သတင်း

နိုင်ငံ့အကြီးအကဲများကို စစ်ကောင်စီက ပုဒ်မနှစ်ခုဖြင့် ထောင် ၄ နှစ်စီ ပြစ်ဒဏ်ချ

သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆူပူစေရန်လှုံ့ဆော်မှု၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှု နှစ်မှုဖြင့် ထောင်ဒဏ် ၄ နှစ် ကျခံစေရန် နေပြည်တော်ကောင်စီဝင်းရှိ သီးသန့်တရားခွင်၌ ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင်က ယနေ့(ဒီဇင်ဘာ ၆) ရက်တွင် အမိန့်ချသည်။

လူထုဆန္ဒမဲဖြင့် အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖြုတ်ချ၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံး ထိန်းချုပ်လိုက်ပြီဟု ဖေဖော်ဝါရီ ၁ တွင် ကြေညာကာ အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း နိုင်ငံတော်အကြီးအကဲနှစ်ဦးကို စစ်ကောင်စီက ပထမဆုံးအကြိမ် ပြစ်ဒဏ်ချခြင်းဖြစ်သည်။

ဖမ်းခံရပြီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ထုတ်ပြန်သည့် စစ်ကောင်စီ တရားမဝင်ကြောင်း စာနှစ်စောင်ကို အကြောင်းပြု၍ ဆူပူစေရန်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် အမြင့်ဆုံးချနိုင်သည့် ထောင်ဒဏ် ၂နှစ်၊ ကိုဗစ်ကာလအတွင်း မဲဆွယ်ယာဉ်တန်းကြိုဆိုမှုဖြင့် ၃ နှစ်အထိ ချနိုင်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ ၂၅ ဖြင့် ၂ နှစ် သီးခြားစီချမှတ်ခံရခြင်းဖြစ်သည်။

သို့သော် NLD ဥက္ကဋ္ဌ အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ အသက် ၇၀ အရွယ် ဦးဝင်းမြင့်ကို မည်သည့်နေရာတွင် ထားရှိမည်ကို ယနေ့ မွန်းလွဲ ၁၂နာရီခွဲအထိ အတည်မပြုနိုင်သေးဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

တရားရုံးနှင့် ရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းများအရ အကျဉ်းထောင်သို့ မပို့ဘဲ သီးသန့်ချုပ်နှောင်နိုင်သည့် နည်းလမ်းရှိကြောင်း ၎င်းက ဆက်ပြောသည်။

“အိမ်မှာထားလို့တော့ ရပါတယ်။ ကျန်တဲ့အမှုတွေရှိသေးတော့ သူတို့(စစ်ကောင်စီ) ချက်ချင်း ထောင်ပို့မှာ မဟုတ်သေးဘူး” ဟု တရားရုံးနှင့် နီးစပ်သူက သုံးသပ်သည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၀၉ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အလားတူကြုံခဲ့ရစဉ်ကမူ ပြစ်ဒဏ်တစ်ဝက်ကို ဆိုင်းငံ့ထောင်ဒဏ်သတ်မှတ်ကာ ကျန်တစ်ဝက်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင်သာ ပြစ်ဒဏ်ကျခံရသည်။

ထိုစဉ်က ရန်ကုန်ရှိ နေအိမ်သို့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တော ခိုးဝင်ရာတွင် အကျယ်ချုပ်ချထားသည့် စည်းကမ်းကို ဖောက်ဖျက်သည်ဟုဆိုကာ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း BBC သတင်းဌာနက ရေးထားသည်။

လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်ထမ်းဆောင်စဉ်ကတည်းက နေအိမ်တွင် အတူရှိနေသည့် အခြား ၈ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ အတည်မပြုနိုင်သည့် တစ်နေရာ၌ စစ်ကောင်စီက ထိန်းသိမ်းထားသည်။ သမ္မတဦးဝင်းမြင့်မှာမူ မည်သို့နေထိုင်နေရသည်ကို မသိရပေ။

ယနေ့တရားရုံးချိန်းအတွင်း ပုဒ်မ ၅၀၅ (ခ) အမှုတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နှင့်အတူ ပူးတွဲရင်ဆိုင်ရပြီး ထောင် ၂နှစ် ချခံရသည့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ သုံးဦးစလုံးမှာ ကျန်းမာစွာဖြင့် တည်တည်ငြိမ်ငြိမ်ရှိနေသည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့က ဦးဝင်းမြင့် နိုင်ငံတော်သမ္မတရာထူးလက်ခံသည့် အခမ်းအနားအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းမည့် စစ်ခေါင်းဆောင်များ ခြံရံလျက် တွေ့ရစဉ်။ (ဓာတ်ပုံ-သမ္မတရုံးဝက်ဆိုက်)

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြစ်ဒဏ်ကြီးလေးသည့် အဂတိဆိုင်ရာ စွပ်စွဲချက်များ အပါအဝင် စုစုပေါင်း ၁၂ မှု စွပ်စွဲထားပြီး NLD က အပြတ်အသတ် ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုလုပ်သည်ဆိုကာ အမှုဖွင့်မည်ဟုလည်း ကြေညာထားသေးသည်။

ဦးဝင်းမြင့်ကိုမူ အထက်ပါနှစ်မှုအပြင် သဘာဝဘေးအန္တရာယ်ကျရောက်လျှင် အသုံးပြုရန် ငှားရမ်း၊ ဝယ်ယူသည့် ရဟတ်ယာဉ်ကိစ္စဖြင့် အဂတိမှု၊ မဲမသမာမှု နှစ်မှုဖြင့် စစ်ကောင်စီက စွပ်စွဲထားသည်။

နိုင်ငံတော်အကြီးအကဲနှစ်ဦးစလုံးကို နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားခွင်၌ပင် စစ်ကောင်စီက အပတ်စဉ် ရုံးထုတ်စစ်ဆေးနေသည်။

အာဏာသိမ်းပြီးနောက် ခေါင်းဆောင်အများအပြား ဖမ်းဆီးခံထားရသည့် NLD ၏ ဗဟိုအလုပ်ကော်မတီခေါင်းဆောင် ဦးအောင်ကြည်ညွန့်ကမူ စစ်ကောင်စီ၏ ထိုလုပ်ရပ်များမှာ ပြည်တွင်းပြည်ပထောက်ခံမှု အမှန်တကယ်ရထားသည့် နိုင်ငံ့ခေါင်းဆောင်များကို အကြောင်းမဲ့ အပြစ်တင်နေခြင်းသာဖြစ်ကြောင်း ပြောသည်။

“ပြည်သူလူထုက တကယ်ထောက်ခံထားတဲ့ နိုင်ငံ့ရဲ့ခေါင်းဆောင်တွေကို ဖယ်ထုတ်ပြီးတော့ သွားချင်တယ်ဆိုတဲ့ အခင်းအကျင်းမျိုး တစ်ဖက်သတ်ဆောင်ရွက်နေတဲ့ အနေအထားမျိုးလို့ပဲ မြင်ပါတယ်” ဟု ဦးအောင်ကြည်ညွန့်က နိုဝင်ဘာလကုန်ပိုင်းတွင် Myanmar Now ကို မှတ်ချက်ပြုထားသည်။

NLD က ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းခဲ့သည့် စစ်တပ်၏ ထိုအပြုအမူများမှာ တရားဝင် နိုင်ငံ့အာဏာရရှိထားသည့် ခေါင်းဆောင်များကို စွပ်စွဲပြစ်တင်၍ ၎င်းတို့ကျူးလွန်ထားသည့် နိုင်ငံတော်ပုန်ကန်မှုကြီးကို ဖုံးကွယ်ရန်သာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီး ဦးသိန်းဦးကလည်း ပြောသည်။

“(အာဏာသိမ်းထားသည့် စစ်တပ်က ) နိုင်ငံရေးနဲ့ ပတ်သက်ပြီး စွဲဆိုထားတဲ့ အမှုတွေအားလုံးဟာ မူလကတည်းက ပျက်ပြယ်တဲ့ကိစ္စတွေ ဖြစ်တဲ့အတွက် ဒီအမှုတွေအပေါ် တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ လုံးဝတရားမဝင်ဘူး” ဟု ၎င်းက ယနေ့ (ဒီဇင်ဘာ ၆) တွင် မှတ်ချက်ပြုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် ချမှတ်လိုက်သည့် ထောင်ဒဏ်အမိန့်နှင့် ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ၏ ဥက္ကဋ္ဌ Charles Santiago ကလည်း “အတုအယောင်တရားစီရင်မှု” ဟု ဝေဖန်လိုက်သည်။

“ဒီထောင်ဒဏ်ချမှတ်မှုနဲ့ ဘယ်သူ့ကိုမှ လှည့်ဖြားလို့ မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားလွှတ်တော်အမတ်တွေအပေါ် စွပ်စွဲထားတဲ့ ပြစ်မှုတွေဟာ စစ်တပ်က သူတို့ရဲ့ တရားမဝင်အာဏာသိမ်းလိုက်မှု မှန်ကန်ကြောင်းပြသဖို့ အားထုတ်မှုတွေသာ ဖြစ်တယ်ဆိုတာ စစ်အာဏာသိမ်းလိုက်တဲ့နေ့ကတည်းက အထင်အရှားဖြစ်ပါတယ်” ဟု Charles Santiago က ဆိုသည်။

ယခုကဲ့သို့ စီရင်ချက်မျိုး ချမှတ်ကာ အာဏာသိမ်းစစ်တပ်သည် အာဏာတည်မြဲရန် မည်သို့ပင်ကြိုးစားစေကာမူ မြန်မာပြည်သူများသည် စစ်တပ်ကို လက်မခံကြောင်း အသက်နှင့်ရင်း၍ ဆက်လက်ပြသနေဆဲဖြစ်သည်ဟု မလေးရှားလွှတ်တော်အမတ်တစ်ဦးလည်းဖြစ်သည့် Charles Santiago က ထုတ်ပြန်ပြောဆိုသည်။

ထို့ပြင် ယခုစီရင်ချက်သည် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို မြန်မာစစ်တပ်က ဆက်လက်ဖီဆန်နေမှုပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဘုံသဘောတူညီချက် ၅ ရပ်အနက် တစ်ချက်မှာ မြန်မာနိုင်ငံအတွင်း အခြေအနေများကို ဖြေရှင်းရန် သက်ဆိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့အစည်းအသီးသီးနှင့် အပြုသဘောဆွေးနွေးရန်ဖြစ်သော်လည်း စစ်တပ်သည် ယခုကဲ့သို့ သက်ဆိုင်သူတစ်ဦးကို ထောင်သွင်းအကျဉ်းချလိုက်ခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် စစ်တပ်ကိုယ်စားလှယ်အားလုံးကို ဒေသတွင်းအစည်းအဝေးများတွင် တက်ရောက်ခွင့်မပြုခြင်း၊ စစ်ဗိုလ်ချုပ်များကို ဒေသတွင်း ခရီးသွားလာခွင့်ပိတ်ပင်ခြင်းနှင့် ရွေးကောက်ခံအစုအဖွဲ့ကိုယ်စားပြု အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်ဆံဆောင်ရွက်ရန် အာဆီယံအဖွဲ့ကို APHR ဥက္ကဋ္ဌက ဆက်လက်တောင်းဆိုလိုက်သည်။

အာဏာသိမ်းပြီးနောက်တွင် တရားစီရင်ရေးအာဏာကို ချုပ်ကိုင်ထားသည့် စစ်ကောင်စီက နိုင်ငံရေးရန်ဘက်များ၊ အာဏာဖီဆန်သူများကို ထောင်ဒဏ်များ ဆက်တိုက်ချမှတ်နေသည်။

အဂတိမှု ၅ မှု တပ်ခံရသည့် NLD ဗဟိုအလုပ်အမှုဆောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို နိုဝင်ဘာ ၉ ရက်က အမိန့်ချရာတွင် အမြင့်ဆုံးပြစ်ဒဏ်ကို တစ်မှုချင်းအလိုက်ခွဲ၍ စုစုပေါင်း ထောင် ၇၅ နှစ်အထိ စစ်ကောင်စီက ချမှတ်ခဲ့သည်။

ထိုသို့ပုံစံမျိုးဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြစ်ဒဏ်ချမည်ဆိုပါက လက်ရှိစွပ်စွဲခံထားရပြီးဖြစ်သည့် အမှု ၁၂ မှု၏ အမြင့်ဆုံးပြစ်ဒဏ် စုစုပေါင်းကာလမှာ ၁၁၆ နှစ်အထိ ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button