သတင်း

စစ်အင်အား တိုးမြှင့်သည့် တန့်ဆည်တွင် ဒေသခံထောင်ချီ ထွက်ပြေးနေရ

စစ်ကောင်စီကို ခုခံတော်လှန်မှုအားကောင်းသည့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ စစ်တပ်က အင်အားတိုးမြှင့်ထားသည့်အတွက် ဒေသတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံ ၅၀၀၀ ထက်မနည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။

တိမ်းရှောင်ရသူတို့မှာ ကပေါင်းကျ၊ လိပ်ခြံ၊ ပကာ၊ ခေါင်ရာ၊ မောက်တက်၊ စင်းသင်း၊ တောင်ကျောင်း၊ နွားကူး၊ ရေရှင်၊ ကြောင်ဆင်းအိုင်၊ ကျီကုန်း ကျေးရွာတို့မှ ဖြစ်ကြောင်း အကူအညီပေးနေသူတစ်ဦးနှင့် ဒေသခံအချို့က ပြောသည်။

နယ်နိမိတ်ချင်းထိစပ်နေသည့် ရေဦး၊ ကျွန်းလှမြို့နယ်တို့မှ တပ်ဖွဲ့များကိုပါ ပို့လွှတ်ထားသဖြင့် တန့်ဆည်မြို့နယ်အတွင်း စစ်သား ၅၀၀ ကျော် ရောက်ရှိနေကြောင်း ၎င်းတို့က ခန့်မှန်းသည်။

တန့်ဆည်မြို့ပေါ် ရဲစခန်းနှင့် မြို့အနောက်ဘက် ကပေါင်းကျကျေးရွာတွင် ၁၀၀ခန့်စီ၊ ကံထူးမရဲစခန်းတွင် ၅၀ ခန့် စခန်းချထားကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းတွင် စိန်းနန်းရွာအနီးတွင် ၁၃၀ ကျော်၊ ဆပ်ပြာအိုင်ရွာအနီး ၁၀၀ ကျော် ရောက်ရှိနေကြောင်း ၎င်းထံမှ သိရသည်။

“အခုဟာက လေးဖက်လေးတန်ဝိုင်းထားသလိုဖြစ်တာပေါ့။ အရင်တုန်းကလာရင် အလွန်ဆုံး ၂၀၀ ကျော်လောက်ပဲ။ အခုဟာက အပြီးတိုင် နယ်မြေရှင်းမဲ့သဘောမျိုးလို့ တွက်ထားတာပဲ။ ဘယ်ကို ဦးတည်ပြီး စစ်ကြောင်းထိုးမယ်ဆိုတာမျိုးတော့ မတွေ့ရသေးဘူး။ တစ်ခုခု အမိန့်စောင့်နေတဲ့ပုံစံမျိုးပဲ” ဟု ထို PDF တပ်သားက ဆိုသည်။

စိန်းနန်းရွာအနီးရှိနေသည့် စစ်ကြောင်းတွင် ခြေ၊ လက်ဒဏ်ရာရရှိထားသည့် တပ်သားအချို့ပါဝင်ကြောင်း၊ ကံထူးမရွာတွင် ရှိနေသည့် တပ်ဖွဲ့ထံသို့ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်း ပို့ဆောင်နေကြောင်း မြေပြင်သတင်းများကို ကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။

စစ်အင်အားနှင့် ရိက္ခာပို့ဆောင်ရာတွင် အဓိကကျသည့် ကလေးဝ – တန့်ဆည် – ရေဦးလမ်းပိုင်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းမည်ဟု ခန့်မှန်းရကြောင်း ၎င်းက ဆက်ပြောသည်။

နေရပ်စွန့်ခွာကြရသူတို့မှာ ပိုမိုလုံခြုံမည့် ရွာများနှင့် တောထဲတွင် ဆက်ရှိနေဦးမည်ဟု ယူဆရကြောင်း၊ လတ်တလော ဘေးကင်းနေသေးသည့် ဆွေမျိုးသားချင်းများ၊ နီးစပ်ရာဒေသခံများက ထောက်ပံ့နေရကြောင်း အကူအညီပေးနေသူတစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်မှာ လူ့အခွင့်အရေးတွေ၊ ဘာတွေမရှိတော့ဘူး။ စစ်ရှောင်မှန်းလည်း သိတာမဟုတ်ဘူး။ မဲမဲမြင်တဲ့လူစုလူဝေး မြင်တယ်ဆိုရင် ပစ်ခတ်ဖြိုခွဲမှုတွေ၊ ရိုက်နှက်စစ်ဆေးမှုတွေကြုံတွေ့နိုင်တယ်”ဟု ၎င်းက ပြောသည်။

“ဒါကြောင့် စစ်ရှောင်စခန်း ဖွင့်နိုင်ခြင်းမရှိဘူး။ လုံခြုံရေးအရ စစ်တပ်နီးလာရင် စစ်ရှောင်တဲ့သူတွေက အခြားရွာကို၊ အခြားတစ်နေရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့အနေအထားပါ”  

စပါးရိတ်သိမ်းချိန်တွင် အိုးအိမ်စွန့်ခွာနေရသဖြင့် လူမှုစီးပွားဘဝ ထိခိုက်နစ်နာနေရကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသည့် ဒေသခံတစ်ဦးက ပြောသည်။

“စစ်တပ်က စစ်ကြောင်းဝင်လာပြီဆိုရင် အဓိကလမ်းမကြီးတွေကို မဖြတ်တော့ဘူး။ စပါးခင်းတွေကို ဖြတ်တယ်။ စပါးတွေ ပျက်စီးတယ်။ စစ်ကောင်စီစစ်ကြောင်းထိုးတော့ စပါးတွေက အချိန်မီ ရိတ်လို့ မရတော့ဘူး”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက တူမီးကဲ့သို့သော လက်လုပ်သေနတ် ကိုင်ဆောင်ခုခံသူများပြားသော စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အတွင်းသို့ အောက်တိုဘာလမှစ၍ စစ်အင်အားအလုံးအရင်း ပို့လွှတ်နေသည်။ စစ်ကိုင်းတိုင်းရှိ တန့်ဆည်ကဲ့သို့သော ဒေသများ၌ဆိုလျှင် ရဟတ်ယာဉ်ပါ သုံး၍ စစ်ဆင်နေသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် နိုင်ငံအနှံ့ မြို့ရွာများတွင် တန့်ဆည်မြို့နယ်သည်လည်း အပါအဝင်ဖြစ်သည်။ သို့သော ဧပြီ ၇ရက်တွင် လူထောင်ချီပါဝင်သည့် ဆန္ဒပြပွဲတစ်ခုကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းပြီးနောက်တွင် လက်နက်ကိုင်ခုခံမှုများ တန့်ဆည်မြို့နယ်အတွင်း အားကောင်းလာသည်။

ယခုထွက်ပြေးနေရသည့် ကပေါင်းကျကျေးရွာဆိုလျှင် စစ်တပ်က ၉ ကြိမ်တိုင် ဝင်ရောက်စီးနင်းခဲ့ဖူးပြီး နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က အလားတူပင်ပြုမူဖူးပြီး စက်တင်ဘာ ၂၃ ရက်က ကျီကုန်းရွာဖြစ်စဉ်မှာလည်း ထင်ရှားသည်။

စစ်ကောင်စီက လက်နက်ကိုင်အန်တုသူတို့ကို အကြမ်းဖက်သမားဟု တံဆိပ်ကပ်ထားသည်။ ထိုရွာများကို ဝင်ဖျက်မှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း၊ သတင်းသမားတို့၏ မေးခွန်းကို ဖြေဆိုခြင်း မရှိသေးပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button