သတင်း

စစ်တပ်က ဖမ်းသွားသည့် မြိုင်ဒေသခံ ၈ ဦး တစ်လကြာသည်အထိ ပြန်မလွတ်သေး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်း၊ ပန်းတိုင်းတောကျေးရွာအတွင်း စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံအများအပြားကို ဖမ်းဆီးသွားရာ အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ၈ ဦးကို တစ်လနီးပါး ကြာမြင့်သည်အထိ ပြန်မလွှတ်သေးကြောင်း မြိုင်နယ်ပြောက်ကျားအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ က ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေသည်ဟု ယူဆရသော စစ်ကောင်စီတပ်သား ၃၀ ခန့်က စစ်ကား ၃ စီးဖြင့် ရွာသို့ ရောက်လာရာ အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ဒေသခံ ၁၆ ဦးမှာ စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တိုးပြီး ရိုက်နှက်ဖမ်းဆီးခံရသည်။

ထို့နောက် ၁၁ ရက်အကြာတွင် ၃ နှစ်အရွယ် ကလေးငယ်ကို ပြန်လွှတ်ပေးခဲ့ပြီး ၁၇ ရက်အကြာ (နိုဝင်ဘာ ၁၃ ) တွင် ၇ ဦးကို ပြန်လွှတ်ပေးခဲ့သည်ဟု မြိုင်မြို့နယ်ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ ဗိုလ်စစ်နိုင်က ပြောသည်။ 

“၇ ယောက် ပြန်ပြီးတော့ လွတ်လာတယ်။ စိတ်ဝေဒနာရှင်၂ ယောက်ပါတယ်။ (၃ နှစ်) ကလေးကတော့ အဘိုးအဘွားတွေဆီကို ပြန်ရောက်လာတယ်။ (သူ့) မိခင်ကတော့ မလွတ်သေးဘူး” ဟု ဗိုလ်စစ်နိုင်က ပြောသည်။

ပြန်မလွတ်သေးသည့် ၈ ဦးတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် စစ်သားတစ်ဦးနှင့် ၎င်း၏ ဇနီး၊ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ကျောင်းသားတစ်ဦး၊ အသက်မပြည့်သေးသူတစ်ဦးတို့ ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျန်တဲ့သူတွေကတော့ မြိုင်မြို့နယ်ထဲမှာလို့ သိရတယ်။ စစ်သား CDM ကတော့ သီးခြားထားတယ်လို့ ကြားတယ်။ မိန်းမကိုတော့ အားပေးကူညီမှုပုဒ်မနဲ့ စွဲထားတယ်လို့ သတင်းရတယ်” ဟု ဗိုလ်စစ်နိုင်က ဆိုသည်။

ဆက်လက်ထိန်းသိမ်းခံထားရသူတို့၏ အခြေအနေများနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် စုံစမ်းနေဆဲဖြစ်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြန်လည်လွတ်မြောက်လာသူ ၇ ဦးအနက် ငါးဦးမှာ တစ်ဦးလျှင် ငွေကျပ် သုံးသိန်းစီပေးခဲ့ရပြီး စိတ်ဝေဒနာသည် နှစ်ဦးမှာလည်း ငွေကျပ် ငါးသောင်းစီ ပေးခဲ့ရသည်ဟု သိရသည်။

ဖမ်းဆီးခံထားရစဉ်ကာလအတွင်း ၎င်းတို့ကို ပခုက္ကူမြို့အခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်တွင် အုတ်ဖုတ်အလုပ်သမားအဖြစ် အခမဲ့ခိုင်းစေခဲ့သည်ဟု ကြားသိရကြောင်း ဒေသခံများကို ကိုးကား၍ ဗိုလ်စစ်နိုင်က ပြောသည်။

“စစ်ကြောရေးကာလရောက်နေတဲ့အချိန် သူတို့က အုတ်(အချပ်ရေ) တစ်သိန်း ရိုက်ခိုင်းတယ်။ အုတ်ရိုက်ဖို့ရာ ချောင်းထဲမှာရှိတဲ့ သဲတွေလည်း ကိုယ်တိုင်တူးပြီးခါမှ ကလေးတွေက အုတ်တစ်သိန်း ရိုက်ပေးခဲ့ရတယ်။ နှိပ်စက်ညှဉ်းပန်းတာကိုလည်း တော်တော်လည်းခံခဲ့ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုအားကောင်းသည့် မြိုင်မြို့နယ်တွင် ပန်းတိုင်းတောကျေးရွာသည် ဆန္ဒပြပွဲများ ပုံမှန်ထွက်သည့် ကျေးရွာတစ်ရွာဖြစ်ကာ အောက်တိုဘာ ၂၇ က ရွာအတွင်း စီးနင်းခံရစဉ်ကလည်း နေအိမ်များကို မွှေနှောက်ခံရကာ ငွေကြေး၊ ပစ္စည်းများကို စစ်သားများက ယူဆောင်သွားသည်။ 

ပန်းတိုင်းတောကျေးရွာမှ ဒေသခံတို့၏ အခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

နိုဝင်ဘာအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ ထိစပ်နေသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ PDF အဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း ဒေသခံများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်မီးရှို့ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်သားများက ဒေသခံများအပေါ် ထိုသို့ကျူးလွန်ခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိဘဲ PDF များကို အကြမ်းဖက်သမားများအဖြစ် ပုံဖော်ထုတ်ပြန်လေ့ရှိသည်။ 

မကွေးတိုင်းအနောက်မြောက်ပိုင်းရှိ မြိုင်မြို့တွင် တပ်မတော်အကြီးစားစက်ရုံခွဲ (မြိုင်) မှ အရပ်သားဝန်ထမ်းများက စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် မတ်လအတွင်းက ပြည်သူလူထုနှင့်အတူ ပူးပေါင်းကာ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button