မေးမြန်းခန်း

ချင်းအမျိုးသားတပ်ဦးခေါင်းဆောင်ပြောပြတဲ့ နေပြည်တော်ထိပ်သီးအစည်းအဝေးအကြောင်း

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ နေပြည်တော်တွင် အောက်တိုဘာ ၁၅နှင့်၁၆ တွင် တွေ့ဆုံခဲ့ကြသည်။

အစည်းအဝေးတွင် ခွဲမထွက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပါအဝင် အချက် ၅ ချက်ကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲရလဒ်များနှင့် ရှေ့ဆက်မည့်လုပ်ငန်းစဉ်များအတွက် ချင်းအမျိုးသားတပ်ဦး(CNF) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) တို့၏ ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်ကို မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်သည်။

မေး။ ။ ဆွေးနွေးပွဲရလဒ်က ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ။ ထိပ်သီးဆွေးနွေးပွဲရဲ့ ဒုတိယနေ့မှာကတော့ အဓိကအရေးအကြီးအဆုံး အချက်နှစ်ချက်ကို ကျွန်တော်တို့ဆွေးနွေးပါတယ်။ တစ်ခုကတော့ တိုင်းရင်းသားတွေရဲ့ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ တပ်မတော်က တင်ပြတဲ့ ခွဲမထွက်ရေးကိစ္စကို ကျွန်တော်တို့ဆွေးနွေးပါတယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ ကျွန်တော်တို့ အဖြေမရနိုင်သေးဘူး။ ဘာလို့လည်း ဆိုတော့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား ၁၀ ဖွဲ့အနေနဲ့ ဒီကိစ္စကို တိုက်ရိုက်အဖြေပေးလို့မရသေးဘူး။ ဒါက တစ်နိုင်ငံလုံးအရေးနဲ့ ပတ်သက်တယ်၊ တိုင်းရင်းသား လူမျိုးအားလုံးအရေးနဲ့ ပတ်သက်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဒီဟာကို ဖြေပေးဖို့ဆိုရင် လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေနဲ့လည်း တိုင်ပင်ဖို့လိုတယ်။ ကျွန်တော်တို့ နိုဝင်ဘာလ ဒုတိယအပတ်မှာ တိုင်းရင်း သားညီလာခံတစ်ခု ခေါ်ဖို့ရှိတယ်။ အဲဒီမှာ NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့ရော မထိုးတဲ့အဖွဲ့ရော တိုင်ပင်ပြီးတော့ ခွဲမထွက်ရေးကိစ္စအတွက် ပေါ်လစီတစ်ခုကို အတူတကွ ချမှတ် ဖို့လို တယ်။ အဲဒါပြီးမှပဲ ကျွန်တော်တို့ နိုဝင်ဘာလကုန်မှာပြန်တွေ့ဖို့ ကျွန်တော်တို့ ချိန်းထားပါတယ်။ ဖြစ်စဉ်ကြီးကတော့ မပြတ်သွားပေမဲ့ တိုင်းပြည်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ ခွဲမထွက်ရေးကိစ္စကို ကျွန်တော်တို့ နိုဝင်ဘာလအထိ စူးစိုက်မဲ့ သဘောပဲဖြစ်ပါတယ်လို့ တင်ပြချင်ပါတယ်။


ဒုတိယကတော့ တစ်ခုတည်းသောတပ်မတော်ကိစ္စက ယခင်က သဘောမတူနိုင်ပေမယ့် ဒီနေ့အချိန်မှာတော့ လွတ်လပ်၍အချုပ်အခြာအာဏာပိုင်သော တိုင်းပြည်တစ်ခုမှာ တပ်မတော်ဆိုတာ တစ်ခုတည်းရှိရမယ်ဆိုတာ ကျွန်တော်တို့ သဘောတူပါတယ်။ အဲဒီအတွက်ကြောင့် တစ်ခုတည်းသောတပ်မတော်ရဲ့ ဖွဲ့စည်းပုံပုံသဏ္ဌာန် အဲဒီအထဲမှာ ကျွန်တော်တို့အားလုံး ဘယ်လိုပါဝင်ကြ မလဲ။ ဒီတပ်မတော်ရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိမလဲဆိုတာကို ကျွန်တော်တို့ ဆက်ဆွေးနွေးဖို့ ဖြစ်ပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ အင်မတန်မှကြီးမားတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။

မေး။ ။ ခွဲမထွက်ရေးဆိုတဲ့ခေါင်းစဉ်မှာ ဘယ်လိုကိစ္စမျိုးတွေကို ဆွေးနွေးလို့မရတာလဲ။

ဖြေ။ ။ နံပါတ် ၁ က NCA စာချုပ်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံခိုင်မြဲရေးဆိုတာ ကျွန်တော်တို့ သဘောတူပြီး တော့ လက်မှတ်ထိုးပြီးသား ဖြစ်ပါတယ်။ လက်မှတ်ထိုးပြီးသားဖြစ်တဲ့အတွက် ကျွန်တော်တို့တိုင်းရင်းသားတွေ ခွဲမထွက်ပါဘူးဆိုပြီးတော့ ပြောပြီးသား ဖြစ်ပါတယ်။ အဲဒါကို ခွဲမထွက်ရ ဆိုတဲ့ ပုံစံမျိုးနဲ့ အခြေခံမူမှာထည့်မယ်ဆိုရင် ကျွန်တော်တို့ဘက်မှာ အခက်အခဲရှိတာက ကျွန်တော်တို့တိုင်းပြည်ကို ဒုက္ခအများဆုံးပေးခဲ့တာက ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကို ခွဲထွက်ခွင့်မပေးခဲ့တဲ့ သဘောဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခဲ့တဲ့အချိန်မှာ တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်ခွဲထွက်ရေးမူကြောင့် ဆိုပြီးတော့ ဖက်ဒရယ်နဲ့ ခွဲထွက်ရေးကို ပေါင်းစည်းလိုက်တယ်။ ကျွန်တော်တို့အမြင်မှာတော့ ခွဲထွက်ရေးနဲ့ ခွဲမထွက်ရေးက ဖက်ဒရယ်မူနဲ့ ဘာမှမဆိုင်ဘူး။ ဒါကြောင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ခွဲထွက်ခွင့်ကို ထည့်ခဲ့တာလည်း ကျွန်တော်တို့အတွက် အကျိုးမရှိသလို၊ အခုလည်း ခွဲမထွက်ရဆိုတာကို ပြန်ထည့်ရင် နိုင်ငံရေးအရ ရေရှည်မှာ အကျိုးမရှိနိုင်ဘူးလို့ ကျွန်တော်တို့ သုံးသပ် ပါတယ်။ ဒါကြောင့် ဒါကို မထည့်သင့်ဘူး။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မိန့်ခွန်းထဲမှာ ခွဲထွက်ချင်စိတ်မရှိတဲ့ ပြည်ထောင်စုမျိုးပေါ့ အဲဒါမျိုးကပဲ ပိုသင့်သော်မလားဆိုတဲ့အမြင် ကျွန်တော်တို့မှာ ရှိပါတယ်။ ခွဲမထွက်ချင်သော ပြည်ထောင်စုမျိုးဆိုရင် ကျွန်တော်တို့တိုင်းရင်းသားတွေ နှစ်ပေါင်း ၇၀ လက်နက်ကိုင်တော်လှန်ရေးလုပ်ပြီးတော့ တောင်းဆိုနေတဲ့ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးတွေကို အာမခံချက်ပေးတဲ့ ပြည်ထောင်စုအဖြစ်နဲ့ ထူထောင်ဖို့လိုပါတယ်။ ဒီသုံးခုဖြစ်တဲ့ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာကလည်း NCA စာချုပ်မှာ ပါပြီးသားဖြစ်တဲ့အတွက် NCA စာချုပ်အတိုင်း အကောင်အထည်ဖော်တာ ပိုကောင်းပါတယ်။ ခွဲထွက်ခြင်း၊ ခွဲမထွက်ခြင်းဆိုတာက NCA စာချုပ်မှာ မပါပါဘူး။ ဒါကြောင့် အဲဒါကို ကျွန်တော်တို့အနေနဲ့ ဒါမထည့်ဘဲနဲ့ အချင်းချင်းနားလည်မှုနဲ့ ဆောင်ရွက်ဖို့မသင့်တော်ဘူးလားဆိုပြီးတော့ ကျွန်တော်တို့ တင်ပြခြင်းဖြစ်ပါတယ်။

မေး။ ။ အစည်းအဝေးရလဒ်တွေအပေါ်ရော ကျေနပ်မှုရှိလား။

ဖြေ။ ။ ကျွန်တော် အများကြီး ကျေနပ်ပါတယ်။ အစည်းအဝေး မစခင်ကတည်းက မီဒီယာတွေမှာ ပြောခဲ့တာရှိပါတယ်။ ဒီလိုစနိုင်တာကိုကပဲ အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်တယ်လို့ ။ ဒီတစ်ပွဲတည်းနဲ့ ပြဿနာအားလုံးဖြေရှင်းနိုင်လိမ့်မယ်ဆိုတာမျိုးတော့ မမျှော်လင့်သင့်ဘူးဆိုတာ ကျွန်တော်ပြောခဲ့ပါတယ်။ အခုကလည်း ကျွန်တော်တို့က ပြဿနာအားလုံး ပြေလည်အောင် မဆောင်ရွက်နိုင်ပေမယ့် ဆက်လက်ဆောင်ရွက်နိုင်ဖို့ပေါ့။ ခုနက ပြောသလို နိုဝင်ဘာလမကုန်ခင်မှာ ကျွန်တော်တို့ ပြန်တွေ့မယ်။ ပြီးတော့ ကျွန်တော်တို့သဘောတူထား တာကလည်း ပြီးခဲ့တဲ့ ညီလာခံမှာ ကျွန်တော်တို့ကြေညာခဲ့သလို ၂၀၁၈ အတွင်းမှာ ကျွန်တော်တို့ ညီလာခံတစ်ခါ ပြန်လုပ်မယ်။ ၂၀၁၉ အတွင်းမှာ နှစ်ခါထပ်လုပ်မယ်။ အဲဒီမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံမူအားလုံးကို ရအောင်လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကိုချထားတဲ့အတွက် ဒီအစည်းအဝေးမှာလည်း ဒါကို ထပ်ပြီးတော့ ကျွန်တော်တို့ သဘောတူနိုင်ခဲ့တဲ့အတွက် ကျွန်တော့်အမြင်မှာတော့ ဒီအစည်းအဝေးက အောင်မြင်တဲ့အစည်းအဝေးဖြစ်ပါတယ်လို့ တင်ပြချင်ပါတယ်။

မေး။ ။ NCA မှာလက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုရော ဘာပြောချင်လဲ။

ဖြေ။ ။ သူတို့ အခန်းကဏ္ဍကို ကျွန်တော်တို့ကလည်း အလေးထားတယ်။ အစိုးရကလည်း ထားတယ်၊ တပ်မတော်ကလည်း ထားတယ်။ ခုနကလို အရေးကြီးတဲ့ ခွဲမထွက်ရေးလိုကိစ္စမျိုးမှာ သူတို့အမြင်နဲ့ သူတို့ရဲ့ သဘောထားကိုလည်း ကျွန်တော်တို့ ထည့်သွင်းစဉ်းစားဖို့ နှစ်ဖက်စလုံးက သဘောတူတဲ့အပေါ်မှာ သူတို့ကို ကျွန်တော်တို့ အလေးအနက်ထားတယ်ဆိုတာ တင်ပြချင်ပါတယ်။

မေး။ ။ ဖြည့်စွက်ပြောကြားချင်တာများ ရှိသေးလား။

ဖြေ။ ။ ပြီးခဲ့တဲ့ ၂၀၁၅ မှာ၊ NCA စာချုပ်ချုပ်ဆိုပြီးတဲ့နောက်ပိုင်းပေါ့။ ကျွန်တော်တို့ ညီလာခံ ၃ ခါ လုပ်ပြီးပြီ။ ပြီးတော့ UPDJC အစည်းအဝေးတွေလည်း အများကြီးလုပ်ခဲ့တယ်။ လုပ်ငန်းကော်မတီ အစည်းအဝေးတွေလည်း အများကြီးလုပ်ခဲ့တယ်။ သို့သော် ကျွန်တော်တို့က UPDJC ရဲ့လုပ်ငန်းကော်မတီအစည်းအဝေးတွေမှာ နည်းပညာအရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံမူတွေကို ဖော်ထုတ်နိုင်ပေမယ့် အခုလို ခွဲမထွက်ရတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဆိုတဲ့ကိစ္စက နိုင်ငံရေးပြဿနာဖြစ်တယ်။ နည်းပညာပြဿနာမဟုတ်ဘူး။ ဒီနိုင်ငံရေးပြဿနာကို ဒီတိုင်းပြည်တွေမှာရှိတဲ့ ထိပ်ဆုံးခေါင်းဆောင်တွေကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီးတော့ ဆွေးနွေးအဖြေရှာတာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းကို ဒီပွဲမှာ ကျွန်တော်တို့စတင်နိုင်တဲ့အတွက် ဒါအင်မတန်မှ ကောင်းတဲ့ ပထမခြေလှမ်းဖြစ်တယ်လို့ ပြောချင်တယ်။ နိုဝင်ဘာလမကုန်ခင်မှာ ကျွန်တော်တို့ ပြန်တွေ့ရင်တော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲမထွက်ရေးကိစ္စကိုလည်း ကျွန်တော်တို့ အကျေအလည် ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။

Show More

Related Articles

Back to top button