သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏ ခြေလှမ်းနှင့် ပန်းတိုင် ထုတ်ပြန်

အာဏာရှင်စနစ်ကို အမြစ်ဖြုတ်၍ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရန် တပ်ပေါင်းစုသဏ္ဌာန်၊ စုပေါင်းခေါင်းဆောင်မှုဖြင့် သွားမည်ဖြစ်ပြီး နိုင်ငံရေး၊ မူဝါဒ ဘုံသဘောတူညီချက်များ၊ မဟာဗျူဟာများချရာတွင် အမြင့်ဆုံးအစုအဖွဲ့အဖြစ် ရပ်တည်မည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ကြေညာသည်။

စစ်တပ်၏ နိုင်ငံရေးဗိုလ်ကျစိုးမိုးမှုဓလေ့နှင့် ယင်းကို အသက်သွင်းထားသည့် ၂၀၀၈ အခြေခံဥပဒေအောက်သို့ မည်သည့်အကြောင်းနှင့်မျှ ပြန်လှည့်မည်မဟုတ်ဟု အွန်လိုင်းမှတစ်ဆင့် ပထမဆုံးအကြိမ်ပြုလုပ်သည့် နိုဝင်ဘာ ၁၆ သတင်းစာရှင်းလင်းပွဲတွင် NUCC က အာမခံခဲ့သည်။

“တစ်ဦးတစ်ဖွဲ့ ဆန္ဒနဲ့ မဟုတ်ပါဘူး။ အများစု မျှဝေတဲ့ လမ်းကြောင်းနဲ့ သွားပါတယ်။ စုပေါင်းဦးဆောင်၊ စုပေါင်းတာဝန်ခံမယ်”ဟု ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောသည်။

မတ် ၈ တွင် ထူထောင်သည့် NUCC တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAO)၊ နိုင်ငံရေးပါတီ၊ ပြည်နယ်/လူမျိုးစုကို အခြေခံ၍ ဖေဖော်ဝါရီ ၁ နောက်ပိုင်း ဖွဲ့ထားသည့် အတိုင်ပင်ခံကောင်စီများ ပါဝင်သည်။

ထို့အတူ အာဏာသိမ်းမှုဆန့်ကျင်ရေး အင်အားစုများဖြစ်သည့် သပိတ်ကော်မတီ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ စသဖြင့် စုစုပေါင်း ၂၈ ဖွဲ့ ပါဝင်ပြီးဖြစ်ကြောင်း NUCC တာဝန်ရှိသူတို့က ပြောသည်။

ပါတီနှင့် EAO ပါဝင်မှု

အဖွဲ့အစည်းတို့၏ အမည်နာမအသေးစိတ်ကို NUCC တာဝန်ရှိသူတို့က ထုတ်မပြောပေ။ EAO ၈ ဖွဲ့၊ ပါတီအချို့၊ ပြည်နယ်အတိုင်ပင်ခံကောင်စီတို့တွင် နိုင်ငံအနှံ့တပြန့်တကျဲရှိနေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) အချို့ ပါသည်ဟုသာ အကြမ်းဖျင်းသိရသည်။

သတင်းစာရှင်းလင်းပွဲတွင် စစ်တပ်နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးထားသည့် EAO ၁၀ ဖွဲ့အနက် ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်မှ ပဒိုစောတောနီး၊ ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာ လျန်မှုန်း ဆာခေါင်းတို့ကို တွေ့ရသည်။

NUG ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးလည်းဖြစ်သည့် ဒေါက်တာ လျန်မှုန်း ဆာခေါင်းက NUCC တွင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကို ကိုယ်စားပြုသည်။

ထို့ပြင် NCA လက်မှတ်ထိုးထားသည့် မွန်ပြည်သစ်ပါတီ(NMSP) အခြေစိုက်ရာ မွန်ပြည်နယ်၊ NCA မထိုးရသေးသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် တည်ရှိသည့် ကချင်ပြည်နယ်၊ ကရင်နီဒေသ၊ တအာင်း (ပလောင်) ဒေသများတွင်လည်း အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းပြီးဖြစ်ကြောင်း ၎င်းကပင် ပြောသည်။

ထိုဒေသများတွင် အခြေစိုက်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ NUCC ၌ သီးခြားပါဝင်ခြင်းရှိမရှိကိုမူ အတည်မပြုနိုင်သေးပေ။

NUCC တွင် ပါဝင်သည့် ပြည်နယ်နှင့် ဒေသအများစုတွင် ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်မှုနှင့် ခုခံတိုက်ခိုက်သည့် လှုပ်ရှားမှုများ အားကောင်းသည်ကို တွေ့ရသည်။

ချင်းပြည်နယ်၊ ဒေသကာကွယ်ရေးအဖွဲ့ စစ်သင်တန်းဆင်းပွဲတစ်ခု။ (ဓာတ်ပုံ – ပေးပို့)

စစ်တပ်နှင့် NCA ထိုးထားသည့် EAO ၁၀ ဖွဲ့ စုဖွဲ့ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ခွန်မြင့်ထွန်းကလည်း NUCC က ထုတ်ပြန်ရန်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စိတ်ဝင်စားကြောင်း Myanmar Now ကို ပြောသည်။

ပဋိညာဉ်အတွက် ဆွေးနွေးရာတွင် PPST ကိုယ်စားလှယ်အဖြစ် ကနဦးတွင် ပါဝင်ဖူးသော်လည်း လက်ရှိတွင် ယာယီရပ်ဆိုင်းထားကြောင်း၊ PPST တွင် KNU, CNF ကဲ့သို့ သီးခြားဆွေးနွေးသည့် အဖွဲ့များရှိကြောင်း ၎င်းက ပြောသည်။ အဖွဲ့လိုက်ပါဝင်မှု ရပ်ဆိုင်းသည့် အကြောင်းအရာအသေးစိတ်ကိုမူ မသိရပါ။

သို့သော် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ခွန်မြင့်ထွန်းက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးကိစ္စမှာ နှစ်ကာလရှည် တိုက်ပွဲဝင်တောင်းဆိုနေသည့် EAO အဖွဲ့များ၏ ရည်မှန်းချက်ဖြစ်၍ NUCC ၏ ခြေလှမ်းကို ကြိုဆိုပါကြောင်း ပြောသည်။

“စစ်ကောင်စီ နောက်လိုက်ဖို့၊ NUCC နောက်လိုက်ဖို့ ဘယ်သူ့ဘက်ကို ရပ်ပေးဖို့ဆိုတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ မူ(တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်) အပေါ်မှာ ရပ်တည်ဆောင်ရွက်မှာဖြစ်တယ်”ဟု ၎င်းက ပြောသည်။ NUCC တွင် PNLO က ပူးပေါင်းပါဝင်ရန် ရှိမရှိကိုမူ ခွန်မြင့်ထွန်းက အတည်မပြုပေ။

ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုချက်များအရ ရှမ်းနှင့် ရခိုင် ကဲ့သို့ နိုင်ငံရေးနှင့် တော်လှန်ရေး အစဉ်အလာရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပါတီများ NUCC တွင် ပါဝင်ခြင်း မရှိသေးကြောင်း ခန့်မှန်းရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် အင်အားအကြီးဆုံး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် အခြားလက်နက်ကိုင်အဖွဲ့အများအပြား ရှမ်းပြည်နယ်တွင် ရှိသလို ရခိုင်ပြည်နယ်၌ လွန်ခဲ့သည့် ငါးနှစ်အတွင်း စစ်တပ်ကို စစ်ရေးအရ အကျပ်အတည်းတွေ့စေခဲ့သည့် ရက္ခိုင့်တပ်တော် (AA) ရှိသည်။

ထို့အတူ ၁၉၉၀ မှစ၍ ရွေးကောက်ပွဲဝင်ပြိုင်တိုင်း ဒေသတွင်း၌ အပြတ်အသတ်အနိုင်ရလေ့ရှိသည့် ဒေသအခြေစိုက် ပါတီကြီးများ ရှမ်းနှင့် ရခိုင်ပြည်နယ်တွင် ရှိသည်။ NUCC ၏ ခြေလှမ်းအပေါ် သဘောထား၊ ပူးပေါင်းပါဝင်ရန် ရှိမရှိ ရှမ်းနှင့် ရခိုင်ရှိ လက်နက်ကိုင်အဖွဲ့နှင့် ပါတီအချို့ထံ ဆက်သွယ်မေးမြန်းသော်လည်း မရသေးပါ။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကမူ သီးခြားမှတ်ချက်ပြုစရာမရှိဟု ပြောသည်။ သို့သော် “လမ်းချင်းတူလျှင် မဆုံစရာ အကြောင်းမရှိ”ဟု ၎င်းက ဆိုသည်။

NUCC ၏ သတင်းစာရှင်းလင်းပွဲတွင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ကိုယ်စားပြု၍ တက်ရောက်လာသည့် ဦးအောင်ဆန်းမြင့်က အားလုံး မပါဝင်နိုင်သေးသည့် အကြောင်းတရားများစွာရှိကြောင်း ပြောသည်။ အသေးစိတ်ကိုမူ ရှင်းမပြပါ။

“အဖွဲ့အစည်းအသီးသီးရဲ့ နယ်မြေ ပထဝီဝင်အနေအထား၊ ပကတိအခြေအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးဦးတည်ချက်၊ ရည်ရွယ်ချက်တွေပေါ်မှာ မူတည်ပါတယ်”ဟု ၎င်းက ပြောသည်။

သို့သော် NUCC တွင် မပါဝင်သေးသည့် အစုအဖွဲ့များကို “စစ်ရေး၊ နိုင်ငံရေးအရ အာဏာသိမ်းစစ်တပ်ကို ဖိအားပေးဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်”ဟု ဦးအောင်ဆန်းမြင့်က တိုက်တွန်းသည်။

ရန်ကုန်မြို့၌ ဖေဖော်ဝါရီလအတွင်း ပြုလုပ်သည့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု။ (ဓာတ်ပုံ – Myanmar Now)

NUCC ၏ ပန်းတိုင်

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီမှ ဦးမိုးသူကမူ ဒီဇင်ဘာလ ပထမအကြိမ် ပြည်သူ့ညီလာခံမတိုင်မီ NUCC က ကော်မတီများဖွဲ့၍ မပါဝင်သေးသည့် အဖွဲ့များနှင့် ဆွေးနွေးမှုများပြုလုပ်ရန် ရှိကြောင်း ပြောသည်။

ထိုညီလာခံက အတည်ပြုမည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၌ ပြင်ဆင်ရန် နည်းလမ်းပါဝင်မည်ဖြစ်ကြောင်း၊ နောင်မှ ပါဝင်သူများ ပြင်လိုလျှင် ခြောက်လတစ်ကြိမ် ကျင်းပမည့် ပြည်သူ့ညီလာခံများ၌ အတည်ပြုနိုင်ရေး လမ်းဖွင့်ထားကြောင်း NUCC က အသိပေးသည်။

“(NUCC) က ချမှတ်တဲ့ ရှေ့လုပ်ငန်းစဉ်နဲ့ အလုပ်တွေဟာ ပင်မရေစီးဖြစ်ရမယ်။ အဲဒီလိုဖြစ်အောင် ကျွန်တော်တို့ ကြိုးစားနေတာ၊ အဲဒီပင်မရေစီးထဲမှာ အချိန်မရွေးပေါင်းစုံနိုင်ဖို့ ကျွန်တော်တို့ ရင်ခွင်ကျယ်ကျယ် ဖွင့်ထားရမယ်”ဟု ဦးမင်းကိုနိုင်က ပြောသည်။

“ဘာကြောင့်လဲဆိုတော့ ဒီကနေ့ အလိုအပ်ဆုံးအရာဟာ အကျယ်ပြန့်ဆုံး၊ တပ်ပေါင်းစုအင်အားနဲ့ တိုက်မှ အမြန်ဆုံးနိုင်မှာ၊ အောင်ပွဲအပြီးသတ်နိုင်မှာ။ ဒီလိုယုံကြည်ထားပါတယ်။ လေ့လာပြီးတော့ အချိန်မရွေး ပူးပေါင်းနိုင်ဖို့ ကျွန်တော်တို့ဘက်က ကြိုဆိုလျက်ရှိပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဒီဇင်ဘာ၌ ပထမဆုံးအကြိမ် ကျင်းပမည့် ပြည်သူ့ညီလာခံတွင် အဖွဲ့ဝင်သစ် တိုးချဲ့ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် ထိုကာလအတွင်း တာဝန်ယူမည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တည်ရှိမှုတို့ကို အတည်ပြုရန် NUCC က စီစဉ်ထားသည်။

CRPH က မတ် ၃၁ တွင် ကြေညာထားခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အပေါ် အခြေခံကာ NUCC က ပိုမိုကျယ်ပြန့်သော အစုအဖွဲ့ ပူးပေါင်းပါဝင်ဆွေးနွေးမှုဖြင့် ပြန်လည်သုံးသပ် ပြင်ဆင်နေပြီး ညီလာခံသို့ တင်သွင်းရန် ပြီးသလောက်ရှိပြီဟု ဦးမိုးသူက ပြောသည်။

ပဋိညာဉ်တွင် အစိတ်အပိုင်း ၁ (ဦးတည်ချက်၊ ရည်ရွယ်ချက်နှင့် အခြေခံမည့်မူများ)၊ အစိတ်အပိုင်း ၂ (ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ) တို့ ပါဝင်ကာ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ သယံဇာတခွဲဝေမှု၊ စစ်တပ်ကို အရပ်သားအုပ်ချုပ်မှုအောက်တွင် ထားရန် စသည့် ဖက်ဒရယ်သို့ ဦးတည်သော အချက်များပါဝင်မည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက် တရားဝင်မှု ပျောက်ဆုံးသွားသည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းတစ်ခုကို နေပြည်တော်တွင် ၂၀၁၈ခုနှစ်က ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ လက်မှတ်ထိုးနေစဉ်။

ထိုသို့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် အချိန်ကာလ သုံးခုပိုင်းခြား၍ စီမံခန့်ခွဲရန် NUCC က ပြင်ဆင်ထားပြီး တော်လှန်ရေးဆင်နွှဲနေသည့် ယခုကဲ့သို့သော အချိန်ကို ကြားကာလအဖြစ် သတ်မှတ်သည်။

တော်လှန်ရေးကာလအတွင်း ပထမအကြိမ်ပြည်သူ့ညီလာခံက အတည်ပြုမည့် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံများအတိုင်း NUG က အုပ်ချုပ်ရေး၊ CRPH က ဥပဒေပြုရေး၊ တရားစီရင်ရေးတို့ကို ဆောင်ရွက်မည်ဟု ဦးမိုးသူက ပြောသည်။

တော်လှန်ရေးပြီးဆုံးသွားလျှင် ဒုတိယအဆင့်ကို အသွင်ကူးပြောင်းရေး၊ နောက်ဆုံးအဆင့်ကို ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးဟု NUCC က သတ်မှတ်သည်။

ထိုကာလများအတွင်း ပေါ်ပေါက်လာသည့် ကိစ္စရပ်အလိုက် အစုအဖွဲ့များအကြား ဘုံသဘောတူညီချက်ရှာရန်၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်ရာတွင် NUCC က ဦးဆောင်မည်ဖြစ်သည်။

ဒုတိယအဆင့်တွင် ပြည်သူ့ညီလာခံဖြင့် အခြေခံဥပဒေသစ် ရေးဆွဲနိုင်မည့် လမ်းညွှန်ချက်များ ချမှတ်မည်၊ NUCC, NUG တို့ကို ဖျက်သိမ်းမည်ဟု KNU မှ ပဒိုစောတောနီးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

နောက်ဆုံးအဆင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကာလအတွင်း တိုင်းပြုပြည်ပြုညီလာခံ ခေါ်ယူ၍ အခြေခံဥပဒေသစ်ကို ရေးဆွဲ၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုမည်၊ ထို့နောက် ရွေးကောက်ပွဲကျင်းပကာ ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့်အညီ တိုင်းပြည်ကို ရှေ့ဆက်သွားမည်ဟု ပဒိုစောတောနီးက ပြောသည်။

အဆုံးသတ်မည့် အချိန်ကာလ

Myanmar Now က သီးသန့်ဆက်သွယ်မေးမြန်းရာတွင် ပဒိုစောတောနီးက အောင်မြင်မှု လွယ်လွယ်ကူကူဖြင့် ရမည်မဟုတ်ဘဲ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် နားလည်မှုရှိရှိ ဆွေးနွေးမှုများကို ဆက်လက်ထိန်းသိမ်းကြရန်လိုသည်ဟု မှတ်ချက်ပြုသည်။

NUCC ၏ ပထမအကြိမ်သတင်းစာရှင်းလင်းပွဲသည်ပင်လျှင် တစ်လကျော် နောက်ဆုတ်ကျင်းပခဲ့ရပြီး ယင်းကို ကြည့်လျှင် လတ်တလောပါဝင်နေသည့် အစုအဖွဲ့များအကြား ဘုံသဘောတူညီချက်ရရန် မည်မျှခက်ခဲသည်ကို တွေ့နိုင်သည်။

အောက်တိုဘာ ၅ ရက်က လျာထားသည့် ရှင်းလင်းပွဲအစီအစဉ်ကို ရွှေ့ဆိုင်းရခြင်းမှာ စကားလုံးနှင့် အနက်အဓိပ္ပာယ်ဖွင့်သည့် ကိစ္စများ၌ အကျေအလည်ညှိနှိုင်းနေရ၍ ဖြစ်သည်ဟု ဦးမင်းကိုနိုင်က ပြောသည်။ အသေးစိတ်မသိရပေ။

ထိုစဉ်က အဓိက မကျေမလည်ဖြစ်ခဲ့သည်မှာ KNU ဘက်မှ ဖြစ်သည်ဟု သတင်းထွက်ခဲ့သော်လည်း ပဒိုစောတောနီးကမူ နိုဝင်ဘာ ၁၆ သတင်းစာရှင်းလင်းပွဲတွင် ညှိနှိုင်းမှုနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

Myanmar Now က သီးသန့်မေးရာတွင်မူ “တစ်ယောက်ကိုတစ်ယောက် စာနာနားလည်မှုရှိရှိနဲ့ ဆွေးနွေးနိုင်ပါတယ်။ စိုးရိမ်မှုတွေတော့ ရှိကြတာပေါ့။ ဒါပေမဲ့ အပြန်အလှန်လေးစားမှုနဲ့ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ စုပေါင်းခေါင်းဆောင်မှုဖြင့် စစ်အာဏာရှင်စနစ်နှင့် မည်သည့်အာဏာရှင်စနစ်ကိုမဆို အပြီးတိုင်ချုပ်ငြိမ်းစေရမည်ဟု ကြုံးဝါးသည့် NUCC က မည်သည့်အချိန်ကာလတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးခရီးစဉ် အပြီးသတ်နိုင်မည်ကိုမူ မခန့်မှန်းနိုင်သေးကြောင်း ပြောသည်။

ပြည်တွင်းနိုင်ငံရေး၊ နိုင်ငံတကာမျက်နှာစာ၊ အစုအဖွဲ့အများအပြား ချိတ်ဆက်ပါဝင်မှု၊ အာဏာသိမ်းမှုကို ဆန့်ကျင်သူတို့ဘက်မှ ကာကွယ်ရေးဆိုင်ရာ စွမ်းဆောင်ရည်၊ ဘဏ္ဍာရေး စသည့် အခြေခံအကြောင်းတရားမျိုးစုံပေါ် မူတည်နေကြောင်း၊ ဘက်ပေါင်းစုံ အချိန်ကိုက်ဖြစ်စေရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောသည်။

ရန်ကုန်မြို့၊ လမ်းမတော်မြို့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားမှုကို နိုဝင်ဘာ ၁၀ ၌ တွေ့မြင်ရပြီး ထိုနေ့က အနည်းဆုံး ပေါက်ကွဲမှု ၅ မှု ဖြစ်ပွားခဲ့သည်။ (ဓာတ်ပုံ-EPA) 

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ဧပြီလတွင် NUCC က ဖွဲ့စည်းပေးထားသည့် NUG အစိုးရ နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံအတွက် ကိုယ်စားပြုခွင့်နှင့် အကူအညီများရရန်၊ စစ်ကောင်စီထံ ဘဏ္ဍာငွေစီးဝင်နေမှုကို ရပ်တန့်နိုင်ရန် ကြိုးပမ်းနေသည်။

ထို့အတူ ငြိမ်းချမ်းစွာဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ဒေသအသီးသီးတွင် ခုခံနေသော အဖွဲ့များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တစ်ခုအဖြစ် စုစည်း၍ EAO အချို့ ပူးပေါင်းပါဝင်မှုဖြင့် စစ်ကောင်စီကို ရင်ဆိုင်မည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားသည်။

လက်တွေ့တွင်လည်း ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများ၌ပင် စစ်ကောင်စီကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ နေ့စဉ်ဖြစ်ပေါ်နေသည်။

“လတွေနဲ့ ချီပြီး ကြာနေတာမျိုး မဖြစ်အောင် ကျွန်တော်တို့ ကြိုးစားကြပါမယ်”ဟု ဦးမင်းကိုနိုင်က ပြောသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button