သတင်း

အမရပူရမြို့နယ်မှ ၁၃ နှစ်သား ဓားစာခံအဖြစ် ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရေကြည်ပေါက်ကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဌေးအောင်ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၁၄ တွင် သွားရောက်ဖမ်းဆီးရာ မတွေ့ရသည့်အတွက် ၎င်း၏ အသက် ၁၃ နှစ်အရွယ် သားဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးသွားသည်။ 

စစ်သားများက သူ၏ ဇနီးသည်ကို ဖမ်းခေါ်မသွားသော်လည်း နှိပ်စက်ခဲ့ကြသည်ဟု ထိုရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“မိန်းမကို ရိုက်သွားတာဆို သွေးတွေကိုထွက်၊ ကွဲပြဲနေတာ။ သားဖြစ်တဲ့ကလေးကို ဖမ်းသွားတာလည်း အခုထိ လွတ်မလာဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ဆက်ပြောသည်။

“မိသားစုဝင်တွေက စကစအုပ်ချုပ်ရေးမှူးဆီ သွားပြီး မေးကြမြန်းကြတော့ ကလေးလွတ်စေချင်ရင် လူကြီးနဲ့ လာလဲမှရမယ်ဆိုပြီး ပြောလွှတ်လိုက်တယ်”

ဖမ်းဆီးခံရသည့် ၇ တန်း ကျောင်းသားကို မြစ်ငယ်ရဲစခန်းတွင် ယနေ့ (နိုဝင်ဘာ ၁၇) အထိ ချုပ်နှောင်ထားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လံရှာဖွေနေသည့် ၅၅ နှစ်အရွယ် ဦးဌေးအောင်မှာ ရွာတွင် မရှိကြောင်း ရွာသားနောက်တစ်ဦးက ပြောသည်။

“ဒီလူကြီးက ပါတီထဲမှာ ခေါင်းဆောင်ပိုင်းကလည်းမဟုတ်ဘူး။ သာမန်ပါတီဝင်တစ်ယောက်ပဲ၊ ဘာလို့ အခုလို လာရှာသလဲ မသိရဘူး။ ကျွန်တော်တို့ထင်တာတော့ ဒလန်တစ်ယောက်ယောက်က ချောက်တွန်းလိုက်သလားလို့ ထင်ကြတာပဲ”ဟု ၎င်းက ဆိုသည်။

ရေကြည်ပေါက်ကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက CDM ကျောင်းဆရာမများကို အလုပ်ပြန်ဝင်ရန် အသက်အန္တရာယ်ခြိမ်းခြောက်သည့် စာရွက်များကို စစ်တပ်က အုပ်ချုပ်ရေးမှူးရုံးတွင် လာကပ်ခဲ့ရာ၊ ယင်းစာရွက် ဆုတ်ဖြဲခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး ရွာသားများကို စစ်တပ်က ရိုက်နှက်ခဲ့သေးသည်။

အလားတူ နိုဝင်ဘာ ၁၀ ကလည်း ​​အမရပူရမြို့နယ်၊ လိပ်ဆံခွံကျေးရွာတွင် အုပ်ချုပ်ရေးမှူးရုံး၌ ကပ်ထားသည့် CDM ဆရာ၊ ဆရာမများ လုပ်ငန်းခွင်ပြန်မဝင်ပါက ပစ်သတ်မည်ဟူသော သတိပေးစာ ဆွဲဖြဲခံရသောကြောင့် စစ်သားများ ရောက်လာကာ ဒေသခံများကို ရိုက်နှက်ခဲ့သည်။ 

အမျိုးသမီးကို ရိုက်နှက်မှု၊ ကလေးကို ဓားစာခံအဖြစ် ဖမ်းဆီးထားမှုတို့နှင့် ပတ်သက်ပြီး မန္တလေးတိုင်းရဲတပ်ဖွဲ့ထံ ယနေ့ နံနက်ပိုင်းက မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းပြန်ဖြေကြားခြင်း မရှိပေ။

အာဏာသိမ်းထားသည့်စစ်တပ်သည် NLD ပါတီဝင်များကို ပစ်မှတ်ထားဖမ်းဆီးနေပြီး ၎င်းတို့အလိုရှိသူကို ရှာမတွေ့ပါက မိသားစုဝင်များကို ကလေးပါမချန် ဓားစာခံအဖြစ် ဖမ်းဆီးနေသည့်ပြင် ဓားစာခံများကို သေဆုံးသည်အထိ နှိပ်စက်မှုများ ရှိခဲ့သည်။

နိုဝင်ဘာ ၁၂ ညက မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဖမ်းဝရမ်းထုတ်ခံထားရသူ လူငယ်တစ်ဦးကို ဖမ်းမမိသဖြင့် ဦးလေးဖြစ်သူမှာ ဓားစာခံအဖြစ် ဖမ်းခံရပြီး ၂၄ နာရီမပြည့်မီ အလောင်းလာထုတ်ရန် မိသားစုထံ အကြောင်းကြားခံရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button