ကယားဝန်ကြီးချုပ် မြေသိမ်းကြောင်း စွပ်စွဲခံနေရသော်လည်း မေလအတွင်း ဌာနဆိုင်ရာ ပေးစာတစ်စောင်တွင်မူ “မတရား သိမ်းပိုက် ထားခြင်းမရှိ” ဟု ရေးထားသည် (သတင်း အစ အဆုံး)
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် သူ၏မဲဆန္ဒနယ် မယ်စဲ့မြို့နယ်တွင် ဝန်ကြီးချုပ် လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး သာသနာ့မြေများကို သိမ်းယူနေသည်ဟု ဒေသတွင်း ကက်သလစ် သာသနာပြုအဖွဲ့တစ်ဖွဲ့က နိုဝင်ဘာ ၈ ရက်နေ့တွင် စွပ်စွဲလိုက်သည်။
၃၉ နှစ် အရွယ် ဝန်ကြီးချုပ်သည် ၂ဝ၁၅ ရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ၂ နှစ် အကြာတွင် မြေကွက်တစ်ခုအတွက် ဂရန်ရရှိရန် လုပ်ဆောင်ခဲ့ပြီး သူ၏ခြံမြေအဖြစ် အမည်ဖောက်ခဲ့ကြောင်း၊ အဆိုပါမြေကွက်ရှိ ဧကဝက်ခန့်တွင် သာသနာ့မြေ တစ်စိတ်တစ်ပိုင်း ပါဝင်နေကြောင်း မယ်စဲ့တိုက်နယ်၊ လွိုင်ကော်ကတ်သလစ် သာသနာ၏ ကျောင်းထိုင် ဘုန်းတော်ကြီး ရစ်ချက်သူရထွန်းက ပြောသည်။

“ ဥပဒေကို ကျွန်တော်တို့ သေချာမသိပေမယ့် အာဏာကိုအသုံးပြုပြီးတော့ လုပ်တာတော့ မတရားဘူးလို့ ခံစားရပါတယ်။ အများပိုင်သာသနာ့နယ်မြေဖြစ်လို့ မြေတန်ဖိုး ဆိုတာထက် လူထုရွေးထားတဲ့ ဝန်ကြီးချုပ်က နယ်စွန်နယ်ဖျားက ပြည်သူတွေကို အာဏာပြပြီး မတရား အနိုင်ကျင့်တာ” ဟု ရန်ကုန်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ဘုန်းတော်ကြီးက ပြောသည်။
ကယားပြည်နယ်၏ အရှေ့တောင်ဘက် မြန်မာ - ထိုင်း နယ်စပ် မယ်စဲ့မြို့ရှိ အဆိုပါ အငြင်းပွား နေသည့် မြေနေရာကို ဝန်ကြီးချုပ် မဖြစ်မီ မယ်စဲ့မြို့နယ် လက်ထောက်ပညာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ၂ဝ၁၄ ကတည်းက ကန့်ကွက်မှုများကြားမှ သူကိုယ်ပိုင်နေရာအဖြစ် ခြံခတ်ခဲ့သည်ဟုလည်း ကတ်သလစ်သာသနာပြုအဖွဲ့က စွပ်စွဲခဲ့သည်။


၁၄ ဧက ကျယ်ဝန်းပြီး ၁၉၉၄ ကတည်းက သာသနာ့မြေ အဖြစ် သတ်မှတ်ထားသည့် အဆိုပါမြေနေရာ၏ တစ်စိတ်တစ်ပိုင်းကို ဝန်ကြီးချုပ်ယူသည့်အတွက်ကြောင့် ကန့်ကွက်နေခြင်း မဟုတ်ကြောင်း၊ လမ်းမနှင့် မျက်နှာစာကို ဂရန်ဖောက်ယူခဲ့ခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း၊ ခြံ၏နောက်ဘက်ခြမ်းကို ယူမည်ဆိုပါက လက်ခံပေးမည်ဖြစ်ကြောင်း သာသနာ့အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်တရေးဇာဝင်းက ပြောသည်။


“သူ(ဝန်ကြီးချုပ်)က ဘာကြောင့် သာသနာ့မြေကို လိုချင်တာလဲမသိဘူး။ ကျောင်းရဲ့မျက်နှာစာ အထွက်လမ်းဘက်ကို ယူထားလို့ ကန့်ကွက်တာ။ အနောက်ဘက်ကို ယူချင်ရင် အဲဒီလောက် မကန့်ကွက်ဘူး။ အားလုံး သဘောတူရင် အလကားပေးမှာပါ” ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအရာရှိများ၊ အာဏာရ NLD ပါတီတို့ကို တိုင်ကြားခဲ့သော်လည်း အကြောင်း မထူးကြောင်းလည်း ဘုန်းတော်ကြီး ရစ်ချက်သူရထွန်းက ပြောသည်။
Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည့် မယ်စဲ့မြို့နယ် အုပ်ချုပ်ရေးမှုးက ကယားပြည်နယ်အုပ်ချုပ်ရေးမှုးထံ ယခုနှစ် မေလအတွင်းက ပေးပို့ခဲ့သည့် အကြောင်းကြားစာတွင် ဝန်ကြီးချုပ်သည် “မတရား သိမ်းပိုက်ထားခြင်းမရှိ” ဟု ရေးသားထားသည်။
ဝန်ကြီးချုပ်သည် ယခုနှစ် အောက်တိုဘာ ၁ဝ တွင် မယ်စဲ့ ကတ်သလစ်ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာခဲ့ပြီး ပိုင်ဆိုင်မှု အငြင်းပွားရာနေရာကို ပြန်မပေးနိုင်ဟု ပြောခဲ့ကြောင်း ဘုန်းတော်ကြီး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဂရန်ပေါက်ပြီမို့ ပြန်မပေးနိုင်ဘူး လို့ ဝန်ကြီးချုပ်က ပြောတယ်” ဟု ဘုန်းတော်ကြီးက ဆိုသည်။
ဝန်ကြီးချုပ်အပေါ် စွပ်စွံခံရမှုကို ဝန်ကြီးချုပ်ရုံးနှင့် ကယားပြည်နယ်အစိုးရရုံးသို့ ဖုန်းဖြင့် ၃ ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားရန် မအားလပ်သေးကြောင်းသာ တုန့်ပြန်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။













