ရန်ကုန် - အမေရိကန်နိုင်ငံအခြေစိုက် အင်တာနက်လူမှုကွန်ရက် Facebook ကုမ္ပဏီ၏ ဝန်ဆောင်မှုကို အသုံးပြု၍ အချိန်ကိုက် မရိုးသားသည့် လှုပ်ရှားမှုများ ပြုလုပ်နေသော စာမျက်နှာ များသည် မြန်မာ့တပ်မတော်နှင့် ဆက်စပ်မှုရှိနေသည်ဟုဆိုကာ ၎င်းတို့ကို ထပ်မံဖယ်ရှားလိုက်ကြောင်း ကုမ္ပဏီက ယနေ့ တရားဝင် သတင်းထုတ်ပြန်လိုက်သည်။
ပိတ်ပင်ခံရသည့် စာမျက်နှာများသည် အပေါ်ယံအားဖြင့် အနုပညာဖျော်ဖြေရေး၊ အလှကုန် ပစ္စည်းများ၊ ထင်ရှားကြော်ကြားသည့် အနုပညာရှင်တို့၏ လှုပ်ရှားမှုသတင်းများသာ တင်နေသည်ဟု ထင်ရသော်လည်း ၎င်းတို့သည် မြန်မာစစ်တပ်နှင့် ဆက်စပ်နေကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပိတ်ခံရသည့် ဖေ့စ်ဘွတ် အကောင့် ၁၀ ခု၊ ဖေ့စ်ဘွတ်စာမျက်နှာ ၁၃ ခုတို့တွင် ‘ဆရာမလေးများ’၊ ‘စစ်သားဓာတ်ပုံစုဆောင်းမှု’၊ ‘မိုးနတ်မင်း’ စသည်တို့ ပါဝင်ကြောင်း တွေ့ရှိရသည်။
ပိတ်ပင်လိုက်သည့် စာမျက်နှာနှင့်အကောင့်များတွင် ဖေ့စ်ဘွတ်သုံးစွဲသူ လူပေါင်း တစ်သန်းကျော်နှင့် ဆက်စပ်ထားသည်ဟုလည်း ဆိုသည်။


ယခုကဲ့သို့ပြုလုပ်ရသည့်အကြောင်းအရင်းတစ်ရပ်တွင် အမေရိကန်နိုင်ငံ၏ ဩဇာကြီးမားသည့် နယူးယောက်တိုင်းမ် (New York Times) သတင်းစာကြီး၏ စုံစမ်းဖော်ထုတ်တွေ့ရှိမှု များမှ တစ်ဆင့် ထပ်ဆင့်လေ့လာပြီး ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်းလည်း ဖေ့စ်ဘွတ်ကုမ္ပဏီက ဆိုသည်။
အောက်တိုဘာ ၁၅ ရက်နေ့ထုတ် နယူးယောက်တိုင်းမ် သတင်းတစ်ပုဒ်အရ နေပြည်တော်တစ်ဝိုက် တောင်ကုန်းများတွင် စခန်းများတည်ဆောက်ကာ တပ်မတော်အရာရှိများသည် နေ့ဆိုင်းညဆိုင်း များဖြင့် ဖေ့စ်ဘွတ်နာမည်အမျိုးမျိုးကို သုံးပြီး နာမည်ကြီးဖေ့စ်ဘွတ်သုံးစွဲသူများ၏ ရေးသားမှုများကို အချက်အလက်စုဆောင်းခြင်း၊ တပ်မတော်ကိုဆန့်ကျင်သော ရေးသားချက်များကို တန်ပြန်ဝေဖန်ခြင်းများအား တာဝန်တစ်ခုအနေဖြင့် လုပ်ဆောင်နေရကြောင်း ရေးသားထားသည်။


၎င်းတို့သုံးစွဲသော အကောင့်နှင့်ပေ့ချ်များတွင် ‘Opposite Eyes’ နှင့် ‘လက်ဖြောင့်တပ်သားအုန်းမောင်’ စသော အကောင့်များလည်း ပါဝင်သည်ဟု ထိုသတင်းတွင် ဖော်ပြထားသည်။
“မြန်မာပြည်မှာ ဖေ့စ်ဘွတ်သုံးပြီး မှားယွင်းတဲ့အပြုအမှုတွေ၊ ရေးသားမှုတွေ၊ ဒီလိုပြုလုပ်နေသူတွေကို စုံစမ်းဖော်ထုတ်ရတာ ကုမ္ပဏီရဲ့အရေး အကြီးဆုံးအလုပ်တစ်ခုပါပဲ။
ဖေ့စ်ဘွတ်ကိုအသုံးပြုပြီး မြန်မာပြည်မှာ လူတွေကို လှည့်စားဝါဒဖြန့်တာမျိုးလုပ်ဖို့ ပိုပြီး ခက်ခဲသွားအောင် ကျွန်တော်တို့ ကြိုးစားချင်ပါတယ်။ ဒီလိုလုပ်ရပ်များတွေကိုလည်း ဆက်လက်လေ့လာ ဖော်ထုတ်ပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်သွားမှာပါ”ဟု ကုမ္ပဏီထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့လှုပ်ရှားမှုများသည် တိုင်းပြည်ကို မငြိမ်မသက်ဖြစ်စေရန် ရည်ရွယ်ပြီး တပ်မတော်သာ အကာအကွယ်မပေးပါက တစ်တိုင်းပြည်လုံး အတိဒုက္ခရောက်ကြရတော့မည်ဆိုသော မလုံခြုံသည့် စိတ်ခံစားချက်များ လူ့အဖွဲ့အစည်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေရန် ရည်ရွယ်ကြောင်း၊ ထိုအလုပ်များကို အလွန်အင်မတန် လျှို့ဝှက်စွာ လုပ်ဆောင်နေရခြင်းကြောင့် နေပြည်တော်ရှိ ထိုစခန်းများသို့ရောက်ရှိသည့် ထိပ်တန်း ခေါင်းဆောင်များမှလွဲ၍ မည်သူမဆို ၎င်းတို့သုံးစွဲသည့် ဖုံးများကို အဝင်ဝတွင် အပ်နှံရကြောင်းလည်း နယူးယောက်တိုင်းမ် သတင်းစာက ဆိုသည်။
ဖေ့စ်ဘွတ်၏ထုတ်ပြန်ချက်တွင် မပါသော်လည်း တပ်မတော်အရာရှိကြီးတစ်ဦးကမူ ရိုဟင်ဂျာဝါဒဖြန့်ချိရေးအကောင့်အချို့ကိုလည်း ဖေ့စ်ဘွတ်ကအလားတူ ဖယ်ရှားခဲ့သည်ဟု ဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အကောင့်အပိတ်ခံရသော်လည်း ရိုဟင်ဂျာဝါဒဖြန့်ချီရေးစာမျက်နှာနှင့် အကောင့်များ မပိတ်ခြင်းသည် တစ်ဖက်သတ်ဆန်သည်ဟု မြန်မာအစိုးရဘက် က Facebook ကုမ္ပဏီဘက်ကို အကြောင်းကြားခဲ့သည်ဟု မြန်မာ့တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဗိုလ်မှူးချုပ်အဆင့်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
“ဘင်္ဂါလီတွေနဲ့ ဆက်စပ်နေတဲ့ အကောင့်တွေနဲ့ ပတ်သက်လို့ပေါ့။ …Facebook က (ကာကွယ်ရေး ဦးစီးချုပ်) အကောင့်တော့ ပိတ်တယ်။ အဲ့ဒါတွေကျ မပိတ်ဘူးဆိုတာ တစ်ဖက်သတ် စည်းမျဉ်းတွေ ဖြစ်နေတယ် … အဲဒီ ဘင်္ဂါလီတွေနဲ့ ဆက်နွှယ်နေတဲ့ အကောင့်တွေကိုပါ ပိတ်ပေးပါဆိုတော့ Facebook ဘက်က အဲဒီ အကောင့်တွေကို ပေးပါလို့ ပြောတယ်။ …
ဘင်္ဂါလီတွေနဲ့ ဆက်နွှယ်နေတဲ့ အကောင့်တွေပါ ပိတ်လိုက်တဲ့ အထဲမှာပါပါတယ်။ ရိုဟင်ဂျာ Page တွေရော ပါပါတယ်”ဟု ၎င်းက ပြောသည်။
ဖေ့စ်ဘွတ်ကုမ္ပဏီသည် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စာမျက်နှာ အပါအဝင် နှင့် တပ်မတော်နှင့်ဆက်စပ်သည့် အကောင့်များကို အမုန်းစကား ဖြန့်ချီမှုကြောင့် ဟုဆိုကာ ဩဂုတ်လတွင် ၎င်းတို့ လူမှုကွန်ရက်မှ အပြီးအပိုင် ဖယ်ရှားခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










