သတင်း

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုသက်သေ၊ ပန်းပင်ကြီးလမ်းဖြစ်စဉ်

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ယမန်နေ့ (ဒီဇင်ဘာ ၅) နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများ စစ်ကားဖြင့်တိုက်ကာ ရက်ရက်စက်စက် ဖြိုခွင်းခံခဲ့ရသည်။ ဆန္ဒပြလူအုပ်ကို အရှိန်ဖြင့်မောင်းနှင်လာသော စစ်ကားဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ရုပ်သံမှတ်တမ်း၊ ဓာတ်ပုံများနှင့် ဖြစ်စဉ်ကိုသိရှိသူများ၏ အဆိုအရ ကားဖြင့်ဝင်တိုက်ခိုက်ခံရစဉ် လူခြောက်ဦးခန့် လွင့်စဉ်လဲကျခဲ့သည်။ ထို့နောက် လက်နက်ကိုင် စစ်သားနှင့် ရဲများက နီးစပ်ရာ ပစ်ခတ်ဖမ်းဆီးခဲ့သည်။

ထိုဖြစ်ရပ်အပြီးတွင် Myanmar Now က “ရန်ကုန်တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ်တပ်က ကားဖြင့်တိုက်သတ်” ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့သည်။

“ငါးဦးခန့်သေဆုံးပြီး အဖမ်းခံရသူ ၁၅ ဦးခန့်ရှိကြောင်း ဆန္ဒပြအင်အားစုများမှ လူငယ်နှစ်ဦးနှင့် အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူတစ်ဦးထံမှ သိရသည်။ …. သေဆုံးသူနှင့် ဖမ်းဆီးခံရသူ အရေအတွက်ကိုမူ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ” ဟု သတင်းတွင် ဖော်ပြခဲ့သည်။

ပန်းပင်ကြီးလမ်းဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး ပေါင်း ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ ဒဏ်ရာရရှိထားသူ အမျိုးသားနှစ်ဦးမှာ မစိုးရိမ်ရဘဲ အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ 

စစ်ကားဖြင့် ရက်ရက်စက်စက်တိုက်သတ်ကာ ဖြိုခွင်းခဲ့သည့်အပေါ် ဖမ်းဆီးခံထားရသူများ၊ ဒဏ်ရာရသူများနှင့် သေဆုံးသူရှိမရှိ သိရှိနိုင်ရန် ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူများ၊ ဆန္ဒပြရာတွင် ပါဝင်ခဲ့သူများနှင့် မိသားစုဝင်များ စုစုပေါင်း ၁၀ ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။​

ကားဖြင့်တိုက် ဖြိုခွင်းခံရသည့်ဖြစ်စဉ် 

စစ်ကားအောက်တွင် ညပ်နေသူတစ်ဦး၊ ကားဘေးတွင် လဲကျနေသူတစ်ဦးနှင့် အခြားလဲကျနေသူ နှစ်ဦးရှိရာနေရာကို မြားပြထားစဉ်။ (ဓာတ်ပုံ – ပေးပို့) 

စစ်တပ်က အာဏာသိမ်းပြီး ၁၀ လကျော်ကြာသည်အထိ ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများအပါအဝင် ဒေသအချို့တွင် ပြောက်ကျားစနစ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေဆဲဖြစ်သည်။

ယမန်နေ့ နံနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းအတွင်း ဆန္ဒပြမှုမှာ တတိယအကြိမ်မြောက် ရန်ကုန်လူထုသပိတ်အဖြစ် လူငယ်များက စုစည်းကာ ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် စတင်မည့် ဆန္ဒပြမှုအတွက် ကြိုတင်ဖိတ်ကြားရာတွင် လူထုကိုယ်စားပြုသပိတ်ဖြစ်သည်နှင့်အညီ အဖွဲ့အစည်းအလံနှင့် ကော်မတီကိုယ်စားပြုဘန်နာများ (လက်ကိုင်ဆိုင်းဘုတ်များ) ယူဆောင်လာခြင်း မပြုရန်၊ မီးတုတ်များယူဆောင်လာခြင်း မပြုရန် နှိုးဆော်တိုက်တွန်းထားသည်။ 

အင်အား ၂၀ ဝန်းကျင်ရှိ ဆန္ဒပြသူများမှာ အောက်ကြည့်မြင်တိုင်လမ်း ခေါ် ကမ်းနားလမ်းဘက်မှ ပန်းပင်ကြီးလမ်းအတွင်း ရောက်ရှိချိန်တွင် ကားဖြင့်တိုက်ကာ ဖြိုခွင်းခံရခြင်းဖြစ်သည်။ အချိန်အားဖြင့် စုရပ်မှ စတင်ထွက်ခွာအပြီး မိနစ်ပိုင်းအကြာ ၈ နာရီ ၄၅ မိနစ်ဝန်းကျင်ပင်ဖြစ်သည်ဟု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

“သပိတ်က အဲဒီပန်းပင်ကြီးလမ်းကနေ အထဲကို လျှောက်တာပေါ့။ အထဲကိုလျှောက်ပြီး ခြေလှမ်း အလှမ်း ၂၀ လောက်ပဲ လျှောက်တဲ့အချိန်မှာ နောက်ကနေပြီးတော့ Double Cup က အရှိန် ၈၀/၉၀ လောက်ရှိမယ်ဗျ။ ဝင်တိုက်တဲ့အချိန်မှာ လူတွေက ပေ ၂၀/၃၀ လောက်ထိ လွင့်သွားတာ။ အကုန်လွင့် အကုန်ထွက်ကုန်တာပေါ့။ အကုန်မထနိုင်ဘူး” ဟု လုံခြုံရေးအရ အမည်ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသည့် အဆိုပါအမျိုးသားက ပြောသည်။

ဆန္ဒပြနေသူများမှာ ရှေ့ကိုသာ ကြည့်နေသည့်အတွက် ရုတ်တရက် နောက်မှ ကားဖြင့် ဝင်တိုက်ချိန်တွင် လူအများစု အတိုက်ခံရပြီး လွင့်ထွက်သွားကြောင်း၊ ၎င်းကိုယ်တိုင်သည်လည်း ကားဖြင့် အတိုက်ခံရသဖြင့် ပြုတ်ကျပြီးမှ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု ၎င်းက ပြောသည်။ 

“အကုန်ပြဲကွဲနေတာပဲ၊ ဒူးရယ် လက်တွေရယ် လက်မောင်းနားတွေရယ်။ ဒီကောင့်ကို ကျွန်တော် ခြေစုံကန်တော့ ခါးနဲ့ပြုတ်ကျတာပေါ့ဗျာ။ အင်္ကျီတွေ ဘောင်းဘီတွေရော အကုန်စုတ်သွားကုန်တာ။ လောလောဆယ်တော့ ခါးတွေဘာတွေတော့ မနာသေးဘူး။ သွေးပူနေတုန်းမို့ ဖြစ်မလားမသိဘူး” 

အဆိုပါအမျိုးသားကို Myanmar Now က ယမန်နေ့တွင်တစ်ကြိမ်၊ ယနေ့တွင်တစ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သည်။ ဖြစ်စဉ်အတွင်း ဖမ်းဆီးခံရသူ ၂၀ ခန့်ရှိမည်ဟု ၎င်းက ခန့်မှန်းသည်။

ယမန်နေ့က ဆန္ဒပြရာတွင် ခန့်မှန်းခြေအားဖြင့် လူ ၄၀ ခန့် ပါဝင်ကြောင်း၊​ အများစုမှာ သာမန်ပြည်သူများသာဖြစ်ကြောင်း ဆန္ဒပြမှုတွင် ပါဝင်ခဲ့သူ အသက် ၂၆ နှစ်အရွယ် လူငယ်တစ်ဦးကလည်း ပြောသည်။ 

“ကျွန်တော်တို့ စချီတက်တယ်။ သပိတ်ကြွေးကြော်သံ တိုင်ပြီးတော့။ စချီတက်ပြီးတော့ အလွန်ဆုံးကြာ နှစ်မိနစ်လောက်ပဲရှိမယ် ဖြိုခွင်းခံရတာပါ” ဟု ၎င်းက ပြောသည်။

ဆန္ဒပြမှုစတင်ချိန်တွင် အော်ဟစ်ကြွေးကြော်သံများဖြင့် ဆူညံနေသဖြင့် အရှိန်ဖြင့်မောင်းဝင်လာသည့် စစ်ကားကို ရုတ်တရက်သတိမထားမိကြောင်း၊ ဆန္ဒပြသူများကို လှမ်းသတိပေးလိုက်သည့် ကားဟွန်းသံ ကျယ်လောင်စွာ ကြားလိုက်ရချိန်မှသာ သတိထားလိုက်သည်ဟုလည်း အဆိုပါလူငယ်က ဆိုသည်။ 

ထိုသို့ကြားရပြီးနောက် နောက်ကြည့်လိုက်သည့်အချိန်တွင် ၎င်းဘေးမှ လူများမှာ ကားဖြင့်ဖြတ်တိုက်ခံရသဖြင့် လွင့်ထွက်သွားကြောင်း၊ သေနတ်ဖောက်သံ တစ်ချက်ကြားရပြီးနောက် ထွက်ပြေးခဲ့ကြောင်း ၎င်းက ပြောသည်။ 

“ကျွန်တော်ကြားလိုက်တာကတော့ လီဗာနင်းတဲ့အသံပေါ့၊ အနီးကပ်မှ လီဗာကို ထပ်တင်လိုက်တာဗျ။ လီဗာနင်းလိုက်တဲ့ ကားသံကြီး ရွှီးဆိုပြီးတော့ အသံကြီးကြားလိုက်တယ်။ ကြားပြီးတော့ ကျွန်တော် ဒီဘက်ကို လှည့်ပြေးတဲ့အချိန်မှာ ဗုန်းခနဲ တိုက်လိုက်တဲ့ အသံကြီးကြားတယ်။ ကြားတော့ ကျနော်လှည့်ကြည့်လိုက်တော့ ဆန္ဒပြလူငယ်အချို့က လေပေါ်မြောက်တက်သွားတယ်။ ရှေ့ကို လွင့်ထွက်သွားတယ်။ အဲဒီလွင့်ထွက်သွားတာကိုမှ သူတို့က တက်ကြိတ်လိုက်တယ်။ တက်ကြိတ်လိုက်တဲ့ အသံကိုလည်း ကြားလိုက်တယ်။ သေနတ်ဖောက်သံတစ်ချက်လည်း ကြားလိုက်ပါတယ်” ဟု ၎င်းက ပြောသည်။ 

ထို့နောက် ထွက်ပြေးတိမ်းရှောင်ရင်း ပိတ်မိနေစဉ် ဆဲဆိုအော်ဟစ်သံများ ကြားရကြောင်း၊ ဖမ်းဆီးခံရသူများကို ရိုက်နှက်ပြီး ကြွေးကြော်သံအော်ခိုင်းကြောင်း တစ်နာရီခန့် ပုန်းအောင်းနေပြီးနောက် လွတ်မြောက်ခဲ့သည်ဆိုသော အဆိုပါလူငယ်က ပြောသည်။

ပန်းပင်ကြီးလမ်းအတွင်း စစ်ကားဖြင့် တိုက်ဖြိုခွင်းစဉ် ကားတိုက်ခံရပြီး ပြုတ်ကျရာမှ ထွက်ပြေးလွတ်မြောက်ခဲ့သူအမျိုးသား ရရှိထားသည့် ဒဏ်ရာများ။ (ဓာတ်ပုံများ – ပေးပို့) 

စစ်ကားဖြင့်တိုက်ခံရချိန်တွင် လဲကျနေသူ လေးဦးရှိသည်ဟု ပန်းပင်ကြီးလမ်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးက Myanmar Now ကို ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ဆက်သွယ်ပြောကြားထားသည်။ 

ဖြစ်ဖြစ်ချင်း ရိုက်ထားသည်ဆိုသော ဓာတ်ပုံတွင် စစ်ကားအောက်တွင် ညပ်နေသူတစ်ဦးနှင့် ကားဘေးတွင် လဲကျနေသူတစ်ဦးကို တွေ့မြင်ရသည်။ စစ်ကား၏ နောက်ဘေးတစ်ဖက်တစ်ချက်တွင်လည်း လဲကျနေသူနှစ်ဦးရှိကြောင်း လမ်းဘေးဝဲယာရှိ ရပ်နားထားသော ကားများဖြင့် ကွယ်နေသဖြင့် ဓာတ်ပုံတွင် ထင်ထင်ရှားရှား မမြင်တွေ့ရခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သူ အထက်ပါအမျိုးသားက ဆိုသည်။

“ကွယ်နေလို့ ပုံထဲမှာ မမြင်ရတာ။ ကောင်မလေးတစ်ယောက် ဦးရေပြားလန်တာ မအလ (စစ်သား) သေနတ်ဖောက်တဲ့ကောင်က ဆောင့်ဆွဲတာ ဆံပင်ပါကျွတ်သွားတာဗျာ။ ကြည့်မြင်တိုင်သားတစ်ယောက်အနေနဲ့ ဘာမှမလုပ်ပေးနိုင်ဘဲ ထိုင်ကြည့်ရတာဗျာ၊ ရင်ကွဲမတတ်” ဟု အဆိုပါအမျိုးသားက ပြောသည်။

“ပထမပုံပါစစ်ကားက လူလေးယောက်ပဲပါတာ။ ၁၀ မိနစ်နေမှ ရဲကားသေး လေးယောက်စီး ဝင်လာတာ။ နောက်ထပ် (နောက် ၁ နာရီဝန်းကျင်) ရဲကားသေးတစ်စီး ထပ်ဝင်လာတာ။ ဖမ်းဆီးဖို့လိုက်ရှာတာ တိုက်ပေါ်က Video ရိုက်တဲ့အဒေါ်ကြီးအိမ်ရှေ့ ကားနှစ်စီးရပ်ပြီး တိုက်က ဘယ်တိုက်မှန်းမသိ လိုက်ရှာနေတာ” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ရုပ်သံမှတ်တမ်းများတွင် ပန်းပင်ကြီးလမ်းအတွင်း အရှိန်ဖြင့် စစ်ကားမောင်းဝင်လာချိန်တွင် တိုက်ခန်းများပေါ်မှ ထွက်ပြေးရန် ဟစ်အော်နေသူများ၊ ကားဖြင့်အတိုက်ခံရချိန်တွင် အလန့်တကြား ဟစ်အော်သံများနှင့် လမ်းတစ်ဖက်တစ်ချက်ရှိ ကားများအကြား ထွက်ပြေးတိမ်းရှောင်နေသူများကို တွေ့ရသည်။ 

ထို့ပြင် လိုက်လံဖမ်းဆီးနေသည့် လက်နက်ကိုင်စစ်တပ်အရာရှိအချို့၊ လဲကျနေသူအချို့နှင့် လမ်းပေါ်၌ ဖမ်းဆီးခံထားရသူအချို့ကိုလည်း ဓာတ်ပုံများတွင် တွေ့ရှိရသည်။ အခြားဓာတ်ပုံတစ်ခုတွင် စစ်သားနှင့် ရဲများအနီးတွင် လဲကျနေသူတစ်ဦးကို အခြားလူငယ်သုံးဦးက ဝိုင်းဝန်းစောင့်ရှောက်ထားသည်ကို တွေ့ရသည်။ 

ကားဖြင့်တိုက်ကာ ဖြိုခွင်းသည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ စစ်တပ်အရာရှိတချို့။ 

ပန်းပင်ကြီးလမ်းအတွင်း ဆန္ဒပြလူငယ်များကို အကြမ်းဖက်ဖြိုခွင်းရာတွင် ဦးဆောင်သူများမှာ ခြေလျင်တပ်ရင်း ၈၂ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးနိုင်ဘိုဘို၊ ကြည့်မြင်တိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မောင်မောင်မြနှင့် ရဲတပ်ရင်း ၈ မှ ဒုရဲအုပ် ဝင်းဇော်လွင်တို့ဖြစ်ပြီး စုစုပေါင်း အင်အား ၂၈ ဦးရှိကြောင်း ပေါက်ကြားလာသည့် ရဲတပ်ဖွဲ့ကြေးနန်းအရ သိရသည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူ ရဲများက ပြောသည်။

ရဲတပ်ဖွဲ့က အထက်သို့ အစီရင်ခံရာတွင် ကားဖြင့်တိုက်သည့်ဖြစ်စဉ်တစ်ခုလုံးကို ဖျောက်ထားသည်ဟုလည်း CDM ရဲများက စွပ်စွဲထားသည်။ ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို စစ်ကားဖြင့်ဝင်တိုက်သည့် ရုပ်သံမှတ်တမ်းများ ထင်ထင်ရှားရှားရှိသော်လည်း စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် တရားမဝင် ခွင့်ပြုချက်မဲ့ ဆူပူဆန္ဒပြမှုအား လူစုခွဲထိန်းသိမ်းမှုဟုသာ ဖော်ပြထားသည်။ 

သပိတ်တွင်ပါဝင်ခဲ့သူ ကိုချမ်းဆိုသူ လူငယ်၏ ရှင်းပြချက် 

“အရှိန်နဲ့ ဝင်တိုက်လိုက်တယ်၊ တိုက်တဲ့အရှိန်က ဘယ်လောက်ပြင်းသလဲဆိုရင် ကားပေါ်က သေနတ်တောင် ပြုတ်ကျတယ်။ ပြုတ်ကျပြီးတော့ စစ်သားတစ်ယောက်က သေနတ်ကို ပြန်ကောက်ပြီးတော့ မိုးပေါ်ကို နှစ်ချက်လောက် ထောင်ပစ်လိုက်တယ်။ ထောင်ပစ်ပြီးတော့ ဖမ်းမိလိုက်တဲ့သူတွေ၊ ဒဏ်ရာရတဲ့သူတွေကို ဒူးထောက်ခိုင်းထားတယ်။ ပြီးတော့ ‘မင်းတို့ကြွေးကြော်သံတွေ အော်စမ်း၊ မင်းတို့ အော်နိုင်သေးလား အော်စမ်း၊ မင်းတို့ ဘာလုပ်နေတာလဲ’ လို့ ပြောဆိုရိုက်နှက်ပြီးတော့ သေနတ်တွေလည်း ပစ်ဖောက်လိုက်တယ်” ဟု ယမန်နေ့က ပန်းပင်ကြီးလမ်းဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ကိုချမ်းက ပြောပြသည်။

စစ်တပ်က ထိုသို့ ကားဖြင့်တိုက်ကာ ပစ်ခတ်ဖမ်းဆီးပြီးနောက် ရိုက်နှက်ထားသူများကို လူနာတင်ယာဉ်တစ်စီးပေါ် ဆွဲတင်ခဲ့ကြောင်း ဖြစ်စဉ်အတွင်း ထွက်ပြေးလွတ်မြောက်ခဲ့သူ အသက် ၂၀ အရွယ် ကိုချမ်းက ပြောသည်။ 

“သူတို့ရိုက်နှက်ထားတဲ့သူတွေ အကုန်လုံးက မထနိုင်ဘူး၊ ကားနဲ့တိုက်ထားတဲ့သူတွေကို အရေးပေါ်ဆေးကုသနည်းနဲ့ ကုသပြီးတော့ Ambulance ပေါ်ကို အကုန်လုံး ဆွဲတင်သွားတယ်။ Dead Body ကောက်ခွင့်မပေးဘူး၊ ဒဏ်ရာရတဲ့သူတွေကိုလည်း သယ်ခွင့်မပေးဘူး။ ဓာတ်ပုံရိုက်ခွင့်လည်း မပေးဘူး။ ဓာတ်ပုံရိုက်တဲ့သူတွေကိုလည်း တိုက်ပေါ်တွေအထိ လက်ညှိုးတွေထိုးပြီးတော့ လိုက်ဖမ်းခိုင်းတာမျိုးတွေ လုပ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

“ပြီးတဲ့အခါမှာလည်း ကားတွေကို တစ်စီးချင်းစီ လိုက်စစ်တယ်။ ကားတွေပေါ်မှာ လူရှိလား။ ကားတွေပေါ်မှာ ဓာတ်ပုံရိုက်နေတဲ့သူတွေ ရှိလား၊ ကားတွေကို တစ်စီးချင်းစီ လိုက်စစ်တယ်၊ ကားပေါ်မှာ ပုန်းနေတဲ့သူတွေကိုလည်း ဆွဲချပြီး ဖမ်းသွားတာမျိုးတွေရှိတယ်။ အချိန်အားဖြင့် ၉း၁၅၊ ၉း၂၀ လောက်တော့ ရှိပြီ။ ဒါပေမဲ့ အဲမှာ ဆက်လက်စစ်ဆေးနေတုန်းပေါ့” 

ကားဖြင့်တိုက်ခံရစဉ် အနည်းဆုံး ၆ ဦးခန့် လဲကျသွားကြောင်း၊ တစ်ဦးမှာ လုံးဝမလှုပ်နိုင်တော့ကြောင်း၊ ကားအောက်တွင် ညပ်နေသူတစ်ဦးနှင့် ဘေးသို့ လွင့်ထွက်သွားသူနှစ်ဦးရှိကြောင်းလည်း ကိုချမ်းက ဆိုသည်။

“တစ်ယောက်က သတင်းထောက်ဖြစ်မယ်။ ကင်မရာပါလွင့်ပြီးတော့ မှောက်လျက်ကြီး လဲနေတယ်။ သူတို့ (စစ်သားများ) ဘာသာ ထူသွားပြီးတော့ (Ambulance ပေါ်) တင်လိုက်တယ်။ အနောက်မှာ တစ်ယောက်တင်တယ်။ ပြီးတော့ နောက်ထပ် ကောင်လေးနှစ်ယောက်ကိုပါ ဆွဲတင်သွားတယ်။ ကျွန်တော်မြင်လိုက်ရတာ လေးယောက်” ဟု ၎င်းက ဆိုသည်။ 

“သူတို့ရဲ့ အခြေအနေကတော့ တော်တော်စိုးရိမ်ရတယ်လို့ မြင်ပါတယ်။ ပတ်တီးတွေနဲ့ သွေးတွေအလိမ်းလိမ်းနဲ့။ ပစ်လဲသွားပြီးတော့ အသည်းအသန်ထဖို့ ကြိုးစားတယ်၊ တချို့တွေလည်း မထနိုင်ဘူး။ အစ်မတစ်ယောက်ဆို လှုပ်ကို မလှုပ်တော့ဘူး” ဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။ 

အရှိန်ဖြင့် ဝင်တိုက်သည့် စစ်ကားတွင် ရှေ့ခန်း၌ စစ်သားနှစ်ဦး၊ နောက်ခန်းတွင် လေးဦးပါရှိပြီး ရဲကားနှစ်စီး ထပ်မံရောက်ရှိလာကြောင်း၊ ရဲကားနှင့် စစ်ကားများ ထွက်သွားပြီးနောက် အရေအတွက်အားဖြင့် ၂၀ မှ ၃၀ ကြားရှိ အရပ်ဝတ်များ ရောက်ရှိလာကာ အဆိုပါနေရာကို စောင့်ကြည့်လျက် စောင့်ဖမ်းကြောင်း ၎င်းက ဆိုသည်။ 

ကားဖြင့်တိုက်ဖြိုခွင်းခံရပြီးနောက် စစ်သားများ၊ ရဲများနှင့်အတူ ဖမ်းခံထားရသူ လူငယ်အချို့ကို တွေ့ရစဉ်။ 

“တော်တော်ကြာပြီးတဲ့နောက်မှာ တာဝန်သိပြည်သူတွေက ဓာတ်ပုံဗီဒီယိုရိုက်တာတွေ မှတ်တမ်းယူတာတွေ ကြိုးစားပေးနေတဲ့အခါမျိုးမှာ ဖမ်းဆီးခံရတာမျိုးတွေလည်း တွေ့တယ်။ ပြီးတော့ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ပန်းခွေတွေချတဲ့အခါ ဖမ်းဆီးတာမျိုးတွေ ရှိတယ်” ဟု ကိုချမ်းဆိုသူ လူငယ်က ၎င်းမြင်တွေ့ခဲ့ပုံကို ပြောသည်။ 

“အနောက်ကို လှည့်ကြည့်လိုက်တော့ ကျွန်တော်သိတော့ ညာဘက်ခြမ်းကို ပြေးလိုက်တာပေါ့။ ပြီးတော့ ကားတစ်စီးနဲ့ ကွယ်ပြီးတော့ အခြေအနေကို စောင့်ကြည့်နေတာပေါ့နော်။ ကားတစ်စီးပေါ်မှာ ပုန်းပြီးတော့ ကားအောက်ထဲ ခြေနင်းခုံအောက်မှာ ဝပ်ပြီးတော့ သူတို့ရဲ့အခြေအနေ စောင့်ကြည့်နေတယ်။ အချိန်အတော်အသင့်ကြာတော့မှ သူတို့လည်း ဆင်းသွားပြီဆိုတော့မှ ထွက်လိုက်တာ” ဟုလည်း ကားများအကြား ပုန်းအောင်းရင်း လွတ်မြောက်ခဲ့ပုံကို ၎င်းက ပြောသည်။ 

အမျိုးသမီးသတင်းထောက်အခြေအနေ စိုးရိမ်ရ 

ပန်းပင်ကြီးလမ်းဖြစ်စဉ်တွင် သတင်းရယူနေရင်း ကားဖြင့်တိုက်ခံရသူတစ်ဦးဖြစ်သည့် အမျိုးသမီးသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းမှာ ဦးခေါင်းထိခိုက်ထားပြီး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အသက် ၃၃ နှစ်အရွယ် ထိုအမျိုးသမီးမှာ စစ်ဆေးရုံတစ်ခုတွင် ကုသမှုခံယူနေရကြောင်း၊ ယခုအချိန်ထိ သတိပြန်မလည်သေးကြောင်း အထက်ပါမိသားစုဝင်က ယနေ့ (ဒီဇင်ဘာ ၆) နံနက်ပိုင်းတွင် Myanmar Now ကို ပြောသည်။

“ဦးခေါင်းခွံ ချုပ်ထားတယ်ပြောတယ်။ ခြေတွေလက်တွေ ထိခိုက်တယ်ပေါ့။ ဒီနေ့ CT Scan ရိုက်ရမယ်တဲ့။ စိုးရိမ်ရတဲ့အခြေအနေ မကျော်လွန်သေးဘူးပေါ့ အဲလိုတော့ပြောတယ်” ဟု စစ်ဆေးရုံတာဝန်ကျ ဆရာဝန်တစ်ဦးကို ကိုးကားပြီး ၎င်းက ပြောသည်။

စစ်ကောင်စီက ကားဖြင့်တိုက်ကာ ရက်ရက်စက်စက်ဖြိုခွင်းစဉ် အပြင်းအထန်ဒဏ်ရာရရှိခဲ့သူ အမျိုးသမီးသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း။ 

ယမန်နေ့ နံနက်ပိုင်းက ဆန္ဒပြသူများ အကြမ်းဖက်ဖြိုခွဲခံရသည့် သတင်းများတက်လာချိန်တွင် ဆက်သွယ်ရာ ဖုန်းပိတ်ထားကြောင်း၊ ထို့နောက် ကြည့်မြင်တိုင်ရဲစခန်းနှင့် ရွှေပြည်သာစစ်ကြောရေးတို့တွင် လိုက်လံစုံစမ်းခဲ့သော်လည်း သတင်းမရဘဲ ညနေ ၄ နာရီတွင်မှ မမှူးရတနာခက်မို့မို့ထွန်း၏ ဦးခေါင်းပတ်တီးစည်းထားပြီး သတိလစ်နေသည့် ပုံများတက်လာမှ ဒဏ်ရာရမှန်းသိရသည်ဟု ၎င်းက ဆိုသည်။

ည ၈ နာရီခန့်တွင် စစ်ဆေးရုံတစ်ခု၌ ရောက်ရှိနေကြောင်း သတင်းရသဖြင့် လိုက်လံစုံစမ်းပြီး စစ်ဆေးရုံသို့ လိုက်သွားခဲ့ခြင်းဖြစ်သည်ဟု မမှူးရတနာခက်မို့မို့ထွန်း၏ မိသားစုဝင်က ပြောသည်။ 

“ဒါပေမဲ့ သူက လူနာတင်ယာဉ်နဲ့ ရောက်လာတာ မဟုတ်ဘူး။ DC ကားနဲ့ ရောက်လာတာပေါ့နော်၊ နောက်ဆုံးမှ ရောက်လာတဲ့ ကောင်မလေးတဲ့။ မဆုံးသေးဘူးပေါ့နော်။ စိုးရိမ်ရတဲ့ အခြေအနေတော့ ရှိတယ်တဲ့။ ပေးဝင်ပါပေါ့နော် အဲလိုပြောတော့ ညဘက်က ပေးမဝင်ဘူးတဲ့၊ မနက်ခင်းကျမှ ရုံးချိန်အတိုင်း လာခဲ့ပါလို့ ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယနေ့နံနက် ၇ နာရီခန့်တွင် စစ်ဆေးရုံသို့ သွားရောက်ခဲ့သော်လည်း လူနာကို တွေ့ခွင့်မရခဲ့ကြောင်း၊ ဆေးကုသမှုနှင့် ဆိုင်သည့် အချက်အလက်များကိုသာ ဆရာဝန်ထံမှ သိရသော်လည်း အခြားအကြောင်းအရာများ သိခွင့်မရဟုလည်း ပြောသည်။​

ရန်ကုန်မြို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်နေသူ မမှူးရတနာခက်မို့မို့ထွန်းတွင် မိသားစုအရင်းအချာအနေဖြင့် ပျဉ်းမနားမြို့တွင် နေထိုင်သည့် မိခင်နှင့် ညီမဖြစ်သူသာရှိပြီး ယနေ့တွင် ရန်ကုန်သို့ လာနေပြီဖြစ်ကြောင်းလည်း သိရသည်။

သတင်းရယူနေစဉ် အဖမ်းခံရသူ မမှူးရတနာခက်မို့မို့ထွန်းမှာ ၎င်းတို့သတင်းထောက်ဖြစ်ကြောင်း Myanmar Pressphoto Agency (MPA) က သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူများ 

စစ်ကောင်စီက ဖမ်းဆီးခဲ့သူများအနက် အသက် ၁၉ နှစ်အရွယ် မမြကြူကြူသင်း၊ ၂၀ အရွယ် ကိုအာကာကျော်၊ အသက် ၁၅ နှစ်အရွယ် မယဉ်မေအောင်။ 

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ပန်းပင်ကြီးလမ်းဖြစ်စဉ်အတွင်း အမျိုးသားရှစ်ဦးနှင့် အမျိုးသမီးသုံးဦး အဖမ်းခံရသည်ဆိုသော်လည်း ဖြစ်စဉ်အတွင်း အဖမ်းခံရသူအရေအတွက်နှင့် နောက်ဆက်တွဲဖမ်းဆီးခံရသူများ ရှိမရှိ အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖမ်းဆီးခံရသူများအနက် CDM ရဲများထံမှ သိရသူ ၇ ဦးတွင် အသက် ၁၅ နှစ်၊ ၂၅ နှစ်နှင့် ၂၉ နှစ်အရွယ် အမျိုးသမီးသုံးဦးပါဝင်ပြီး ကျန်သူများမှာ အသက် ၂၀ အရွယ် လူငယ်သုံးဦးနှင့် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ 

ကားဖြင့်တိုက်ကာ ဖြိုခွင်းခံရပြီးနောက် ဖမ်းဆီးခံရသူများတွင် လှိုင်မြို့နယ်တွင် နေထိုင်သူ အသက် ၂၀ အရွယ် ကိုအာကာကျော်၊ ၁၅ နှစ်အရွယ် မယဉ်မေအောင်၊ အင်းစိန်မြို့နယ်မှ ၁၉ နှစ်အရွယ် မမြကြူကြူသင်းတို့ပါဝင်ကြောင်း မိသားစုဝင်များက Myanmar Now ကို အတည်ပြုသည်။ 

ကိုအာကာကျော်မှာ foodPanda တွင် အစားအသောက်ပို့သူ၊ မယဉ်မေအောင်မှာ ဆေးပစ္စည်းထုပ်ပိုးရေးဝန်ထမ်း၊ မမြကြူကြူသင်းမှာ ဒုတိယနှစ်အင်ဂျင်နီယာကျောင်းသူ၊ အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းဝင်ဖြစ်သည်ဟုလည်း သိရသည်။ 

ကိုအာကာကျော်နှင့် မယဉ်မေအောင်မှာ မောင်နှမအရင်းဖြစ်ကြပြီး မယဉ်မေအောင်၏ ပထမဆုံးလုပ်အားခဖြင့် တစ်ပတ်ရစ်ဖုန်းဝယ်ရန် နံနက်စောစောတွင် ကြည့်မြင်တိုင်သို့ ထွက်သွားခြင်းဖြစ်သည်ဟု မိသားစုဝင်က ပြောသည်။

“ပုံမှန်ဆို ၁၁ နာရီ အလုပ်ပြန်ဝင်ရမှာ။ ခဏလေး အားတဲ့အချိန် သူ့ညီမလေးကို ဖုန်းသွားဝယ်ပေးတာ။ ကလေးတွေ အသက်မသေဘဲ ပြန်လာစေချင်ပါတယ်ရှင်။ ကျွန်မ ဘာမှ မသိရသေးပါဘူး။ ကျွန်မသမီးလေးဆို အရမ်းငယ်သေးလို့ အရမ်းစိတ်ပူနေရပါတယ်ရှင်” ဟု အသက် ၂၀ နှင့် ၁၅ နှစ်အရွယ် သားသမီးနှစ်ဦး၏ မိခင်ဖြစ်သူက ပြောသည်။ 

မမြကြူကြူသင်းမှာ ကိုအာကာကျော်နှင့် ချစ်သူများဖြစ်၍ သုံးဦးသား ကြည့်မြင်တိုင်သို့ သွားရောက်ခြင်းဖြစ်ကာ အွန်လိုင်းတွင် ကားဖြင့်တိုက်ဖြိုခွင်းသည့် ရုပ်သံဖိုင် ပြန့်လာ၍ သားသမီးများ၏ သူငယ်ချင်းဖြစ်သူများမှတစ်ဆင့် ဖမ်းဆီးခံရကြောင်း သိရသည်ဟုလည်း မိသားစုဝင်များက ဆိုသည်။

“ဖြစ်ပြီဆိုတာကို ကြားတော့ကြားတယ်။ ကိုယ့်ကလေးတွေတော့ ပါလောက်မှာ မဟုတ်ဘူးလို့ ထင်လိုက်တယ်။ ဒါပေမဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တက်လာတဲ့သတင်းတွေရယ်၊ ပုံတွေရယ်၊ ဗီဒီယိုတွေရယ်ကြောင့် ပါသွားပြီဆိုတာ သိရတာ” ဟု ကိုအာကာကျော်နှင့် မယဉ်မေအောင်တို့၏ ဦးလေးဖြစ်သူက ပြောသည်။ 

“တကယ်လို့သာ လဲနေတာတို့၊ မှောက်နေတာတို့၊ သူတို့အဝတ်အစားတွေ စုတ်ပြတ်သတ်နေတာတို့ဆို လုံးဝမသိဘူး။ ကလေးတွေ မဟုတ်ဘူးလို့ ထင်မိမှာပဲ”  

ဖမ်းဆီးခံရသူ ထိုလူငယ်သုံးဦးအကြောင်း သိရှိနိုင်ရန် ကြည့်မြင်တိုင်ရဲစခန်းကို နှစ်ကြိမ်တိုင် သွားရောက်စုံစမ်းသော်လည်း ရဲများက ဖမ်းဆီးထားခြင်း မရှိဟုသာ ပြန်လည်ဖြေကြားသည်ဟု အဆိုပါအမျိုးသားက ဆက်ပြောသည်။ 

“မောင်အာကာကျော်ကတော့ ကားနဲ့ထိမိသွားတဲ့ ဒဏ်ရာတော့ရှိတယ်။ ကျန်တဲ့မိန်းကလေးနှစ်ယောက်ကတော့ မထိမိဘူးလို့ ယူဆရတယ်။ မြကြူကြူသင်းက သူ့ရဲ့စပို့ရှပ်အဖြူလေးနဲ့ သွေးထွက်နေတဲ့နေရာကို သုတ်ပေးနေတာ ပုံမှာ အတိုင်းသားမြင်ရတယ်” ဟု ဦးလေးဖြစ်သူက ပြောသည်။

“လိုအပ်တဲ့ စားသောက်စရာလေးတွေ လုပ်ပေးချင်တာ။ အဝတ်အစားတွေ ပို့ပေးချင်တယ်။ ဒီကာလကြီးထဲမှာ ချမ်းချမ်းစီးစီးဖြစ်နေမှာ စိုးရိမ်တယ်။ အခုချိန်ထိ သူတို့က လုံးဝဆက်သွယ်အကြောင်းကြားလာတာမျိုး မရှိသေးဘူး။ ဘာသတင်းအစအနမှ မရသေးပါဘူး” 

အဖမ်းခံထားရသူများအနက် အသက် ၂၀ အရွယ်လူငယ်တစ်ဦး၏ အမည်ကို လုံခြုံရေးအရ ထုတ်မပြောနိုင်ကြောင်း၊ ကြည့်မြင်တိုင်ရဲစခန်းတွင် ချုပ်နှောင်ထားရာမှ အခြားတစ်နေရာသို့ ခေါ်ဆောင်သွားသည်ဟု သိရကြောင်း အဆိုပါလူငယ်၏ နှမဖြစ်သူက Myanmar Now ကို ပြောသည်။ 

“အိမ်ကလူတွေရော အမျိုးတွေရော စုံစမ်းကြည့်တာပါ။ အခုတော့ အဲကနေ (ကြည့်မြင်တိုင်ရဲစခန်း) ကနေ လာခေါ်သွားပြီလို့ ပြောတယ်။ ဘယ်ကိုခေါ်သွားလဲတော့ မသိဘူး။ ကျွန်မတို့လည်း စုံစမ်းနေတုန်းပါ” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူများအနက် နောက်ထပ်အတည်ပြုနိုင်သူတစ်ဦးမှာ MPA သတင်းထောက် ကိုကောင်းဆက်လင်းဖြစ်သည်။ MPA သတင်းဌာနကလည်း ကိုကောင်းဆက်လင်း ဖမ်းဆီးခံထားရကြောင်း သတင်းထုတ်ပြန်ထားသည်။ 

ခါးတွင် ဒဏ်ရာရထားသဖြင့် ဆေးရုံတင်ထားသည်ဟုသာ သိရပြီး မည်သည့်အဆက်အသွယ်မှ မရသေးကြောင်း ကိုကောင်းဆက်လင်း၏ ဖခင်ဖြစ်သူက Myanmar Now ကို ပြောသည်။ 

“ဘာလုပ်လို့ လုပ်ရမှန်းမသိဘူးဖြစ်နေတာ။ စခန်းလိုက်သွားတော့ စခန်းက သူတို့ဆီမှာ မရှိဘူးတဲ့၊ ဆေးရုံမှာပဲ ရှိမယ်လို့ အဲသတင်းတော့ ကြားတယ်” ဟု ၎င်းက ပြောသည်။

ယမန်နေ့ဖြစ်စဉ်တွင် ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ စုံစမ်းနေဆဲဖြစ်သည်ဟု ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂတစ်ခု၏ အဖွဲ့ဝင် အသက် ၂၄ နှစ်အရွယ် မလင်းလင်းက ပြောသည်။ 

“ဘယ်သူတွေ အဖမ်းခံရတယ်ဆိုတာ အခုချိန်အထိ လိုက်မေးနေရတုန်းပဲ၊ မနေ့ကဆိုရင်လည်း သပိတ်မှာပါတဲ့ ဓာတ်ပုံတွေပြပြီး ဒီလူကိုရော တွေ့မိသေးလား၊ ဒီလူရော အခြေအနေဘယ်လိုရှိလဲ၊ ဓာတ်ပုံတွေပြပြီး သိတဲ့ သပိတ်အသိုင်းအဝိုင်း အချင်းချင်း ပြန်မေးနေသေးရတဲ့ အနေအထားရှိတယ်” ဟု ၎င်းက ပြောသည်။ 

ကားနှင့်ဝင်တိုက်မှု ရုပ်သံမှတ်တမ်းမှာ မြန်မာပြည်သားများ အသုံးများသည့် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများတွင် ချက်ချင်းပြန့်သွားသည်။

နိုင်ငံအနှံ့တိုက်ပွဲသတင်း၊ ဖမ်းဆီးမှုသတင်းများကို အကောင့်တုများသုံးပြီး facebook တွင် ရေးသားတင်ဆက်သည့် အာဏာသိမ်းမှုထောက်ခံသူတို့က ထိုရုပ်သံရိုက်ကူးသူ၊ ဓာတ်ပုံရိုက်ကူးသူတို့ကို ဖမ်းဆီးရန် ချက်ချင်းလှုံ့ဆော်ခဲ့ကြသည်ကို တွေ့ရသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူများကို စစ်ကားဖြင့်တိုက်ကာ ရက်ရက်စက်စက်ဖြိုခွင်းခံရသည့် ပန်းပင်ကြီးလမ်းဖြစ်စဉ်ကို တုံ့ပြန်သောအားဖြင့် ယမန်နေ့ညပိုင်းတွင် ရန်ကုန်မြို့နေပြည်သူများက သံပုံးတီးသပိတ် ပြုလုပ်ခဲ့ကြသည်။ 

တရားမျှတမှုမဲ့စွာ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်အပေါ် ကန့်ကွက်ကြောင်း နိုင်ငံတကာသံရုံးတချို့နှင့် ပြည်တွင်းပြည်ပရှိ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက ထုတ်ပြန်ခဲ့ကြသည်။ 

ယနေ့ ဒီဇင်ဘာ ၆ တွင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားသော အမှုများအနက် အချို့ကို အမိန့်ချမည်ဖြစ်၍ အမှန်တရားကို သံတိုင်ကြား၌ ဖွက်ထား၍ မရကြောင်း၊ စစ်အာဏာသိမ်းသူများကို တုံ့ပြန်လိုသောကြောင့် ပစ်ခတ်ဖြိုခွင်းခံရနိုင်သည့် အခြေအနေနှင့် အကြောက်တရားကြားမှ ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ကြောင်း ပန်းပင်ကြီးလမ်းသပိတ်တွင် ပါဝင်ခဲ့သူလူငယ်တစ်ဦးက ပြောသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားသည့်အမှုများအနက် အမှုနှစ်ခုအတွက် ယနေ့တွင် ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့သည်။ ထို့အတူ သမ္မတဦးဝင်းမြင့်ကို ထောင်ဒဏ်လေးနှစ်၊ NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန်ဖြစ်သူ ဒေါက်တာမျိုးအောင်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button