သတင်း

လောင်းလုံးမြို့နယ်တွင် တိုင်းဝန်ကြီးနှင့် တိုင်းအမတ် နေအိမ်များ ချိပ်ပိတ်ခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် နိုဝင်ဘာ ၂၂ ရက်နေ့က တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးနှင့် တိုင်းလွှတ်တော်အမတ်တစ်ဦးတို့၏ နေအိမ်များ ချိပ်ပိတ်ခံရသည်။

ည ၉ နာရီခန့်က လောင်းလုံးမြို့နယ်၊ မင်းရပ်ရွာရှိ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်စန်း နေအိမ်ကို စစ်သား အင်အား ၆၀ ခန့် စစ်ကား ၄ စီးနှင့် ရောက်ရှိလာပြီး ချိပ်ပိတ်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီး ဦးမြင့်စန်းမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်မှစ၍ တိမ်းရှောင်နေခြင်းဖြစ်ကြောင်း မင်းရပ်ရွာသားတစ်ဦးက ပြောသည်။

“ရွာထဲမှာ ဦးမြင့်စန်းအိမ် ဘယ်မှာလဲ လိုက်မေးပြီး (စစ်သားတွေက) ညတွင်းချင်း စာကပ်သွားတာ”ဟု ၎င်းက ဆိုသည်။

ယင်းနေ့ ည ၁၀ နာရီခွဲတွင် ကျောက်ဆင်ကျေးရွာရှိ တိုင်းလွှတ်တော်အမတ် ဦးဗိုလ်ထွေး၏ နေအိမ်သို့ စစ်သားများ ရောက်သွားပြီး ချိပ်ပိတ်ကြောင်း စာကပ်ခဲ့သည်။

တိုင်းလွှတ်တော်အမတ် ဦးဗိုလ်ထွေးကလည်း နေအိမ် ချိပ်ပိတ်ခံရကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“ဒီအိမ်လေးဟာ ငါ့လုပ်ဖော်ကိုင်ဖက်များနဲ့ ဆွေးနွေးရာ၊ ငြင်းခုံရာ၊ အထောက်အကူပြုရာ။ ဒီအိမ်လေးမှာ သူတစ်ပါးရဲ့ မျက်ရည်၊ သောက၊ ဒေါသ၊ တစ်စက်မှမရှိဘူး။ အိမ်လေးရေ ငါ လျှောက်ခဲ့တဲ့လမ်းအတွက် ငါ့မိသားစုနဲ့အတူ မင်း တာဝန်ကျေခဲ့တယ်”ဟု သူက ရေးထားသည်။

အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်နွှယ်ပတ်သက်မှုရှိသောကြောင့် အသုံးပြုမှု တားမြစ်ပိတ်သည့်အိမ်ဖြစ်သည်ဟု ချိပ်ပိတ်စာတွင် ရေးသားထားသည်။

စက်တင်ဘာလအတွင်းကလည်း NLD ပါတီမှ ထားဝယ်မြို့နယ်၊ တိုင်းလွှတ်တော်အမတ် ဒေါ်မိုးမိုးသူနှင့် NLD မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဇော်လေး၊ NLD ရပ်ကျေး ဦးစိုးထိုက် တို့၏ နေအိမ် ၄ လုံးကိုလည်း စစ်ကောင်စီက အလားတူ စွပ်စွဲ၍ ချိပ်ပိတ်ခဲ့သည်။ 

ထားဝယ်အမတ် ဒေါ်မိုးမိုးသူက ၎င်း၏ ထားဝယ်မြို့လယ်ရှိ နေအိမ် ၂ လုံးနှင့် ကား ၁ စီးကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၆ မှစ၍ ၃ ရက်ဆက်တိုက် လာရောက်မွှေနှောက်ယူသွားသည်ဟု ပြောသည်။

“အိမ်တံခါးတွေရိုက်ဖျက်ပြီးတော့ အထဲမှာ ပစ္စည်းတွေ ဝင်ယူတာ။ စုစုပေါင်း ကား ၄ စီးနဲ့ လာသယ်သွားတာ။ သူတို့ပစ္စည်းလာယူတဲ့အချိန်မှာ ဓာတ်ပုံ၊ ဗီဒီယို ရိုက်မှာစိုးလို့ အိမ်တိုင်းကို စောင့်ကြည့်တယ်” ဟု ဒေါ်မိုးမိုးသူက Myanmar Now ကို ယနေ့ ပြောသည်။ 

“ဒီလိုမျိုးလုပ်တာက မတရားဘူး။ ဥပဒေမရှိဘဲနဲ့ ဒီလိုမျိုးလုပ်နေတာ။ ကျွန်မတို့က ကိုယ်မှန်မယ်ထင်တာ လုပ်တာ။ သူတို့ကိုလည်း ဘောင်ထဲက လုပ်စေချင်တယ်”

ဤသို့ ရမ်းကားခံရသဖြင့် အညံ့ခံ နောက်ဆုတ်မည်မဟုတ်ကြောင်း ထိုလွှတ်တော်အမတ်က ပြောသည်။ 

အိမ်အတွင်းမှ ပစ္စည်းများ နေ့စဉ် သယ်ထုတ်ယူဆောင်သွားကြသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူထံမှ တုံ့ပြန်ချက် မရသေးပေ။

လောင်းလုံးမြို့နယ်သည် စစ်အာဏာရှင်ဆန့်ကျင်မှု အားကောင်းသည့်ဒေသဖြစ်ပြီး ပြောက်ကျားဆန္ဒပြမှုများ ယနေ့အထိ ရှိနေသည်။ 

စစ်ကောင်စီတပ်က ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေမှုကြောင့် လက်နက်ကိုင်အန်တုသူများလည်း ဒေသတွင်း ရှိနေသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၁  နံနက်ပိုင်းက မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ ဦး သေဆုံးပြီး စခန်းမှူးအပါအဝင် သုံးဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း၊ ၎င်းတို့ဘက်မှလည်း လူငယ်ရဲဘော်တစ်ဦး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF က သတင်းထုတ်ပြန်ထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button