အဂတိလိုက်စားသည်ဟု စွပ်စွဲခံနေရပြီး စစ်ဆေးခံနေရသော တိုင်းအစိုးရအဖွဲ့ကို အပြောင်းအလဲလုပ်ပေးရန် NLD အစိုးရကို ဒေသခံများက ပြင်းပြင်းထန်ထန် တောင်းဆိုနေကြသည်။
ရန်ကုန် - ဒေသခံပြည်သူတို့နှင့် တိုင်းအစိုးရတို့အကြား တင်းမာမှုများမြင့်တက်နေသည့် တနင်္သာရီတိုင်းဒေသကြီးသို့ လာရောက်ရခြင်းတွင် တိုင်းအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ပုံများကို စိစစ် “ဆုံးမရန်” လည်း ပါသည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြိတ်မြို့ ပုလဲရတနာခန်းမ၌ ယနေ့နေ့လယ်ပိုင်းက ကျင်းပသည့် ဒေသခံများနှင့်တွေ့ဆုံပွဲတွင် အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။

အဂတိလိုက်စားမှုဖြင့် ဝေဖန်စွပ်စွဲခံနေရသည့် တနင်္သာရီတိုင်း လက်ရှိဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးတို့အား အမြန်ဆုံးဖယ်ရှားပေးရန် မြိတ်ခရိုင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးအဖွဲ့ တာဝန်ခံက တောင်းဆိုသည့် အပေါ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတနင်္သာရီကိုလာရတဲ့ အကြောင်းရင်းတစ်ခုကလည်း အစိုးရအဖွဲ့ကို ဆုံးမဖို့ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။
ထို့ပြင် ခန်းမရှေ့တွင် ဒေသခံများက “အမေစုအလိမ်ခံနေရပြီ” ၊ “တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ အမြန်ဆုံးပြောင်းပေး… တိုင်း NLD ပါတီဥက္ကဋ္ဌ ဦးအောင်စိုးအား ဖယ်ရှားပေး” ၊ “ကျွန်ုပ်တို့ တနင်္သာရီတိုင်းသည် Animal Farm ဖြစ်နေပါပြီ” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။


လက်မှတ်ထိုးကာ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် နှင့် တိုင်းဒီချုပ်အလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌဦးအောင်စိုးနှင့် စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း တို့သည် ဆွေမျိုး နီးစပ်သူများအားလုပ်ပိုင်ခွင့်ချထားပေးခြင်း၊ ကိုယ်ရေးအရာရှိ ခန့်ထားခြင်းနှင့် တိုင်းအတွင်းရှိ စီမံကိန်း တင်ဒါ ကိစ္စများနှင့် ပတ်သက်၍ အဂတိလိုက်စားမှုရှိ၊ မရှိ စစ်ဆေးပေးရန် ထားဝယ်နှင့် မြိတ်ဒေသမှ ဒေသခံ ၁၀၀ ကျော်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို)သို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက တိုင်ကြားခဲ့သည်။
ထို့ပြင် ဝန်ကြီးချုပ်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက်အစီရင်ခံစာတစ်စောင်ကိုလည်း တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးကလက်မှတ် ထိုး၍နိုင်ငံတော်သမ္မတနှင့်တကွ အတိုင် ပင်ခံပုဂ္ဂိုလ်ထံ ဇန်နဝါရီလကုန်ပိုင်းက အစီရင်ခံပေးပို့ထားကြောင်း သိရသည်။


တိုင်းအစိုးရအား ဆုံးမရန်လာသည်ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် လတ်တလောတွင်မှတ်ချက်ပြုနိုင်ရန် စောသေးသည်ဟု အဆိုပါ လူထုတွေ့ဆုံပွဲတွင် ရောက်ရှိနေသည့် တနင်္သာရီတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက Myanmar Now ကိုပြောသည်။
“ကျွန်တော်တို့တော့ လတ်တလော လူထုတွေ့ဆုံနေတုန်းပဲ။ အစီရင်ခံစာလည်း တင်ထားပြီးပြီ။ လတ်တလော ဘာမှတော့မရှိပါဘူး။ အစီရင်ခံစာတင်ထားတဲ့သူတွေလွှတ်တော်ကိုယ်စားလှယ်တွေကို မေးမြန်းတဲ့ အနေအထား ပဲရှိတယ်။ ဘာမှတော့ မပြောသေးဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် ဒေသခံများ၏ တိုင်ကြားထားမှုအပေါ် NLD(ဗဟို)ကသာမက အဂတိလိုက်စား မှုတိုက်ဖျက်ရေး ကော်မရှင်ကပါ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများနှင့် လွှတ်တော် ကိုယ်စားလှယ် များကပြောသည်။
အဆိုပါ ပြည်သူများ၏ တိုင်ကြားစာတွင် တိုင်း NLD အလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ဝန်ကြီးချုပ်သည် ဆွေမျိုးတော်စပ်ပြီး ဦးအောင်စိုး၏ သမီးအား ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိဖြစ်ခန့်အပ်ထားကြောင်း ထောက်ပြထားသည်။
ထို့ပြင် ဒေသမီးလင်းရေးစီမံကိန်းတွင် နိုင်ငံတော်အား သဘာဝဓာတ်ငွေ့ဖိုး ကျပ်သိန်း ၈၀,၀၀၀ ကျော် ပေးသွင်းရန် အကြွေး တင်လျက်ရှိသော GGS ကုမ္ပဏီတွင် ဦးအောင်စိုး၏မိသားစုဝင်များ ပါဝင်နေခြင်း အပါအဝင် ဒေသအတွင်း စီးပွားရေးလုပ်ငန်းများနှင့်ပတ်သတ်ပြီး အဂတိမကင်းဟု ဆိုကာ တိုင်ကြားခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ “ပြည်သူကိုထိခိုက်စေတဲ့ ကိစ္စတွေ ဖြစ်လာပြီဆိုရင် ကျွန်မတို့က ပြတ်ပြတ်သားသား ဥပဒေ ဘောင်အတွင်းကနေ အရေးယူမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် အခမ်းအနား မိန့်ခွန်းထဲတွင် ထည့်သွင်းပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်းခရီးစဉ်သည် သုံးရက်ကြာမြင့်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက်တွင် ကော့သောင်း မြို့သို့သွားရောက်၍ ပုလဲလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများကို လေ့လာပြီးနောက် လူထုတွေ့ဆုံ ပွဲပြုလုပ်မည် ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထားဝယ်မြို့သို့ သွားရောက်၍ လူထုတွေ့ဆုံပွဲ လုပ်မည်ဖြစ်သည်။
ယခုခရီးစဉ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာပြီးနောက်ပိုင်း ပါတီခေါင်းဆောင်၏ ပထမဆုံးသော တနင်္သာရီ ခရီးစဉ်ဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












