“မေတ္တာဟာ အရာအားလုံးရဲ့ အခြေခံပါပဲ” (အင်တာဗျူး)

ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းပေါ်ရှိ စိန့်မေရီဘုရားကျောင်း၏ ခရစ်ယာန်ကျောင်းထိုင်ဘုန်းကြီး ဂျိုးဇက်မောင်ဝင်းသည် ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့ ငြိမ်းချမ်းမေတ္တာ (Religions for Peace) အဖွဲ့၏ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်သည်။

ဘုန်းတော်ကြီးဂျိုးဇက်မောင်ဝင်းနှင့် မကြာသေးမီက တွေ့ဆုံပြီး နိုင်ငံတွင်း ဘာသာပေါင်းစုံ ချစ်ကြည် ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေပုံများကို မေးမြန်းထားသည်။

မေး။ ။ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် ဘာတွေများ လုပ်ဆောင်နေပါသလဲ။

ဖြေ။ ။ ဘာသာပေါင်းစုံနဲ့လက်တွဲလုပ်တယ်။ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ နဲ့ လက်တွဲ လုပ်ဆောင်နေတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ စတင်ဖွဲ့တဲ့ အချိန်ကတည်းက ကက်သလစ်အသင်းတော် ကိုယ်စားပြု အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီရက်ပိုင်းထဲမှာ ပြည်ထောင်စု သာသနာရေး ဝန်ကြီးက လက်မှတ်ထိုး အတည်ပြုဖွဲ့တဲ့ အဖွဲ့မှာလည်း အမှုဆောင် တစ်ယောက်အနေနဲ့ ပါဝင်နေပါတယ်။

ဗုဒ္ဓဘာသာအနေနဲ့ဖြစ်စေ၊ ဟိန္ဒူဘာသာရေး ခေါင်းဆောင်တွေနဲ့ဖြစ်စေ၊ အစ္စလာမ် ခေါင်းဆောင်တွေနဲ့ဖြစ်စေ၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံနဲ့ဖြစ်စေ အားလုံးနဲ့ သဟဇာတကျအောင် သူတို့ လိုအပ်တဲ့ဟာတွေ ကူညီပေးနေပါတယ်။

Religions for Peace အဖွဲ့နဲ့ ပတ်သက်ပြီး လှုပ်ရှားတဲ့အခါမှာတော့ မေလထဲမှာ နိုင်ငံ တော်တော် များများက ကိုယ်စားလှယ်တွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ဆွေးနွေး တိုင်ပင်ပြီး နိုင်ငံတော် အတိုင်ပင်ခံနဲ့လည်း စက်တင်ဘာလ ၂၅ ရက်နေ့မှာ သွားတွေ့ပြီး ၂၇၊ ၂၈ တွေမှာ (ရခိုင်ပြည်နယ်) မောင်တောအထိကို သာသနာရေးဝန်ကြီးနဲ့အတူ တခြား ဘာသာရေး ကိုယ်စားလှယ်တွေနဲ့ အတူ သွားရောက်ခဲ့ပါတယ်။

ငြိမ်းချမ်းမေတ္တာအနေနဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ မိတ္ထီလာ၊ မြစ်ကြီးနား၊ ရခိုင်တို့လိုနေရာတွေမှာ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ရေး အတွက်ကို လက်တွဲ လုပ်ဆောင်နေကြတာလည်း ရှိနေပါတယ်။

ကျွန်တော်တို့ဘက်ကတော့ ဘာသာရေးခေါင်းဆောင်တွေက တစ်ဦးကိုတစ်ဦး နားလည်ပြီး စည်းလုံး ညီညွတ်နေကြယုံနဲ့ မလုံလောက်ဘဲနဲ့ အောက်ခြေအထိ ဆင်းပြီးတော့ ဘာသာပေါင်းစုံက ညီအစ်ကို မောင်နှမတွေလည်း အတူတကွ လက်တွဲ လုပ်ဆောင်နိုင်အောင် အဓိက ဦးတည်ချက်ထားပါတယ်။

မေး။ ။ အစိုးရက ထပ်ဖွဲ့ပေးတဲ့ ညီညွတ်ရေးအဖွဲ့အကြောင်း ရှင်းပြပေးပါ။

ဖြေ။ ။ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့လို့ ခေါ်ပါတယ်။ အဖွဲ့တွေ ၇ဝ ကျော်လောက် ပါပါတယ်။ ဘာသာပေါင်းစုံကလည်း ပါနိုင်ရအောင်၊ ဘက်စုံကလည်း ပါနိုင်ရအောင် ဖွဲ့ပေးထားပါတယ်။ အဲဒီမှာ ခရစ်ယာန်ဘက်အနေနဲ့ အမှုဆောင်အနေနဲ့ ပါပါတယ်။ ကျွန်တော်တို့ အကြီးပိုင်းအနေနဲ့က အဆင်ပြေနေတော့ ဘာပြဿနာမှ မရှိပါဘူး။

တစ်ခါတစ်ခါကျတော့လည်း ကိုယ့်ဘာသာတရားပဲ ကိုယ်သိပြီး တခြား ဘာသာတရားကို မသိတဲ့အခါမှာ အယူအဆလေးတွေက တယူသန်လေးတွေကတော့ နည်းနည်းလေး အခက်အခဲ ရှိတက်တာပေါ့။ ဒါပေမယ့် အထက် ရောက်လာလေလေ ဘာသာတရားတိုင်းကို လေ့လာရမယ် ဆိုတာကို သွန်သင်ပြီးတော့ ကိုယ့်ဘာသာတစ်ခုတည်းကို မဟုတ်ဘဲ တခြား ဘာသာတရား တွေကိုလည်း လေ့လာနိုင်ရအောင်၊ သိရှိနိုင်ရအောင်ပေါ့။ ဒါကြောင့် ဘာသာပေါင်းစုံ အရေး လုပ်တဲ့ အခါမှာ နယ်မြေလေးတွေ ခွဲပြီးတော့ ခရစ်ယာန်ဘက်ကနေ တစ်ယောက်က ခရစ်ယန် ဘာသာက သဟဇာတ ရှိစွာနဲ့ နေထိုင်မှု ဆိုတာကို သွန်သင်သလို၊ ဗုဒ္ဓဘာသာ ဆရာတော် တစ်ပါးကလည်း သဟဇာတရှိစွာနဲ့ နေထိုင်ရေးအတွက် သွန်သင်ပါတယ်။ အဲဒီလိုပဲ ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာ ဘက်ကလည်း ဒါတွေကို သွန်သင်ပေးတယ်။ လေးဦးလုံးရဲ့ သွန်သင်ချက်တွေကို မေးခွန်းမေးတဲ့အခါမှာ ပြန်လည် ရှင်းပြခြင်းအားဖြင့် တစ်ဘာသာရဲ့ အကြောင်းကို တစ်ဘာသာက သိလာတဲ့အခါမှာ လေးစားကြဖို့၊ လေးစားတဲ့ အပေါ်မှာလည်း သူတို့ရဲ့ ဘာသာရေး အခြေခံတွေကို တန်ဖိုးထားကြဖို့ ဆိုတာကို နယ်မြေတွေထဲမှာ လိုက်လံပြီး လုပ်ပေးပါတယ်။

မေး။ ။ မြန်မာပြည်မှာ ဘာသာရေးပဋိပက္ခတွေက ဘယ်လိုအခြေခံပေါ်မှာ မူတည်ပြီး ဖြစ်ခဲ့တယ်လို့ ယူဆပါသလဲ။

ဖြေ။ ။ အဝေးကနေကြည့်လိုက်တဲ့အခါမှာတော့ လူပုဂ္ဂိုလ် နှစ်ဦးကနေ ဖြစ်တဲ့ ပြဿနာတွေကနေပြီးတော့ ဘာသာရေးဘက်ကို ကူးစက်သွားတာကတော့ ဝမ်းနည်းစရာပါပဲ။ ဘာသာတိုင်းမှာ ကောင်းမွန် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေ မြောက်များစွာ ရှိသလို မတရားတာပြုလုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေလည်း အမြဲတမ်းရှိနေကြပါတယ်။ ဒါကြောင့်မို့လို့ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ရဲ့ မကောင်းမှု ဒုစရိုက်ကို မကောင်းမှု ဒုစရိုက်ရယ်လို့ပဲ မြင်ပြီးတော့ ဆုံးဖြတ်လိုက်မယ် ဆိုရင် ဘာသာရေး ပဋိပက္ခ ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ တချို့ ကိစ္စတွေမှာက စီးပွားရေး ပတ်သက်တာတွေ တွေ့ရပါတယ်။ သေသေချာချာ ပြန်ကြည့်ရင် ဘာသာရေးနဲ့ ပတ်သက်တာထက် ပုဂ္ဂိုလ်ရေးနဲ့စီးပွားရေးအပေါ် အခြေခံပြီး ဖြစ်သွားတယ်လို့ မြင်ရတယ်။ ဒါကြောင့်မို့လို့ မိတ္ထီလာမှာ ဆိုရင် အစ္စလာမ်တွေ အများကြီးကို ဦးဇင်းပိန်က သူ့ဘုန်းကြီးကျောင်းမှာ ခေါ်ထားတယ်၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း။ ဘာသာရေး ပဋိပက္ခဆိုရင် ဒီလူတွေက ယုံယုံကြည်ကြည်နဲ့ ဒီဘုန်းကြီးကျောင်းမှာ သွားနေရဲမလား၊ ဘုန်းကြီးကလည်း သွားလုပ်ပေးရဲမလား။ ဒီအချက်တွေကို သေသေချာချာ ပြန်ကြည့်တဲ့အခါမှာ ဘာသာရေး မဟုတ်ဘူး ဆိုတာ ကွင်းကွင်းကွက်ကွက် ဖော်ပြနိုင်တဲ့ အကွက်ကလေးတွေ ဖြစ်နေပါတယ်။

မေး။ ။ ဘာသာရေးပဋိပက္ခွ ဖြစ်ပွားရတာဟာ နိုင်ငံရေး အခြေခံတဲ့ လှုံ့ဆော်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ ဖာသာ ယူဆပါသလား။

ဖြေ။ ။ ဖာသာက ဘာသာရေးသမား ဆိုတော့ နိုင်ငံရေးကို မစွက်ဖက်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေး အလုပ်က နိုင်ငံရေးနဲ့ပဲ ဆိုင်တယ်။ ကျွန်တော့ ဘာသာရေး အလုပ်မှာတော့ လူတွေရဲ့ သိမ်မွေ့နူးညံ့မှု လူသားတွေရဲ့ မြင့်မြတ်လာမှုကိုပဲ ကျွန်တော့် စိတ်ဓာတ်က ရှိပါတယ်။

မေး။ ။ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကို အောက်ခြေထိ ထိရောက်အောင်လုပ်ဖို့ ဘာတွေများ လိုအပ်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကတော့ အစိုးရကနေလည်း ပံ့ပိုးခွင့် ရတဲ့ အတွက်၊ ဝန်ကြီးချုပ်တွေ အကုန်လုံးကိုလည်း အကြောင်းကြားပေးထားတဲ့အတွက် ပြည်နယ်နဲ့ တိုင်း တော်တော်များများမှာ ဖွဲ့သွားပြီးပြီဖြစ်တယ်။

အစိုးရက အမြဲတမ်းပဲ ကူညီပေးပါတယ်။ သာသနာရေးဝန်ကြီး လာတွေ့တာတွေ၊ နိုင်ငံခြားရေးဝန်ကြီး ခေါ်တွေ့တာတွေ။ အစိုးရကလည်း ဘာသာပေါင်းစုံက ကူညီမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရလာမယ် ဆိုတာကိုလည်း သူတို့ ခံယူချက်ရှိပါတယ်။

မေး။ ။ လက်ရှိ အစိုးရနဲ့ အရင်အစိုးရ ဖွဲ့စည်းထားတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ နှစ်ခု ဘယ်လို ကွာခြားတယ်လို့ ဖာသာ ထင်ပါသလဲ။

ဖြေ။ ။ ဦးသိန်းစိန် အစိုးရ လက်ထက်က ဖွဲ့ထားတဲ့ ဘာသာပေါင်းစုံ အဖွဲ့ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းတာပါ။ ရန်ကုန်က ခရိုင်လေးခုလုံးမှာ မြို့နယ်တိုင်းရဲ့ အုပ်ချုပ်ရေးမှူးတွေ အပါအဝင် ကိုယ်စားလှယ် သုံးယောက်စီနဲ့ ကိုယ်တိုင် သွားဟောဖူးပါတယ်။ ဘာသာပေါင်းစုံကနေပြီးတော့ အနှစ်ချုပ်လေးတွေ ထုတ်ပြီး ဝေပေးပါတယ်။ အောက်ခြေအထိ ဒီစာအုပ်တွေက ဆင်းသွားတယ်လေ။

ပဋိပက္ခတွေ ဖြစ်ပွားခဲ့တယ်၊ အကြောင်းကြားတယ် ဆိုရင်လည်း ချက်ခြင်းပဲ ဗဟိုကနေ စီစဉ်ပြီးတော့ တိုင်းရုံးကို၊ တိုင်းကို မဟုတ်ရင် မြို့နယ်ကို အကြောင်းကြားပြီးတော့ သေးငယ်တဲ့ အမှုတွေ ပျောက်ကွယ် သွားအောင်၊ ကြီးမားတဲ့ အမှုတွေ သေးငယ်သွားအောင် လုပ်ပေးထားတာလည်း တွေ့နိုင်ပါတယ်။

မေး။ ။ ဘာသာပေါင်းစုံအဖွဲ့တွေကြောင့် ပဋိပက္ခတွေကို တော်တော် လျှော့ချနိုင်တယ်လို့ ယူဆပါသလား။

ဖြေ။ ။ တချို့နေရာတွေမှာ လျှော့ချနိုင်တယ်။ တချို့နေရာတွေမှာကျတော့လည်း သူ့အရှိန်နဲ့သူ သွားနေတာပဲ။ ကိုယ်ပြောလို့လည်း နားထောင်တာ မဟုတ်ဘူး၊ ဖြစ်ပြီးသွားမှ ဖွဲ့တာကို။ မဖြစ်ခင်ကတည်းက ဖွဲ့တာ ဆိုရင်တော့ အခြေအနေက တစ်မျိုး ဖြစ်မှာပေါ့။

မေး။ ။ ခရစ်ယာန်တို့ရဲ့ ကျမ်းတော်မှာ ဘာသာပေါင်းစုံ ညီညွတ်ရေးအတွက် ဘယ်လို ဆိုထားပါသလဲ။

ဖြေ။ ။ ကျမ်းချက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ မေတ္တာဟာ အရာ အားလုံးရဲ့ အခြေခံပါပဲ။ မေတ္တာတရားသာ ရှိနေမယ်ဆိုရင် အချင်းချင်းကြားထဲမှာ ကိုယ်ချင်းစာတရား ရှိလာနိုင် တယ်လေ။ သခင် ယေရှုကတော့ … သူတစ်ပါး မိမိကိုယ် ပြုစေလိုသည့်အတိုင်း ကိုယ်ကလည်း သူများကို ပြုပါ တဲ့။ သူတစ်ပါး မိမိကို မပြုစေချင်တဲ့ အရာတွေကို ကိုယ်လည်း သူတစ်ပါးကို လုံးဝမပြုပါနဲ့ တဲ့။ ကိုယ်ချင်းစာတရားပါပဲ။

မေး။ ။ ဘာတွေများ ဆက်လက် လုပ်ဆောင်သွားဖို့ရှိပါသလဲ။

ဖြေ။ ။ အဖွဲ့ ဖွဲ့ပြီးကတည်းက အစည်းအဝေး ပြန်မခေါ်ရသေးပါဘူး။ ဖွဲ့ပြီးတဲ့ အကြောင်းကြားစာကတော့ မကြာခင်က ရောက်လာတယ်။ ဒီလထဲမှာ ဖြစ်မလား၊ နောက်လထဲမှာ ဖြစ်မလား တော့မသိဘူး။ အစည်းအဝေး ထိုင်ပြီးတဲ့ အခါကျမှ ကျွန်တော်တို့ အားလုံး အတူတကွ ဆွေးနွေးပြီးတော့ ဘာပြီး ဘာလုပ်မယ် ဆိုတာ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

သာသနာရေးဝန်ကြီးကတော့ နှစ်ခုလုံးမှာပါပဲ။ ကျွန်တော်တို့ ငြိမ်းချမ်းမေတ္တာအဖွဲ့မှာရော၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှာရောပေါ့၊ အရမ်း ပွင့်လင်းပါတယ်။ သူ့ကိုလည်း နိုင်ငံတော် အတိုင်ပင်ခံကနေပြီးတော့ ဒါဟာ ဘာသာရေးအဖွဲ့တွေ ဖြစ်တဲ့အတွက် အနီးကပ် ကြည့်ရှုပြီးတော့ ကူညီပေးပါလို့လည်း တာဝန်ပေးထားတယ်။

မေး။ ။ ခရစ်ယာန်ဘာသာဝင်တွေ ဝတ်ပြုဆုတောင်းဖို့ အခက်အခဲဖြစ်တာမျိုးတွေ ရှိပါသလား။

ဖြေ။ ။ အရင်တုန်းကတော့ ဆောက်ဖို့ ပြုဖို့ အခက်အခဲ ရှိပါတယ်။ အခုတက်လာတဲ့ အစိုးရနဲ့ကတော့ ညှိနှိုင်းလို့ ရပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း ကျွန်တော်တို့ ဘာသာရေးခေါင်းဆောင်တွေကို ခေါ်ပါသေးတယ်။ အကယ်၍ ဘုရားကျောင်းတွေကို ပြုပြင်ဖို့၊ ဆောက်လုပ်ဖို့ အခက်အခဲရှိရင်၊ မြို့တော် စည်ပင်ကို တိုက်ရိုက် သွားဖို့ အခက်အခဲရှိရင် သူ့ဆီကို့လာခဲ့ပါ။ သူကိုယ်တိုင် မြို့တော် စည်ပင်ကို လွှတ်ပေးပါ့မယ်လို့လည်း ခေါ်ပြီးတော့ ကတိပေးထားပါတယ်။

ဗုဒ္ဓဘာသာကတော့ သူ့ဘာသာသူ သွားနေတာပေါ့နော်။ ဘာသာခြားတွေဘက်က အခက်အခဲရှိရင် လာတွေ့ပါလို့ ပြောထားပါတယ်။ အဲဒါကြောင့် အခုအချိန်အခါမှာတော့ လျှောက်လို့ပြုလို့ ရပါတယ်။ ဝတ္တကမြေဆိုတဲ့ ကန့်သတ်ချက်လေးတွေကတော့ ရှိတာပေါ့။ ဒါလေးတွေကတော့ သတိထားရတာပေါ့။

မေး။ ။ ရခိုင်ဒေသ ပဋိပက္ခတွေက ဘာကြောင့်ဖြစ်တာလို့ ယူဆပါသလဲ။

ဖြေ။ ။ ပညာ မတတ်တာကြောင့်ပါပဲ။ တကယ်တမ်း ရခိုင်ဒေသကိုကြည့်တော့ ကျောင်းမှ မရှိဘဲနဲ့။ ပညာ မတတ်တဲ့အခါကျတော့ လူပိန်းလို ဖြစ်သွားတယ်။ ကချင် ပြည်နယ်လည်း ဒီလိုပဲ၊ ကျောင်းမှမရှိဘဲနဲ့။ ဝေးလံ ခေါင်ပါးပြီးတော့။ တိုင်းပြည်မှာ အဓိက လိုအပ်တာကတော့ ပညာပဲ။ ပညာသာ တတ်ရင်တော့ လူတွေ အဆင့်အတန်းတွေ မြင့်လာကြလိမ့်မယ်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading