သတင်း

ရေစကြိုတွင် သေနတ်သံကြားလျှင် ဖမ်းထားသူများကို သတ်မည်ဟု စစ်တပ်က ခြိမ်းခြောက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များ၏ သေနတ်သံကြားရပါက ဖမ်းဆီးထားသည့် ဒေသခံများကို သတ်ပစ်မည်ဟု စစ်တပ်က ခြိမ်းခြောက်ထားသည်ဟု သိရသည်။

ရေစကြိုမြို့တောင်ဘက်၊ ချင်းတွင်းမြစ်အတွင်း ရေလယ်ကျွန်းပေါ်ရှိ ကျေးရွာများမှ ဒေသခံ ၁၃ ဦးကို ယမန်နေ့ (နိုဝင်ဘာ ၁၇) တွင် စစ်တပ်က ဖမ်းသွားပြီးနောက် ငါးဦးကို ည ၈ နာရီခန့်တွင် ပြန်လွှတ်ခဲ့သော်လည်း ကျန်ထိန်းသိမ်းထားသူများနှင့် ပတ်သက်၍ အထက်ပါအတိုင်း ခြိမ်းခြောက်သည်ဟု ဒေသခံများထံမှ သိရသည်။ 

ရေလယ်ကျွန်းပေါ်ရှိ ကျေးရွာ ၁၁ ရွာကျော်ကို ယမန်နေ့ နံနက်ပိုင်းမှစ၍ စစ်ကောင်စီ၏ ပခုက္ကူအခြေစိုက် အမှတ် ၁၀၁ ခြေလျင်တပ်ရင်းက အင်အား ၁၂၀ ခန့်ဖြင့် PDF ရှာဖွေရေးဟုဆိုကာ ဝင်ရောက်စီးနင်းပြီး နန်ဦးရွာသား ၃ ဦး၊ ဝါးပိုးရွာသား ၂ ဦးနှင့် လှေကုတ်ရွာသား ၈ ဦးတို့ကို ဖမ်းခဲ့သည်။

ထိုနေ့ ညဘက်တွင် လှေကုတ်ရွာမှ အမျိုးသမီး၂ ဦးနှင့် အသက် ၄၀ ဝန်းကျင် အမျိုးသား ၃ ဦးတို့ကို ပြန်လွှတ်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသား အမျိုးသားငယ်အပါအဝင် ၈ ဦးကို ဆက်လက်ဖမ်းဆီးထားသည်။ 

“ရွာနားမှာ သေနတ်ဖောက်သံကြားရင် ဖမ်းထားတဲ့သူတွေကို ညတွင်းချင်းသတ်ပစ်မယ်လို့ ပြောပြီး ပြန်လွှတ်လိုက်တာ။ ပြန်လွတ်လာတဲ့အကြောင်းနဲ့ ကျွန်တော်တို့ကို အဖမ်းမခံရအောင် ပြေးဖို့ပဲပြောတယ်။ ကျွန်တော်တို့လည်း အများကြီးမမေးလိုက်နိုင်ဘူး” ဟု လှေကုတ်ရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

အထက်ပါ ဒေသခံ၏ အဆိုအရ စစ်တပ်က ကျေးရွာများသို့ ဝင်ရောက်စီးနင်းရာတွင် ဖမ်းထားသူများကို ရှေ့ဆုံးမှ သွားစေ၍ လူသားဒိုင်းသဖွယ် အသုံးပြုခဲ့ကြောင်း သိရသည်။

“ရိုက်နှက်ပြီးတော့ စစ်နေတယ်။ ဒီနေ့လည်း ကြိုးတုပ်ပြီး ဓားစာခံအဖြစ်နဲ့ မြောက်ဘက် မီးစက်ကုန်းရွာဘက်ကို သွားနေတယ်။ လက်ပြန်ကြိုးတုပ်ထားတယ်။ စစ်ကြောင်းရှေ့မှာ ဒိုင်းကာလုပ်ထားတာ”ဟု ၎င်းက ပြောသည်။

Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခဲ့သည့် အထက်ပါ ဒေသခံနှင့် အခြားတစ်ဦး၏ အဆိုအရ စစ်ကောင်စီတပ်သည် ယမန်နေ့တွင် လှေကုတ်၊ မင်းရွာ၊ ရေးယှား၊ နွယ်နီ၊ ဆင်တဲ၊ ပေါက်တော၊ ကျွန်းညို၊ နေရင်း၊ ငသရော၊ ထန်းတော၊ နန်းဦး၊ ခြံယား၊ ယနေ့ (နိုဝင်ဘာ ၁၈)တွင် မြေစက်ကုန်း၊ မီးစက်ကုန်း၊ နန်းဦးနှင့် ငသရောရွာများကို စီးနင်းသည်ဟု သိရသည်။

“ဒီနေ့ (နိုဝင်ဘာ ၁၈) မနက်ကျတော့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး မွှေနေတာ။ ငသရောမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေရဲ့ အိမ်တွေဖျက်ဆီးနေပါပြီ။ ထုနှက်၊ ရိုက်နှက်နေတာ။ လှေကုတ်မှာလည်း ဖျက်ဆီးတာတော့ ရှိတယ်။ အခုချိန်ထိ ရွာကို ကပ်လို့မရတော့ အတည်ပြုလို့မရသေးဘူး။ ငသရောနဲ့ မြေစက်ကုန်းမှာလည်း ဖျက်ဆီးနေတယ်။ သူတို့က ရွာတွေဝင်ရင် သေနတ်ဖောက်ပြီး ဝင်လာတာ”ဟု ငသရောရွာခံတစ်ဦးက ပြောသည်။

စီးနင်းခံရသည့် ရွာများအပါအဝင် ရေလယ်ကျွန်းပေါ်ရှိ ရွာပေါင်း ၂၀ မှ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရသည် ဟု ၎င်းက ပြောသည်။

သို့သော် ဖမ်းထားသူများကို စစ်တပ်က မည်သည့်နေရာတွင် ထားရှိသည်၊ မည်သို့အခြေအနေရှိသည်ကို မသိရသေးသလို စစ်တပ်၏ လက်ချက်ကြောင့် ပျက်စီးဆုံးရှုံးရသည့် အခြေအနေအသေးစိတ်ကိုလည်း အတည်မပြုနိုင်သေးပေ။ 

ထို့အတူ ပြန်လည်လွတ်မြောက်လာသူများနှင့် စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

စစ်တပ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေပြီး ဒေသခံတို့ ဘေးကင်းရေးကို ဦးစားပေးထားသည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button