို့က အတည်ပြုသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာတွင် ဒီဇင်ဘာ ၇ ရက်က မီးရှို့သတ်ဖြတ်ခံရသူများစာရင်း။ ကိုးကား − ဒုံးတောရွာ ဒေသကာကွယ်ရေးအဖွဲ့

ဒေသခံတို့၏ စာရင်းအရ ပထမနေ့ တွေ့ရသူများမှာ အသက် ၁၄ နှစ်အရွယ် ၁ ဦး၊ ၁၇ နှစ်အရွယ် ၄ ဦး၊ ၂၀ ဝန်းကျင်အရွယ် ၄ ဦး၊ ၃၀ အရွယ် ၁ ဦး၊ မည်သူမည်ဝါ ခွဲခြားနိုင်ခြင်းမရှိသူ ၁ ဦးတို့ အားလုံးမှာ အမျိုးသားများဖြစ်သည်။

စစ်ရေးအခြေအနေအရ ဒေသခံအားလုံးနီးပါး တကွဲတပြား ထွက်ပြေးနေရသည်ဖြစ်၍ ပျောက်ဆုံးနေသူဦးရေကို အတည်မပြုနိုင်သေးသဖြင့် မီးပုံအတွင်းမှ ရုပ်အလောင်းတစ်လောင်းကို ခွဲခြားရခက်နေခြင်းဖြစ်ကြောင်း၊ သေဆုံးသူများအားလုံးကို ယနေ့(ဒီဇင်ဘာ ၈)တွင် ကျေးရွာသုသာန်၌ပင် မီးသင်္ဂြိုဟ်ပြီးဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်များက ပြောသည်။

လက်ပံတောင်းတောင်မြောက်ဘက်ရှိ ကံကုန်း၊ ဒုန်းတောရွာအနီးတွင် ဒီဇင်ဘာ ၆၊ ၇ နှစ်ရက်ဆက်တိုက် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကွမ်းနှင့် ကြက်သွန် အဓိကစိုက်ပျိုးပြီး လူဦးရေ ၂၀၀၀ ကျော်နေထိုင်သည့် ဒုန်းတောရွာကို စစ်တပ်က ရန်ရှာခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

စစ်တပ်လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် ရွာခံအားလုံးမှာ လက်နက်ဟူ၍ တုတ်တစ်ချောင်းပင် မပါသူများဖြစ်ကြောင်း၊ ဖမ်းဆီးရိုက်နှက်ခံရသည့် ၁၁ ဦးမှာ အရှင်လတ်လတ် မီးရှို့ခံရကြောင်း ၎င်းတို့က ဆိုသည်။ 

ထိုဖြစ်စဉ်များအပေါ် စစ်ကောင်စီထံ မေး၍မရသေးသလို သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပါ။ ထို့အတူ သေဆုံးသူတို့၏ မိသားစုဝင်တို့နှင့် အဆက်အသွယ်ရရန် ကြိုးစားနေဆဲဖြစ်သည်။ ဖမ်းဆီးခံရသူ ရှိမရှိကိုလည်း အတည်မပြုနိုင်သေးပေ။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာကို စစ်တပ်ဝင်မွှေသည့် ဒီဇင်ဘာ ၇ တွင် မီးရှို့သတ်ဖြတ်ခံရသည့် ရုပ်အလောင်းများ။ ဓာတ်ပုံ − ပေးပို့

Myanmar Now ထံ ပေးပို့လာသည့် ရုပ်သံမှတ်တမ်းများအရ မီးရှို့သတ်ခံရသည့် ရုပ်အလောင်းများကို ဒေသခံတို့ ရှာဖွေတွေ့ရှိချိန်တွင် အချို့မှာ မီးလောင်ကျွမ်းဆဲဖြစ်ကာ မနီးမဝေးတွင် မခြောက်သေးသည့် သွေးကွက်များကိုလည်း အထင်အရှားတွေ့မြင်ရသည်။

ဒုန်းတောရွာသည် ချင်းတွင်းမြစ်ကမ်းဘေးရှိ ရွှေမြင်တင်တောင်သို့ လယ်ကွင်းပြင်ဖြတ်ပြေးရသည့် ပြေးပေါက်တစ်ခုတည်းသာရှိသဖြင့် စစ်တပ်က ရုတ်တရက်ဝင်ရောက်စီးနင်းချိန်တွင် ထိုသို့အဖြစ်ဆိုး ကြုံရခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်သည်။

ဒုန်းတောရွာပတ်လည်တွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေသော ကြေးစင်တောင်ကြေးနီထုတ်လုပ်ရေးစီမံကိန်းရှိကာ ထိုစီမံကိန်းမှ ခြံစည်းရိုးက ရွာပတ်ဝန်းကျင်ကို ကန့်သတ်ထားသည်ဟု ၎င်းတို့ထံမှ သိရသည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းပြီးနောက် ၁၀ လကျော်အတွင်း ၎င်းတို့ကို ဆန့်ကျင်သူများကို စစ်တပ်က အပြင်းထန်ဆုံးနှိမ်နင်းနေသည်။

စစ်ကိုင်းတိုင်းအတွင်း ထောင်ပေါင်းများစွာသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ကနီမြို့နယ်တွင် ဒုန်းတောကဲ့သို့ အစုအပြုံလိုက်သတ်ဖြတ်မှုမျိုးကို စစ်တပ်က သုံးကြိမ်ထက်မနည်း ကျူးလွန်ဖူးသည်။

အောက်တိုဘာလလယ်မှစ၍ စစ်ကိုင်းတိုင်းနှင့် စပ်လျက် ချင်းပြည်နယ်သို့ အနော်ရထာဟု အမည်ပေးထားသည့် စစ်ဆင်ရေးတစ်ရပ်ကို အင်အားအလုံးအရင်းပို့လွှတ်ကာ စစ်ကောင်စီက ဆင်နွှဲနေသည်။ စစ်ကိုင်းတိုင်းတွင် စစ်တပ်က လေကြောင်းကပင် တိုက်ခိုက်နေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button