“မတူတာကိုက ကျွန်တော်တို့ လက်ခံနိုင်ရမယ့် ကိစ္စတစ်ခုဖြစ်တယ်”

ဘာသာပေါင်းစုံညီညွတ်ရေးကို အချိန်ယူ လုပ်ဆောင်ရမည်ဟု ငြိမ်းချမ်းမေတ္တာအဖွဲ့မှ ဟာဂျီဦးအေးလွင်က ပြောသည် (အင်တာဗျူး အစ အဆုံး)

Published on Nov 1, 2018
မကြာသေးခင်က ရန်ကုန်မြို့တွင် တွေ့ရသော ဟာဂျီဦးအေးလွင် (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)
မကြာသေးခင်က ရန်ကုန်မြို့တွင် တွေ့ရသော ဟာဂျီဦးအေးလွင် (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)

ဘာသာမတူသူ၊ အသွေးအရောင်မတူသူများကြား ယုံကြည်၊ ချစ်ခင်မှုကို တိုးပွားစေရေး လုပ်ဆောင်နေသည့် ငြိမ်းချမ်းမေတ္တာအဖွဲ့ကို စတင် တည်ထောင်သူများထဲတွင် ဟာဂျီဦးအေးလွင် လည်း ပါဝင်သည်။

ရခိုင်ဒေသ ပဋိပက္ခဆိုင်ရာ ကိုဖီအာနန် ကော်မရှင်တွင်လည်း အဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင်သည့် ဟာဂျီဦးအေးလွင်နှင့် မကြာသေးခင်က တွေ့ဆုံစဉ် သူက ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆိုင်ရာ လှုပ်ရှားမှု၊ မတူကွဲပြားမှုများအကြောင်း ပြောပြထားသည်။

မေး - အစိုးရသစ်လက်ထက်မှာ ဘာသာရေး မုန်းတီးမှုတွေ လျော့ကျသွားတာကို တွေ့ရပါတယ်။ ဒါဟာ လူထုထဲမှာ မုန်းတီးမှုတွေ မရှိတော့တာလား၊ အသုံးချမယ့်သူတွေက သူတို့ရဲ့ နိုင်ငံရေး ကစားကွက်က အချိန်မကျသေးတာကြောင့် စောင့်ဆိုင်းနေကြတာလား။

ဖြေ - နိုင်ငံရေး ကစားကွက်အရ ဒါကို အသုံးချရာမှာ ထိရောက်သင့်သလောက်၊ မျှော်လင့်သလောက် မထိရောက်ဘဲ သူတို့အပေါ်မှာတောင် ပြန်ပတ်လာတဲ့ သဘောရှိတာကြောင့် ဒီနိုင်ငံရေး ဗျူဟာလေးကို ခဏလေး ခေါက်ထားတဲ့ သဘောမျိုးဖြစ်ပါတယ်။ အရင်တုန်းက ဗြောင်ကျကျ ထုတ်သုံးခဲ့တာဟာ ရွေးကောက်ပွဲတောင် ရှုံးသွားခဲ့တဲ့ အဆင့်ထိ ရောက်သွားတယ်။

ပြည်သူတွေ ကြားထဲမှာလည်း နားလည် သဘော ပေါက်ကြတဲ့သူတွေရှိတယ်။ ဘာသာရေး ခေါင်းဆောင်တွေကလည်း အသုံးချမခံတော့တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ဒီတော့ဒါက ခေတ္တယာယီ ဒီဗျူဟာကို သူတို့ မသုံးသေးတာလို့ ကျွန်တော် ထင်ပါတယ်။

မေး။ ။ အစိုးရဟောင်းလက်ထက် ကာလနဲ့ အခု အစိုးရကာလ နှစ်ခုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘာသာပေါင်းစုံ ညီညွတ်ရေးကို ဆောင်ရွက်ရတဲ့ အချိန်မှာ ဘယ်လို ကွာခြားချက်များ ရှိပါသလဲ။

ဖြေ။ ။ ဦးသိန်းစိန်လက်ထက်က အစိုးရကလည်း စစ်တပ်က လူဟောင်းတွေများတယ်၊ လက်တွေ့ အကောင်အထည်ဖော်ရတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းများကရော တပ်ကလူတွေ များတယ်။

ဒါကြောင့် သူတို့ လုပ်တာတွေက ဟန်ချက်ညီတယ်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ တချို့ကိစ္စရပ်တွေမှာ ဒေသခံတွေက နေပြီးတော့ သူတို့ဒေသမှာ ရှိတဲ့ အာဏာပိုင်တွေ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ကျေကျေလည်လည် ညှိနှိုင်းပြီး လုပ်မယ်ဆိုရင် တချို့ ခွင့်ပြုချက် မရတာတွေကို နားလည်မှုနဲ့ လုပ်လို့ရတယ်။ ဝတ်ပြုမှုတို့၊ ဥပုသ်စောင့်တာတို့၊ ဘာသာရေး စာသင်တာတို့ ဆိုတာက တရားဝင် ပိတ်ပင်ထားသော်လည်း သူ့နားလည်မှုလေးနဲ့ ဖြစ်နေတယ်။

ခု ဒီအစိုးရ တက်လာတဲ့ အခါမှာ တရားဥပဒေစိုးမိုးရေး ဆိုတာလည်း ပါတယ်။ လူကြီးတွေကလည်း ဥပဒေအတိုင်းပဲလုပ် ဆိုတာလည်း ပါတယ်။ မြန်မာပြည်မှာ သာသနိက အဆောက်အဦးဆိုတာ ဗုဒ္ဓဘာသာက လွဲရင် ကျန်တဲ့ဟာတွေက တော်တော်များများက တရားဝင် စာရွက်စာတမ်းတို့ ဘာတို့က သိပ်ပြီး ရှိတာ မဟုတ်ဘူး။ ပိတ်ပင် ဟန့်တား တားဆီးမှု တွေ ခံနေရတာက ဥပဒေအတိုင်းလုပ် ဆိုတာကြီးကြောင့်၊ ဌာန ဆိုင်ရာနဲ့ ဝန်ထမ်းတွေကလည်း အစိုးရအဖွဲ့နဲ့ ထွေအုပ်နဲ့ကလည်း သိပ်ပြီး တူတာ မဟုတ်ဘူးလေ။ အဲတော့ လုပ်ရတဲ့ အခါမှာ အကောင်အထည်ဖော်ရတဲ့ အခါမှာ နားလည်မှုတွေ မရကြတဲ့ အပေါ်မှာ ဝတ်ပြု ကိုးကွယ်မှုတွေရော၊ ဘာသာရေး အခမ်းအနားတွေရော၊ သာသနာရေး စာသင်ကျောင်းတွေရော ပြီးခဲ့တဲ့ အစိုးရထက်စာရင် အများကြီး ကန့်သတ်မှုတွေ၊ ပိတ်ပင်မှုတွေနဲ့ ကြုံတွေ့လာခဲ့ရတယ်။ လူတွေလည်း တော်တော်လေး စိတ်ပျက်ကြတယ်။ အထင်လွဲကြတယ်၊ အားငယ်မှုတွေ ရှိနေကြပါတယ်။

မေး - ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ခရီးစဉ်တွေမှာ အမျိုးသားရေးဝါဒီ ဆရာတော်တချို့နဲ့အတူ တွေ့ရပါတယ်။ ဒီဆရာတော်တွေရဲ့ ဘာသာပေါင်းစုံ အပေါ် ထားတဲ့ အမြင်တွေကို ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ - ကျွန်တော်ကိုယ်တိုင် ရွာမဆရာတော်ကြီးကို သွားတွေ့ပါတယ်။ တော်တော်လေး နွေးနွေးထွေးထွေးပဲ ကြိုဆိုပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ကို ကြမ်းပြင်ပေါ်မှာတောင် မထိုင်ခိုင်ပါဘူး။ တစ်ပြေးတည်း ထိုင်ခိုင်းတယ်။ စကားပြောတဲ့ အခါမှာလည်း ပဋိပက္ခမဖြစ်အောင် လုပ်တဲ့ သဘော။ ကိုယ့် သာသနာကိုယ် ကာကွယ်တယ်ဆိုတဲ့ သဘော။ ရန်စကား၊ အမုန်းစကားတွေလည်း သိပ်မပြောဘူး။ ကျွန်တော်တို့ကလည်း ကျွန်တော်ထုတ်ထားတဲ့ စာအုပ်တွေပေါ့။ အစ္စလမ်နဲ့ ပတ်သက်ပြီး အထင်လွဲ အမြင်မှား ဖြစ်နေတာတွေကို ဖြေရှင်းတဲ့ စာအုပ်တွေ၊ စာတမ်းတွေကို ဆရာတော်တွေကို ပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ လုပ်မယ့် ဘာသာပေါင်းစုံ ငြိမ်းချမ်း ရေး ပွဲမှာ မြန်မာနိုင်ငံက ဘာသာပေါင်းစုံကို ဖိတ်ဖို့ရှိတော့ ဆရာတော်ကြီးကိုပါ ဖိတ်ခဲ့တယ်။ ဆရာတော်က ကျမ်းမာရေးကြောင့် မလိုက်နိုင်ခဲ့ဘူး။ ဒေါက်တာ သောပါကနဲ့ဒေါက်တာ ဓမ္မပီယတို့ နှစ်ပါး ပါလာခဲ့ပါတယ်။ ဂျပန်မှာ ပြောတဲ့ စကားတွေလည်း ငြိမ်းချမ်းရေး စကားတွေပဲ ပြောတယ်။ အဲဒီတော့ ငြိမ်းချမ်းရေး ဖိုရမ် (ဆွေးနွေးပွဲ) တွေမှာ ပြောတဲ့ စကားတွေနဲ့ ကိုယ့် ပရိတ်သတ် အတွင်းကို ရောက်သွားတဲ့ စကားတွေက မတူညီကြဘူး။ ဘယ်သြဇာကြောင့်လဲတော့ မသိဘူး။ ဒီတော့ သူတို့ရဲ့ ပင်ရင်းစိတ်က ကိုယ့်ဘာသာ၊ သာသနာ ချစ်မြတ်နိုးတယ်။ ကာကွယ်ဖို့ လိုအပ်တယ်ဆိုတဲ့ အမြင်ကတော့ ရှိနေတယ်။ ဒါပေမယ့် ကျန်တဲ့ဟာတွေကို ရန်ပြုဖို့ ဆိုတဲ့ အမြင်ကသူတို့ ဆီမှာ မရှိဘူးဗျ။ သို့သော်လည်း ဘယ်လိုလမ်းကြောင်းတွေက ပြောင်းလဲ လာသလဲပေါ့။ ဥပမာ တမန်တော်နေ့ အခမ်းအနားတွေမှာ လိုက်ပြီး ဖျက်ဆီးတာတွေမှာ မဘသရဲ့တတိယလိုင်းက ပုဂ္ဂိုလ်တွေက အထင်ကရ ပါနေတာကို တွေ့ရတယ်။ အဲဒီလို မတူညီချက်လေးတွေတော့ တွေ့ရပါတယ်။

မေး - ဒါဟာ ဘာကြောင့်ဖြစ်တယ်လို့ သုံးသပ်လို့ ရနိုင်ပါသလဲ။

ဖြေ - သေချာတယ်လေ၊ ဒါဟာ ဘာသာရေးနဲ့ နိုင်ငံရေးကို အသုံးချတဲ့ လူတွေပေါ့။ အဲဒီအခါမှာ အသုံးချ မခံတဲ့ သူတွေလည်း ရှိတယ်။ သို့သော် အသုံးချမှန်းမသိဘဲနဲ့ ပါသွားတဲ့ ကိစ္စရပ်လေးတွေလည်း ရှိတယ်။ အစ္စလာမ်ကို ဘုံရန်သူ အဖြစ်နဲ့ မြင်နေတာ ရှိတယ်။ အစ္စလာမ်ကို ရွံမုန်းတဲ့ စိတ်ကို ရိုက်သွင်းထားတာ ဦးနေဝင်း လက်ထက် ကတည်းက ဖြစ်နေတော့ ဒီဥစ္စာက ဗြောင်သာ ဖွင့်မပြောတာ၊ မသိစိတ်ထဲမှာ ရှိနေတော့တာ။ အခု ဒီမိုကရက်ဆိုတဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများမှာလည်း ဒီအတွေးအခေါ်က ရှိနေတယ်။ စာနယ်ဇင်းက ပုဂ္ဂိုလ်တွေမှာလည်း ဒီအတွေး အခေါ်တွေ ရှိနေတယ်။ တော်တော် ဝမ်းနည်းဖို့ကောင်းတယ်။

ကျွန်တော်တို့ ဘာလုပ်နေသလဲ ဆိုရင် အဲဒီလို အထင်အမြင် လွဲမှားမှုများကို ဖြေရှင်းဖို့ ကြိုးစားနေတယ်။ အစ္စလာမ်တစ်ခုတည်း မဟုတ်ဘူး။ ခရစ်ယာန်နဲ့ပတ်သက်ရင် သူတို့ အမြင်တွေ မှားနေတယ်၊ ဟိန္ဒူနဲ့ပတ်သက်လို့လဲ အမြင်တွေ မှားနေတယ်။

ဘာသာတရား အသီးသီးမှာရှိတဲ့ လှပတဲ့ အလှတရားတွေကို ဖော်ထုတ်ပြီးတော့ လွဲမှားသော အမြင်တွေကို ပြေပျောက်အောင် ကျွန်တော်တို့ လုပ်နေပါတယ်။

မေး - ကြားဖြတ်ရွေးကောက်ပွဲ နီးလာတဲ့ အချိန်မှာ ပြီးခဲ့တဲ့ သြဂုတ်လထဲ မန္တလေးမြို့မှာ လှုံ့ဆော်မှု တချို့ ဆက်ရှိနေပါသေးတယ်။

ဖြေ - ဒီကိစ္စကတော့ တည်ငြိမ်မှုကို ပျက်ပြားအောင်လုပ်တယ်။ အုပ်ချုပ်တဲ့ လူတန်းစားကို အကြပ်အတည်း ဖြစ်အောင်လုပ်တယ်ဆိုတာကတော့ နိုင်ငံရေး နည်းဗျူဟာပဲလေ။ ဒါ ဖော်မြူလာ အတိုင်းလုပ်သွားတယ်လို့ ကျွန်တော်ထင်ပါတယ်။ ခုနက ကျွန်တော်ပြောသလိုပေါ့ ဘာသာရေးကို အသုံးချခြင်းက လုံးဝ ရပ်ဆိုင်းသွား မလားဆိုတော့ မရပ်ဆိုင်းသေးဘူး။ အခါအခွင့် သင့်ရင် သင့်သလို ဆက်ပြီး သူတို့ ဆက်ပြီး သုံးနေဦးမှာပါပဲ။

မေး - ပြည်သူတွေက ဒီလို အန္တရာယ်တွေကနေ ကာကွယ်ဖို့ ဘာတွေလုပ်သင့်ပါသလဲ။

ဖြေ - မှိုင်းတိုက်ထားတဲ့ မှိုင်းထု ကြီးက တော်တော်လေးထူနေတယ်ဗျ။ နောက်တစ်ခုက တချို့ဟာတွေက အထောက်အထားလို့ ဆိုတဲ့အခါမှာ မှန်သယောင်ယောင်ပေါ့ဗျာ၊ ဥပမာအားဖြင့် ဆိုရင် ပတ်ဝန်းကျင် နိုင်ငံတွေဟာ တစ်ချိန်က ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံတွေ ခုတော့ အစ္စလာမ် ဘာသာက ဝါးမျိုသွားပြီပေါ့။ ရုတ်တရက် ကြည့်လိုက်ရင်၊ အပေါ်ယံလေး ကြည့်လိုက်ရင် ဟုတ်သယောင်ယောင်ပေါ့။ တော်ရုံ တန်ရုံ ဆင်ခြင်တုံတရား ရှိတဲ့လူသည်ပင်လျှင် အဲလို နားယောင်သွားတာရှိတယ်။

အဲဒီတော့ ကျွန်တော်က Peace Education ဆိုတာ လုပ်နေတယ်။ Peace Education ဆိုတာ ပဋိပက္ခ မဖြစ်ဖို့၊ ရန်မဖြစ်ဖို့တင် မကဘဲနဲ့ ကိုယ်နဲ့မတူကွဲပြားမှုများ အပေါ်မှာ နားလည်ဖို့။
မတူတာကိုက ကျွန်တော်တို့ လက်ခံနိုင်ရမယ့် ကိစ္စတစ်ခုဖြစ်တယ်။ သူ့မှာ မတူပိုင်ခွင့် ရှိတယ်၊ မတူတာကို အသိအမှတ်ပြုဖို့ လိုတယ်။ ဒါကြောင့် ကိုယ်ဘာသာ အကြောင်းတွေ ကိုယ်အရင်သိဖို့ လိုတယ်။ ဒါမှ ကိုယ့်ဘာသာကို အကြောင်းပြုပြီးတော့ လာပြီးတော့ သွေးထိုး လှုံ့ဆော်ရင် အဲလို အလှုံ့ဆော်မခံဘဲ ဒါဟာ တို့ဘာသာနဲ့ ဆန့်ကျင်နေတဲ့ ကိစ္စပါလား၊ တို့ မြတ်နိုးတဲ့ ဘာသာကို ဒီလို ယုတ်ညံ့တဲ့ နေရမှာ အသုံးမခံဘူး ဆိုပြီး အတွင်း ခုခံအားနဲ့ ရပ်တန့်သွားအောင် လုပ်ဖို့အတွက်က ကိုယ့်ဘာသာ အကြောင်းကို ကိုယ်သိအောင်လုပ်ဖို့ လိုတယ်။ ကျွန်တော်တို့က မိရိုးဖလာတွေဖြစ်နေတယ်။ အဖေ အစ္စလာမ် ဖြစ်လို့ ကျွန်တော်က အစ္စလာမ်ဖြစ်နေတာ။ ယုံကြည်မှု သဒ္ဒါတရားကို အမွေလို ရထားတာ။ ကျင့်သုံးမှု မရှိသလို။ နားလည်သလားဆိုတော့လည်း နားလည်မှုလည်း မရှိဘူး။ အဲဒီတော့ ကိုယ်ဘာသာအကြောင်းကို ကိုယ်အရင်သိအောင်လုပ်။ ပြီးရင် ကိုယ်နဲ့ မတူတဲ့ လူတွေရဲ့ စစ်မှန်သော ခံယူချက်ကို သိအောင်လုပ်။

တစ်ဆင့်ခံ အသိ အင်မတန်ကြောက်ဖို့ ကောင်းတယ်။ ဆရာကြီး ဦးရွှေအောင် ထေရဝါဒ ဗုဒ္ဓဘာသာမှာ၊ လူဝတ်ကြောင်တွေထဲမှာဆိုရင် အင်မတန်ထင်ရှားတဲ့ ဆရာကြီးပါ။ သူက အငှားအသိတွေက ဒုက္ခပေးတယ်၊ ကိုယ်ပိုင်အသိရှိဖို့လိုတယ်။ ဗုဒ္ဓတရား ဘာလဲ ဆိုတာ ခရစ်ယာန်ရေးလို့၊ မွတ်စလင်ရေးလို့ မသိဘူးလေ၊ အဲဒါ အငှားအသိ ခေါ်တာ။ ဗုဒ္ဓရဲ့ နုတ်က ပါတ်တော်မှာ ဘာတွေပါသလဲ၊ ပိဋကတ်မှာ ဘာတွေပါသလဲ၊ ဝိနည်းမှာ ဘယ်လို ပါသလဲ၊ ဒါသိမှရမှာ။ အစ္စလာမ်အကြောင်း သိချင်ရင် ကုရ်အမ်မှာ ဘယ်လိုပါသလဲ။ တမန်တော်မြတ်ရဲ့ ဘဝသက်တမ်းမှာ ဘယ်လို အကောင်အထည် ဖော်ခဲ့သလဲ။ ကြိုက်ရင် ကြိုက်မယ်၊ မကြိုက်ရင် မကြိုက်ဘူး။ ဒါပေမယ့် ဒါဟာ အရှိတရားပဲလေ။ အဲ့ဒီလိုနည်းနဲ့ ကျွန်တော်တို့ ဘာသာများကို လေ့လာဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အချိန်ယူမယ်။ ဒါ အင်မတန်ကို မှိုင်းက ပြင်းနေတဲ့ အချိန်ဖြစ်တယ်။

မေး - တချို့က မွတ်စလင် နိုင်ငံကြီးတွေကလာတဲ့ ဝတ်စားဆင်ယဉ်မှုတွေ၊ ဓလေ့ ထုံတမ်းတွေကို ဘာသာရေး ယုံကြည်ချက်တစ်ခု အနေနဲ့ လက်ခံ ကျင့်သုံးနေတာ တွေ့ရပါတယ်။ ဒါဟာ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အနှောက်အယှက် ဖြစ်စေနိုင်ပါသလား။

ဖြေ - အချက် ၂ ချက် ကျွန်တော်ပြောချင်ပါတယ်။ ဘာသာတရားရယ်။ လူမျိုးဒေသနဲ့ဓလေ့ ထုံစမ်းတွေ ရောထွေးနေတာတွေ ရှိပါတယ်။ ဝတ်စားဆင်ယဉ်မှုမှာ ဘာသာတရား တစ်ခုသည် လူမျိုး တစ်မျိုး၊ နိုင်ငံတနိုင်ငံတစ်ခုအတွက်၊ ခေတ်တစ်ခု အတွက်မှ မဟုတ်ဘဲ။ အားလုံး အတွက် လမ်းညွန်ထားတာ ဖြစ်တယ်။ ဘယ်နိုင်ငံမှာနေနေ ဘယ်ယဉ်ကျေးမှုနဲ့ပဲ ဖြစ်ဖြစ် ဒီတရားကို ကျင့်သုံးနိုင်ရမယ်။ အဲ့ဒီတော့ အဲဒီနိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတစ်ခုရဲ့ သွင်သင်မှုကို ခွဲမြင်ဖို့ လိုအပ်တယ်။

ကျွန်တော့ အမေ၊ ကျွန်တော် မိန်းမ၊ ကျွန်တော့ သမီး အားလုံးက မြန်မာလိုပဲ ဝတ်တာပဲ။ ဝတ်ပြုတဲ့ အခါကျတော့ လုံလုံခြုံခြုံ ခေါင်းမှာ ဆောင်းပြီးတော့ ဝတ်ပြုတယ်။ အရေးကြီးဆုံးက အနှစ်သာရက ကာယိန္ဒြေ ထိန်းသိမ်းဖို့ပဲ။ ဆန့်ကျင်ဘက် လိင်ကနေပြီးတော့ သူ့ကို မြူဆွယ်သလို သွေးဆောင်သလို မဖြစ်စေရဘူး။ အဲဒါက သာသနာရဲ့တားမြစ်ချက်ပဲ။ ဒါပေမယ့် ကာလ၊ ဒေသ ရာသီဥတု၊ သဘာဝ အနေအထားတွေ အရ ဒါတွေဟာ ပြောင်းလဲ လာတဲ့ အခါကျတော့ ပုံသေ ယူနီဖောင်း တစ်ခုလုပ်ပစ်လိုက်တာ။ တကယ်တော့ ယူနီဖောင်း မရှိပါဘူး အစ္စလာမ်မှာ။

မေး။ ။ ဒီလို ဝတ်စားဆင်ယဉ်မှုတွေကြောင့် အထင်မှားစရာ ဖြစ်လာနိုင်သလား။

ဖြေ။ ။ အထင်အမြင်လွဲစရာတွေ ဖြစ်လာနိုင်တယ်။ မှန်တယ်၊ မှားတယ်ဆိုတာထက် သူ့ရဲ့လွတ်လပ်စွာ ယုံကြည်ခွင့်။ ဟိုတုန်းက ကျွန်တော်တို့ မကြာခဏပြောတယ်။ မြန်မာ့ လူ့ဘောင်မှာ နေရင် မြန်မာ့ ယဉ်ကျေးမှု အတိုင်းနေ။ သူတို့ အနေနဲ့ကတော့ ဒါကို ရိုးရိုးသားသားကို ဒီလို ဝတ်စားဆင်ယဉ်မှု။ မှုတ်ဆိတ်မွှေးထားခြင်း၊ အကျီၤရှည်ဝတ်ခြင်း၊ အုပ်ထုတ်ဆောင်းခြင်း၊ အမျိုးသမီးတွေ မျက်နှားဖုံးခြင်းသည် ဘာသာရေးရဲ့ကျင့်စဉ်လို့ ယုံတယ်။ ကျွန်တော်တို့ကတော့ ဒါဟာ ဓလေ့ ထုံးစံလို့ပြောတယ်။ အငြင်းပွားမှုရှိတယ်။ သို့သော် သူ့ရဲ့ယုံကြည်မှု ချက်ကို မင်းတို့ မယုံရဘူး၊ မင်းတို့ စွန့်လွှတ်ရမယ်လို့ ပြောခြင်းသည် မတရားဘူးထင်လို့ ကျွန်တော်သိပ် မပြောတော့ဘူး။ သူတို့ မှားသည့် တိုင်အောင်၊ မှားခွင့်ရှိသည်။ သူ့ရဲ့ ယုံကြည်မှု။ မတူ ကွဲပြားမှုလေ။ သူမှန်နေတယ်လို့ ကျွန်တော် ထောက်ခံနေတာမဟုတ်ဘူး။ သို့သော် ဒီလို ပဋိပက္ခဖြစ်နေတဲ့ အချိန်။ မသမာသူများ သွေးခွဲနေတဲ့ အချိန်မှာ အထင်အမြင်လွဲစရာ ကိစ္စရပ်လေး တွေကို ရှောင်ကြဉ်နိုင်ရင် ကောင်းမယ်။ မသမာသူတွေက ဒါဟာ တိုင်းတပါး ယဉ်ကျေးမှု၊ တို့ ယဉ်ကျေးမှုကို လွှမ်းမိုးဖို့ လုပ်နေပြီ။ ဒီကောင်တွေ ကြီးစိုးသွားရင် ဒုက္ခရောက်မယ်ဆိုပြီး သွေးထိုးတော့မယ်။ ပရိပက္ခဖြစ်နေတဲ့ အချိန်တွေမှာ ဆင်ခြင်နိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ ဥပမာပေါ့ဗျာ … တစ်နေ့ ငါးကြိမ် ဝတ်ပြုရမယ်၊ အရက် မသောက်ရဘူး၊ သူများကို ဒုက္ခမပေးရဘူး၊ သူများကိုသတ်တာ၊ ပစ္စည်းခိုးခြင်းဟာ ဘယ်လို အနေအထား ဘယ်လို အခြေအနေရောက်ရောက် အပေးအယူလုပ်လို့ မရတဲ့ ကိစ္စတွေ။
ဒါပေမယ့် အပေးအယူ လုပ်လို့ရတဲ့ ကိစ္စတွေ ရှိတယ်လေ၊ ဦးထုတ်မဆောင်းဘဲ နေလို့ရတယ်လေ၊ မုတ်ဆိတ်မထားဘဲ နေလို့ရတယ်လေ။ အဲလို ခွဲခြားပြီး မြင်နိုင်လောက်အောင် ကိုယ့်လူတွေမှာလည်း အသိက မရှိဘူး၊ ဟိုဘက်မှာလည်း မရှိဘူး။ အဲဒီတော့ တဖြည်းဖြည်း အချိန်ယူပြီး လုပ်ရမှာပေါ့ဗျာ။

မေး။ ။ ဘာသာရေး မှိုင်းမတိုက်ခံရအောင် ဘယ်လိုများ အချိန်ယူပြီး လုပ်သွားမလဲ။

ဖြေ။ ။ အယူမတူဘူး။ မတူရတဲ့ အကြောင်းက ဘာ့ကြောင့်လဲ ဆိုတာကို တံတားထိုးပြီး နားလည်ပေးတာ။ တံတိုင်းတွေ မဆောက်ဘူး။ အဲဒီစိတ်ဓာတ်လေးကို ငယ်ငယ်လေးကတည်းက ရိုက်သွင်းပေးဖို့အတွက် ကျွန်တော်တို့ (ကိုဖီအာနန် အစီရင်ခံစာမှာ) အကြံပြုခဲ့တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အစ္စလာမ်ကို၊ ခရစ်ယာန်ကို အထင်လွဲနေတာတွေ အများကြီး ပပျောက်သွား မယ်။ ကျွန်တော်တို မွတ်စလင်တွေကလည်း ဗုဒ္ဓဘာသာကို အထင်လွဲနေတာတွေ အများကြီး ပပျောက်သွားမယ်။ အဲဒီ ပြည်သူ့နီတိမှာ ခွင့်လွှတ်၊ သည်းခံတဲ့ နည်းလည်မှုပေးတဲ့ ဟာလေးတွေကို ထည့်သင်ဖို့။ ကျောင်းသားတွေတင် မဟုတ်ဘူး၊ အရပ်သားတွေ၊ အစိုးရ ဝန်ထမ်းတွေ၊ ကာကွယ်ရေး ဝန်ထမ်းတွေကိုပါ အဲဒီ ကိုယ့်ဘာသာအကြောင်း ကိုယ်သိအောင် လုပ်။ ကိုယ်ကြည်ညိုလေးစားရတဲ့ သူက ကိုယ့် ကြည်ညို လေးစားမှုကို အမြတ်ထုတ်ပြီးတော့ အသုံးချသွားတာ ရှိတယ်။ အဲဒါကြောင့် ကာလာမသုတ်က ငါ့ဆရာ ပြောလည်း မယုံနဲ့၊ ငါ့ကျမ်းပါလည်း မယုံနဲ့၊ ငါပြောရင်လည်း မယုံနဲ့ ၊ ရှေးစကားလည်း မယုံနဲ့၊ ငါဘုရား ပြောရင်တောင် မယုံနဲ့။ ဟုတ်မဟုတ် ဆန်းစစ်။ ဝိဘဇ္ဇဝါဒ။ အဲဒါက အရေးအကြီးဆုံးပဲ။ ကုရ်အမ်ကလည်း အဲဒါပဲ ပြောတာ။ ။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading