ဆောင်းပါး

ဆုရ လက်ဖြောင့်တပ်သား၏ CDM စွန့်စားခန်း

၂၀၁၉ ဧပြီလက ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေချိန် မီတာ ၃၀၀ ခန့် အကွာတွင် မိမိဘက်မှ ကျည်ထိထားသူတစ်ဦး အသက်ရှင်လျက်ရှိသည်ကို ဒုတပ်ကြပ်ဇွဲမာန်က စနိုက်ပါမှန်ပြောင်းမှတစ်ဆင့် လှမ်းမြင်နေရသည်။

သူ၏ အဓိကတာဝန်မှာ အဝေးမှ ရန်သူကို မှန်ပြောင်းတပ်သေနတ်ဖြင့် ချိန်ရွယ်ပစ်ခတ်ခြင်းဖြစ်သော်လည်း ရဲဘော်ရဲဘက်ချင်း စာနာစိတ်ကြောင့် လက်ဖြောင့်တပ်သားသည် သေနတ်ကို ချန်ထားခဲ့ပြီး ထိုသူရှိရာဆီသို့ အရောက်သွားကာ လုံခြုံသည့်နေရာသို့ တရွတ်တိုက်ဆွဲခေါ်ခဲ့သည်။ 

“မသေသေးတာကို သိသိလျက်နဲ့ ထားခဲ့ရအောင်လည်း ငါ အဲဒီလောက် အောက်တန်းမကျသေးဘူး။ သူများ ဆွဲရင်ဆွဲ၊ မဆွဲရင်နေ၊ ကျွန်တော် ရအောင် သွားဆွဲမယ်ဆိုပြီး ရအောင် သွားဆွဲခဲ့တာပါ” ဟု ဒဏ်ရာရထားသူကို မကယ်တင်မိပါက နောင်တရမဆုံးဖြစ်မည်ကို စိုးရိမ်ခဲ့သည်ဟု လက်ဖြောင့်တပ်သားက ပြောပြသည်။

ရာထူးအမှတ်အသားများကို ဖြုတ်ထားကြသဖြင့် သူ သွားရောက်ကယ်တင်နေသူမှာ သူတို့၏ ဒုတိယတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးဖြစ်မှန်း ချက်ချင်းမသိခဲ့ပေ။

ကဇူးကိုင်းနှင့် ဒါးလက်ချောင်းကျေးရွာအနီး ထိုတိုက်ပွဲတွင် အပေါ်စီးမှ နေရာယူထားသည့် စနိုက်ပါသမားက ပစ်ကွင်းထဲသို့ အရောက်သွားခဲ့ပြီး အပြန်တွင် ရက္ခိုင့်တပ်တော် (AA) ဘက်မှ ပစ်လိုက်သော ကျည်ဆန်များက သူ့ပေါင်ကို တစ်ချက် ထိမှန်သည်၊ သူဆွဲယူလာသည့် ဒုဗိုလ်မှူးကြီးလည်း ခြေထောက်ထိသည်။  

‘သေရင် မြေကြီး ရှင်ရင် ရွှေထီး’ ဟု မျှော်လင့်ကာ စွန့်စားခြင်း မဟုတ်သော်လည်း ထိုအဖြစ်အပျက်ကြောင့် ဒုတပ်ကြပ်ဇွဲမာန် ရာထူးတိုးပြီး သူရဘွဲ့ ရရှိခဲ့သည်။ 

တပ်ကြပ်သူရဇွဲမာန်

တမခ ၆၆  လက်အောက်ခံ ခမရ ၅ ၌ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၃၁ နှစ်အရွယ် တပ်ကြပ် သူရဇွဲမာန်သည် ဖခင် ထိုင်းနိုင်ငံသား၊ မိခင် မြန်မာနိုင်ငံသား၊ ရှမ်းတိုင်းရင်းသူတို့မှ မွေးဖွားသူ ဖြစ်သည်။ အသက် နှစ်လသားအရွယ်မှ ၂၃ နှစ်အထိ ထိုင်းနိုင်ငံတွင် နေထိုင်ကြီးပြင်းခဲ့သူ၊ မူလတန်းတက်ခဲ့သူဖြစ်သော်လည်း ဗမာစာ၊ ဗမာစကားနှင့် မစိမ်းခဲ့ပေ။  

အသက် ၂၄ နှစ်ခန့်က ပဲခူးမြို့တွင် စစ်သားများကို လက်ခုပ်ဩဘာပေး၊ ပန်းကုံးစွပ်၊ ဆုငွေချီးမြှင့်ပုံကို မြင်ရသောကြောင့် ” စစ်သား” ဖြစ်ချင်ခဲ့သည်ဟု သူက ပြောသည်။

အသက် ၂၆ နှစ်အရွယ် ၂၀၁၆ ခုနှစ်တွင် စစ်ထဲဝင်ခဲ့သည်။ ၂၀၁၇ ခုနှစ်အတွင်း စစ်သင်တန်းပြီးသည်နှင့် ရှေ့တန်းစစ်မြေပြင်သို့ ရောက်သွားသည်။ ၂ နှစ်ခန့်ကြာပြီးနောက်တွင် စနိုက်ပါ ခေါ် လက်ဖြောင့်သေနတ်သမားသင်တန်း တက်ရသည်။ 

တပ်သား ၁၇၀ ဦးကျော် ပါဝင်သည့် လက်ဖြောင့်သေနတ်ပစ်ပြိုင်ပွဲတွင် ပထမဆု၊ လက်ဖြောင့်သေနတ်ပစ်သင်တန်းတွင် ထူးချွန်ဆု ရခဲ့သည်။ 

သင်တန်းဆင်းပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်း တောင်ကုန်းသိမ်းစစ်ဆင်ရေးများတွင် စနိုက်ပါသမားအဖြစ် ၄ လကြာ တာဝန်ထမ်းဆောင်စဉ် ပါဝင်ခဲ့ရသည့် တိုက်ပွဲ ၁၀ ပွဲခန့် ရှိသည်။ ရက္ခိုင့်တပ်တော် (AA) နှင့် ၂၀၁၉ ဧပြီတွင် ဖြစ်ပွားခဲ့သော ပွိုင့်-၁၉၇ တိုက်ပွဲမှာ တိုက်ခိုက်ရည်အပြင် နှလုံးရည်ပါ ပြည့်ဝသော စစ်သားအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့သည်။

သူရဘွဲ့ ရရှိစဉ်က ဆုတံဆိပ်၊ ငွေသား ကျပ် ၈ သိန်းကျော် ပါဝင်သည်ဟု သူက ဆိုခဲ့ပြီး တပ်ကြပ်အဖြစ် ရာထူးတိုးပြီးနောက် လစာ ၂ သိန်းခန့် ရခဲ့သည်။ 

ထို့နောက် တပ်အရာရှိများ၏ လုံခြုံရေးကိုသာ တာဝန်ယူရတော့ပြီး ရှေ့တန်းမထွက်ရတော့ချေ။ 

အသက် ၃၁ နှစ်အရွယ် တပ်ကြပ်သူရဇွဲမာန်ကို စစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေဆဲကာလတွင် ။ (ဓာတ်ပုံ-ပေးပို့) 

ပွိုင့်-၁၉၇ တိုက်ပွဲ

ရခိုင်ပြည်နယ်တွင် နောက်ဆုံးတိုက်ခဲ့ရသည့် တိုက်ပွဲတွင် သူတို့ဘက်မှ အင်အား ၂၀၀ ခန့်၊ AA ဘက်မှ ခန့်မှန်းအင်အား ၅၀၀ ခန့် ပါဝင်သည်ဟု သူက ခန့်မှန်းသည်။ 

တိုက်ပွဲပြင်းထန်သလို အထိအခိုက်များပြားသည်။

“ကျွန်တော်တို့ (တောင်ကုန်း) တစ်ကုန်းတည်းတင်ကိုပဲ ၁၄ ယောက် တိုက်ပွဲကျသွားတယ်။ လက်ပြတ်သွားတဲ့သူ၊ ခြေထောက်ပြတ်သွားတဲ့သူ၊ မျက်လုံးပြုတ်သွားတဲ့သူတို့၊ ဒဏ်ရာရတဲ့သူတွေဆိုရင် ၄၇ ယောက်ရှိတယ်” ဟု လက်ဖြောင့်တပ်သားက ပြောပြသည်။

“ထမင်းဟင်း မစားရတဲ့ရက်တွေ ရှိတယ်။ ရေမသောက်ရတဲ့ ရက်တွေ၊ ငှက်ပျောအူ ဝါးရတဲ့ရက်တွေ ကြုံခဲ့ရတယ်။ ငှက်ပျောအူတောင် ခုတ်စရာ မရှိတော့တဲ့အချိန်ကျတော့ ဂလူးကို့စ်ဘူးတွေ အဲဒီလို ဆေးဘူးတွေကအစ ဒီတိုင်း ဖောက်သောက်ခဲ့ရတယ်”

နောက်ဘက်တွင် နေရသည့် စနိုက်ပါသမားသည် ကျည်ကွယ်မျက်ကွယ်မှ ချောင်းမြောင်းပစ်ခတ်ရသဖြင့် အန္တရာယ်နည်းပါးသည်၊ စနိုက်ပါသမားအချင်းချင်း ထိပ်တိုက်ကြုံချိန်တွင် အန္တရာယ်ရှိပြီး ထိုသို့ ကြုံနိုင်ခြေလည်း နည်းပါးသည်ဟု ၎င်းက ဆိုသည်။ 

တောင်ကုန်း တစ်ကုန်းပြီးတစ်ကုန်း နောက်ဆုတ်ပေးသော AA က ပွိုင့်-၁၉၇ အရောက်တွင် အပိုင်ထိုင်စောင့်ကာ ရုတ်တရက်တိုက်စစ်ဆင်ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။ 

AA က သေနတ်ပစ်သူ၊ လက်ပစ်ဗုံးပစ်သူ၊ မိုင်းထောင်သူ၊ ဒဏ်ရာရရဲဘော်များကို ကယ်တင်သူဟူ၍ ဖွဲ့စည်းပုံအရ ကောင်းမွန်ကြောင်း၊​ သူတို့ဘက်က လေကြောင်းပစ်ကူရရှိထားသော်လည်း ပွိုင့်-၁၉၇ ကို သိမ်းပိုက်နိုင်ရန် ၇ ရက်ကြာ တိုက်ခိုက်ခဲ့ရကြောင်း သူက ပြောသည်။

“လေယာဉ်ဆို ခေါက်တုံ့ခေါက်ပြန် သုံးခဲ့ရတာ၊ နှစ်စီးတစ်ခေါက်တို့၊ သုံးစီးတစ်ခေါက်တို့ အဲဒီလိုသုံးပြီး ဟက်စကီးတွေလည်း သုံးခဲ့တယ်” ဟု ပြောသည်။ 

ရခိုင်ဒေသ သွေးချောင်းစီး စစ်ပွဲများ 

နှစ်နှစ်နီးပါး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အာဏာမသိမ်းမီ လပိုင်းအလိုတွင် နားလည်မှုယူကာ နှစ်ဖက်အပစ်ရပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်စစ်မြေပြင်သည် သူရဇွဲမာန်တို့ မသွားချင်ကြသောနေရာ ဖြစ်ခဲ့သည်။ 

“ကျွန်တော်တို့ တိုက်ပွဲပြီးလို့ ပြန်သွားရင် သူတို့ အဲဒီကုန်းမှာ ပြန်တက်ထိုင်နေတာပဲ။ သူတို့ကုန်းပဲ​ သူတို့ ပြန်တက်ထိုင်တာပေါ့။ ကျွန်တော်တို့ကတော့ အသက်တွေပေး၊ ခြေထောက်တွေပြတ်၊ မျက်လုံးတွေကန်း၊ လက်တွေပြတ်” ဟု သူရဇွဲမာန်က စိတ်ပျက်လက်ပျက် ပြောပြသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိလာသည့် စစ်သားများအား ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-EPA) 

“စစ်ပွဲတွေ မဖြစ်ချင်ဘူးလို့သာ စစ်ကောင်စီက ပြောပြောနေတာ၊ မဖြစ်ချင်ရင် သွားမတိုက်နဲ့ပေါ့ သူများမြို့ထဲကို။ ရခိုင်ပြည်ကို သွားတိုက်စရာအကြောင်း မရှိဘူး။ ပြည်တွင်းစစ်က လုံးဝဖြစ်စရာအကြောင်း မရှိဘူး”  

စစ်ပွဲများမှာ အဓိပ္ပာယ်မဲ့သည်ကို ခံစားရသော်လည်း တစ်သွေးတစ်သံတစ်မိန့်အတိုင်း နေထိုင်ရသော၊ ဝေဖန်ထောက်ပြခွင့်ပင် မရှိသော စစ်တပ်ကဲ့သို့ အဖွဲ့အစည်းတွင် သူသည်လည်း ရေလိုက်ငါးလိုက်ပင် နေထိုင်ခဲ့ရသည်။ 

ထိုတိုက်ပွဲများမတိုင်မီ ရခိုင်တွင် စစ်တပ်က ရိုဟင်ဂျာများအပါအဝင် ဒေသခံများကို ညှဉ်းပန်းနှိပ်စက်၊ ရွာမီးရှို့သည့်ဖြစ်ရပ်များကို ဒေသခံတချို့ထံမှ ကြားသိခဲ့ရသည်ဟု ဆိုသည်။ 

“သူတို့ (ခြေလျင်တပ်ဖွဲ့) သက်သက်မဲ့လုပ်တာ။ သွားထပြောရင် ပါးရိုက်ခံရမှာလေ။ အခြေအနေက မကောင်းဘူး။ သူတို့ ပြောတာကို ခေါင်းညိတ်ခံခဲ့ရတာ” ဟု သူရဇွဲမာန်က ပြောသည်။

၂၀၁၇ တွင် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်ဟူသော အဖွဲ့က မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်အပြီး စစ်တပ်က လူအများအပြားကို ပစ်သတ်ပြီး ဒေသတစ်ခုလုံးကို နယ်မြေရှင်းလင်းရေးလုပ်ခဲ့သောကြောင့် ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာသိန်းချီ၍ တစ်ဖက် ဘင်္ဂလားဒေ့ရှ်သို့ ဒုက္ခသည်အဖြစ် ထွက်ပြေးခဲ့ကြရသည်။

စစ်တပ်သည် လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ 

CDM တွင် ပါဝင်ရန် ဆုံးဖြတ်

ဒဏ်ရာရထားသူကို ပစ်ကွင်းအတွင်း သွားရောက်ကယ်ဆယ်ရေးအစီအစဉ်သည် သူ့ဘဝအတွက် အရေးကြီးသောဆုံးဖြတ်ချက်ဖြစ်သကဲ့သို့ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး ကြုံရသော ဖြစ်ရပ်များကြောင့်လည်း ဘဝအတွက် အရေးကြီးသော ဆုံးဖြတ်ချက်နောက်တစ်ခု ချခဲ့ရသည်။

စစ်တပ်က မဲစာရင်းအကြောင်းပြ၍ အာဏာသိမ်းကာ အရပ်သားများကို ရက်ရက်စက်စက်အနိုင်ကျင့်နေကြောင်း အင်တာနက်သတင်းများတွင် မကြာခဏ တွေ့မြင်ခဲ့ရသဖြင့် စစ်တပ်ထဲတွင် ဆက်မနေလိုတော့ပေ။ တပ်မှ မထွက်ခင် ရွာဘက်ကို ကင်းလှည့်စဉ် စစ်တပ်က ရွာသားများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်သည်ဟု စွပ်စွဲရိုက်နှက်မှုကို အနီးကပ်တွေ့မြင်လိုက်ရသည်။

“PDF နဲ့ ဆက်သွယ်နေတယ်၊ ဘယ်သူနဲ့ ဆက်သွယ်နေတယ်ဆိုပြီး ဖမ်းဆီးပြီး နှိပ်စက်တာခင်ဗျ၊ တောင်သူလယ်သမားတွေကို ဖမ်းဆီးနှိပ်စက်နေတာ တော်တော်လေးလည်း ကြေကွဲခဲ့ရပါတယ်” ဟု သူရဇွဲမာန်က ပြောသည်။ 

စစ်ကောင်စီသတင်းထုတ်ပြန်ချက်များတွင်မူ ဖမ်းဆီးနှိပ်စက်မှုများကို မတွေ့ရပေ။ PDF များမှာ အကြမ်းဖက်သမားများဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်လေ့ရှိသလို အောက်ခြေတပ်သားများကိုလည်း ထိုအတိုင်းပင် ရှင်းပြလေ့ရှိသည်။ 

လက်ဖြောင့်တပ်သားက ထိုရှင်းပြချက်များကို လက်မခံနိုင်တော့ပေ။

အာဏာသိမ်းပြီး ၉ လအကြာ အောက်တိုဘာလအတွင်း ခြေထောက်မှ ဒဏ်ရာ မသက်သာသေးသဖြင့် ဆေးရုံတက်မည်ဟု အကြောင်းပြကာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် တပ်မှ ထွက်ပြေးလာပြီး CDM တွင် ပါဝင်လိုက်သည်။

အာဏာဖီဆန်သည့်လှုပ်ရှားမှုတွင် ပါဝင်လာနိုင်ရေးအတွက် သူ့ကို ကူညီခဲ့သူများထဲတွင် သူ၏ ဇနီး မနွေဦး ပါဝင်သလို စစ်သားများ ပြည်သူနှင့် ပူးပေါင်းရန် စီစဉ်ပေးနေသော ပြည်သူ့စစ်သားများအဖွဲ့လည်း ပါဝင်သည်။

အာဏာသိမ်းခါစတွင် သူရဇွဲမာန်သည် ပြင်ပဖြစ်ရပ်များကို မသိဘဲ အထက်က ပြောသမျှကိုသာ ယုံကြည်ခဲ့သူဖြစ်သည်။ သို့သော်လည်း ဇနီးသည်က လမ်းပေါ်တွင်သာမက အွန်လိုင်းတွင်ပါ အာဏာသိမ်းမှုကို ကန့်ကွက်နေသူဖြစ်သည်။ သူက ဇနီးဖြစ်သူကို ဟန့်တားခြင်း မရှိပေ။

ပို့ပေးသည့် စစ်တပ်သောင်းကျန်းမှု သတင်းဓာတ်ပုံ၊ ရုပ်သံတို့ကို ညဘက် အိပ်ချိန်ရောက်မှ ခိုးကြည့်ခဲ့ရသည်ဟု သိရကြောင်း မနွေဦးက နိုဝင်ဘာလ ၁၉ ရက်နေ့က ထုတ်လွှင့်သည့် ပြည်သူ့စစ်သားဇနီးများ စကားသံအစီအစဉ်တွင် ပြောပြခဲ့သည်။

ပြင်ပထွက်ခွင့်ရရှိရန် အကြောင်းအမျိုးမျိုးပြပြီး ကြိုးစားသော်လည်း အဆင်မပြေသည့်အပြင် သူ့အထက်အရာရှိက သူ့ကို ညအိပ်ချိန်မှလွဲ၍ အနားတွင် အချိန်ပြည့်ခေါ်ယူထားသည်ဟု မနွေဦးက ဆိုသည်။

“ဘာမှ မစိုးရိမ်နဲ့၊ လူပဲ ရအောင်ထွက်လာခဲ့၊​ ကျန်တာ အကုန်လုံးက အဆင်ပြေမှာ၊ အဆင်ပြေအောင် လုပ်ပေးထားမယ်ဆိုပြီး မစိုးရိမ်ဖို့ပဲ အားပေးခဲ့တယ်” ဟု မနွေဦးက ပြောပြသည်။

“ဒီဘက်မှာ အဆင်သင့်ပဲ၊ အကြောင်းတစ်ခုခုပြပြီး ရအောင် ထွက်ကြည့်လိုက်၊ မရရင်လည်း အရာရှိကို သေနတ်နဲ့ပစ်ပြီး ပြေးခဲ့လိုက်ဟာ၊ ငါ လာခေါ်မယ်ဆိုပြီး အဲဒီလိုမျိုး ပြောခဲ့ရတယ်”

ခင်ပွန်းဖြစ်သူ တိမ်းရှောင်ရာတွင် အဆင်ပြေစေရန် လိုအပ်သည့် နေရာထိုင်ခင်း၊ စာရွက်စာတမ်းအထောက်အထားများ ချိတ်ဆက် ပြင်ဆင်ပေးခဲ့သည်။

ရရှိထားသည့် ရာထူး၊ ဂုဏ်ရှိန်များ စွန့်လွှတ်၍ CDM တွင် ပါဝင်ခဲ့မှုအပေါ် ဝမ်းမနည်းကြောင်း သူရဇွဲမာန်က ပြောသည်။ 

“စိတ်ထဲ တအားလည်း ပျော်တယ်။ တအားလည်း ပေါ့သွားတယ်။ လူတစ်ယောက်တည်းအတွက်တောင် ကျွန်တော့်အသက်ပေးပြီး ဆွဲခဲ့သေးတာပဲ။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တွက်ကြည့်လိုက်လို့ရှိရင် ကျွန်တော့်ဥစ္စာက ဘာမှ အဓိပ္ပာယ်မရှိဘူး” ဟု လွတ်မြောက်နယ်မြေတစ်နေရာ၌ ရှိနေသည့် သူရဇွဲမာန်က ပြောသည်။​

“​သူရဘွဲ့တွေ၊ တပ်ကြပ်ရာထူးတွေ၊ ဒီပိုက်ဆံတွေက ဘောင်မဝင်တော့ဘူး။ မလုပ်မိရင်တောင် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် နောင်တရနေမှာ” 

PDF စနိုက်ပါ

လွတ်မြောက်နယ်မြေတစ်ခုသို့ရောက်နေသော သူရဇွဲမာန်က စစ်ကောင်စီကို တော်လှန်နေသူတို့ကို စစ်ပညာသင်ကြားပေးမည်၊ လိုအပ်ပါက ကိုယ်တိုင်တိုက်ပွဲဝင်သွားရန် အသင့်ဖြစ်နေပြီဟု ဆိုသည်။ 

ယခင်က စစ်မြေပြင်တွင် သူ၏ တာဝန်မှာ ရန်သူဘက်မှ အမိန့်ပေးကွပ်ကဲသူ ခေါင်းဆောင်ပိုင်းကို ပစ်ခတ်ရခြင်းပင်။

“(ခေါင်းဆောင်သေရင်) ဖွဲ့စည်းပုံပျက်မယ်။ သာသာကြည်ကြည် ဝင်တိုက်လို့ ရမယ်။ အမိန့်ပေးတဲ့သူ မရှိအောင် ကျွန်တော်တို့က ဖြိုပေးရတာ ဖြစ်တယ်” ဟု ဘက်ပြောင်းလိုက်သည့် လက်ဖြောင့်တပ်သားက ပြောသည်။

“လူမသေခဲ့ရင်တောင် ဒဏ်ရာရတဲ့အတွက် နောက် ၃ ယောက်လောက်က လိုက်ပြီးတော့ ကူပေးရတာမျိုး၊ ထမ်းပေးရတာမျိုး ရှိသွားတဲ့အတွက် ကျန်တဲ့သူ အလုပ်ရှုပ်သွားတယ်”

အင်အား ၁၈၀ ခန့် ရှိသော စစ်ကောင်စီတပ်ရင်းတစ်ရင်းတွင် မီတာ ၁၃၀၀ ခန့် အကွာအဝေးအထိ ပစ်ခတ်နိုင်သည့် MAS အမျိုးအစား စနိုက်ပါ ၂ လက်ရှိသော်လည်း လက်ဖြောင့်တပ်သား မလုံလောက်သဖြင့် အခြားစစ်သည်များကို ကိုင်တွယ်ခွင့်ပေးထားတတ်ကြောင်း သူရဇွဲမာန်က ပြောသည်။

နေရာအနှံ့အပြားတွင် အပြင်းအထန် ခုခံတိုက်ခိုက်ခံနေရသည့် စစ်ကောင်စီတပ်သည် အင်အားနှင့် စွမ်းရည် ဖြည့်ဆည်းနိုင်စွမ်း မရှိ၍ PDF ဘက်က စွမ်းရည်ပိုင်း အသာစီးရရှိအောင် လေ့ကျင့်ထားလျှင် မြို့ပြပြောက်ကျားတိုက်ပွဲအတွက် အဆင်ပြေမည်ဟု သူက ယူဆသည်။ 

“ရန်သူကို တွေ့တိုင်း ဒေါသမထွက်ရဘူး။ ပိုင်နိုင်ပြီဆိုမှ ပစ်တာကောင်းတယ်။ အဲဒီလို ပိုင်နိုင်ဖို့ဆို စိတ်ရှည်မှ ရမယ်။ စိတ်ကို အမြဲတမ်း ငြိမ်အောင် လုပ်ရမယ်။ မဟုတ်ရင် သေနတ်သံကြားတိုင်း ငါ့ကို လာမှန်မှာလားဆိုတဲ့ စိတ်မျိုးနဲ့ကတော့ ထိရောက်မှု ကောင်းမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။ 

တော်လှန်ရေးအောင်မြင်ပြီးသွားလျှင်တော့ စစ်မတိုက်တော့ဘဲ မိသားစုနှင့် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားချင်သည်ဟု ဆိုသည်။

“ကျွန်တော် အစဦးဆုံး (မြန်မာနိုင်ငံ) ရောက်ခါစ ပုံစံမျိုးလေးပဲ၊ သွားချင်တဲ့နေရာသွား၊ အဲဒီလိုဘဝမျိုး ပြန်လိုချင်တယ်။ ဘဝကြီးကို ချုပ်ချယ်နေရတာ ကိုယ့်ဘဝတောင် ကိုယ်မပိုင်တော့တဲ့ အခြေအနေမျိုးကြီးတော့ ပြန်မလိုချင်တော့ဘူး” ဟု CDM တပ်ကြပ်သူရဇွဲမာန်က ပြောလိုက်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button