သတင်း

စစ်ကောင်စီတပ်ကြောင့် ကနီ ဒေသခံများ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးရှိ မဲဒင်(မြောက်)ရွာတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်တပ်က အနီးဝန်းကျင်ကျေးရွာများကို ဝင်ရောက်စီးနင်းနေ၍ ကျွန်းရွာ၊ မဲဒင်ရွာမ၊ စားဖိုကြီး ကျေးရွာများမှ ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသ မော်လိုက်၊ ဖောင်းပြင်ဒေသမှ မုံရွာသို့ ပို့ဆောင်မည့် ကျောက်စိမ်းတင်ရေယာဉ်များအတွက် လုံခြုံရေးယူရန် စစ်တပ်နှင့် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီး အင်အား ၅၀ ကျော်ပါဝင်သည့်အဖွဲ့ နိုဝင်ဘာ ၁၆ ရက်မှစ၍ ထိုဒေသတို့ ရောက်လာကြောင်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကနီ-PDF) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“နောက်ပြီးတော့ ဒီရွာအနီးအနားတွေကလည်း ရေခံမြေခံကောင်းတယ်။ စီးပွားရေးအခြေအနေ တောင့်တင်းတဲ့ရွာမျိုးလည်းဖြစ်တော့ ဒီလိုနေရာများကို ခြေကုပ်ယူပြီးလှုပ်ရှားတာလည်းဖြစ်နိုင်တယ်” ဟု ၎င်းက သုံးသပ်သည်။

ကျွန်းရွာနှင့် မဲဒင်(မြောက်)ရွာတို့ကို နိုဝင်ဘာ ၁၆ တွင် ဝင်စီးစဉ် နေအိမ်အများအပြားကို မွှေနှောက်၍ အလိုရှိရာများကို ယူဆောင်သွားကြောင်း၊ ကျွဲ၊ နွား၊ ဝက် တို့ကိုပင် မချန်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အလယ်ကျွန်းဆိုတဲ့ရွာကို သွားပို့တယ်။ ပို့ပြီးတော့ ကျွန်းရွာကနေ မဲဒင်(မြောက်) ရွာကို ညနေ ၃ နာရီလောက်မှာ ဝင်တယ်။ အဲ့ဒီမှာဝင်ပြီးတော့ ပစ္စည်းတွေသယ်ပြီးတော့ အလယ်ကျွန်းကို ထပ်ပို့တယ်” ဟု ၎င်းက ဆိုသည်။

မဲဒင်ရွာကို ဝင်စီးစဉ် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးကြောင်း၊ အမျိုးသား ၃ ဦး ဖမ်းခံရကြောင်း သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ 

အထက်ပါ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ စစ်ကောင်စီထံ မေးမြန်း၍ မရသေးပေ။

ထို့အတူ ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုများ အားကောင်းရာ စစ်ကိုင်းတိုင်းအတွင်း ကနီအပါအဝင် မြို့နယ်ပေါင်း ၂၀ ကျော်ကို စစ်ကောင်စီက စက်တင်ဘာလမှစ၍ အင်တာနက်ဖြတ်တောက်ကာ တယ်လီဖုန်းဆက်သွယ်ရေးကို ကန့်သတ်ထားသဖြင့် သီးခြားဆက်သွယ်မေးမြန်းအတည်ပြုရခက်နေသည်။

စစ်ကိုင်းတိုင်းနှင့် ကပ်လျက်ရှိသည့် ကချင်နှင့် ချင်းပြည်နယ်တို့တွင်လည်း စစ်ကောင်စီတပ်ကို ခုခံမှုအားကောင်းနေရာ စစ်တပ်ကို ဒေသခံ PDF တို့က ပြောက်ကျားစနစ်ဖြင့် ခုခံစစ်ဆင်နေသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ စစ်ရေးတုံ့ပြန်မှုများလည်း နေ့စဉ်နီးပါးရှိနေသည်။

ထိုဒေသအတွင်းသို့ စစ်ကောင်စီက အင်အားအလုံးအရင်း ပို့လွှတ်နေရာတွင် စစ်ကိုင်းနှင့် ကချင်ပြည်နယ်သို့ ဖြတ်သန်းသွားသည့် ချင်းတွင်းမြစ်ကြောင်းကို ရိက္ခာ၊ လက်နက်ခဲယမ်း ယန္တရားကဲ့သို့သော ပစ္စည်းများ ထောက်ပံ့ပို့ဆောင်ရာတွင် အဓိကအားထား၍ သုံးနေသည်။

ချင်းတွင်းမြစ်ကို သုံး၍ စစ်တပ်၏ ထိုသို့လှုပ်ရှားမှုများကို ဒေသခံ ကနီ PDF ကလည်း တောက်လျှောက်စောင့်ကြည့်ကာ ကြားဖြတ်တိုက်ခိုက်လျက်ရှိသည်။

စစ်တပ်ကလည်း ကနီမြို့ဝန်းကျင်တွင် ဒေသခံများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်သည်အထိ နှိမ်နင်းနေသည်။

ချင်းပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း မြောက်ပိုင်းတို့ကို စစ်တပ်က အပြည့်အဝထိန်းချုပ်နိုင်မှု မရှိသေးကြောင်း စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၁၇ ရက်နေ့တွင် ဘီဘီစီသတင်းဌာနကို ဝန်ခံထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button