သတင်း

မိုးညှင်းတွင် စစ်ကောင်စီက တိုက်လေယာဉ်ပါသုံး၍ တိုက်ခိုက်

ကချင်ပြည်နယ်‌၊ မိုးညှင်းမြို့ အင်းတော်ကြီးကန်ဒေသကို ယမန်နေ့ (နိုဝင်ဘာ ၂၅) တွင် စစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA တပ်ရင်း ၂၆ ရှိ စစ်သည်များ နံနက် ၁ နာရီနှင့် ၂ နာရီခွဲခန့်တွင် လေကြောင်းမှ အတိုက်ခံရသော်လည်း နှစ်ကြိမ်စလုံး ပစ်မှတ်လွဲချော်သဖြင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း၊ ရုရှနိုင်ငံမှ အသစ်ရောက်လာသည့် Su – 30 တိုက်လေယာဉ်များ စမ်းသပ်သည်ဟု သိထားကြောင်း ၎င်းက ဆိုသည်။

နိုဝင်ဘာ ၂၂ တွင် ရွှေကူမြို့အထက်ပိုင်း တောင်ကတုံးကျေးရွာအနီး ဧရာဝတီမြစ်ဘေးမှ ခြေလျင်ချီတပ်လာသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး အထိနာခဲ့သည်ကို လက်တုံ့ပြန်ခြင်းဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီကို ပြည်သူ့ခုခံမှု အားကောင်းနေသည့် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်နယ်စပ်တစ်လျှောက်ရှိ ရွှေကူ၊ ကသာ၊ ကောလင်းနှင့် ဝန်းသိုမြို့နယ်များတွင် စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများ မြင့်တက်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ရွှေကူကတော့ စစ်ကိုင်းတိုင်းနယ်စပ်ဖြစ်နေတယ်ဆိုတော့ စစ်ကိုင်းဘက်ကို ထိုးဝင်မှာကို သူတို့ (စစ်ကောင်စီ) လည်း စိုးရိမ်လို့ ခြိမ်းခြောက်ပစ်တာလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုအပြီး မွန်းတည့် ၁၂ နာရီ ဝန်းကျင်တွင် ရွှေကူမြို့ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ ကချင်သေရွာအနီး စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်နှင့် KIA တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ကြီးပါ သုံးရသည်အထိ ပြင်းထန်ခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထိုတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရမှုအခြေအနေနှင့် KIA ဘက်မှ ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတိုက်ခိုက်သည်ဆိုသော သတင်းများကိုမူ ၎င်းက အတည်မပြုပေ။

KIA တပ်ရင်း ၂၆ သည် အောက်တိုဘာ ၉ တွင်လည်း ဗုံးကြဲတိုက်ခိုက်ခံရဖူးသည်ဟု KIA ဘက်က ပြောသည်။ အသေးစိတ်မသိရပေ။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီတပ်ထံ မေးမြန်းနိုင်ခြင်းမရှိသေးပါ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို အစဉ်တစိုက်ရှုတ်ချတတ်သည့် KIA က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုများ ရှိမရှိကိုမူ ထုတ်ဖော်ပြောဆိုလေ့မရှိပေ။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန် ရည်ရွယ်ပြီး လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန်ပါဝင်မည့် ပြည်သူ့တော်လှန်ရေး စက်တင်ဘာ ၇ တွင် စပြီဟု ကြေညာထားသည့် NUG က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဦးဆောင်ပါဝင်သည့် ဗဟိုစစ်ရေးကော်မတီဖွဲ့ပြီးဖြစ်ကြောင်း ပြောထားသည်။

မည်သည့်အဖွဲ့များ ပူးပေါင်းပါဝင်သည်ကိုမူ NUG ဘက်ကလည်း ထုတ်မပြောပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button