သတင်း

နိုင်ငံ့ခေါင်းဆောင်များကို မဲမသမာမှုဖြင့် စစ်ကောင်စီ တရားထပ်စွဲ

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုစွဲချက်ဖြင့် အမှုဖွင့်တိုင်ကြားသည်ဟု ဆိုသော်လည်း ၎င်းထံ တရားဝင်အကြောင်းကြားလာခြင်း မရှိသေးကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်ဟု တရားရုံးသတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများ ကျူးလွန်သည်ဟု ဆိုကာ ၎င်းနှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် စုစုပေါင်း ၁၆ ဦးကို တရားစွဲဆိုထားကြောင်း ယမန်နေ့ (နိုဝင်ဘာ ၁၆ ရက်) ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာကို ကိုးကား၍ အသိပေးချိန်၌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ 

ဖမ်းဆီးခံထားရသည့် ရွေးကောက်ခံနိုင်ငံ့ခေါင်းဆောင်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိရေးအတွက် ဩဇာသုံးစေခိုင်းသည်၊ တပ်မဲရုံများကိစ္စနှင့် ကြိုတင်မဲကိစ္စတွင် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ ဆောင်ရွက်နေမှုများကို ဟန့်တားသည်၊ တာဝန်ရှိသူများ နစ်နာစေရန် ခြိမ်းခြောက်ခြင်းအပါအဝင် မဲပေးပိုင်ခွင့်မရှိသူကို မဲစာရင်းထည့်သွင်းပေးရန် ဖိအားပေးခဲ့သည်ဟု စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြ စွပ်စွဲထားသော်လည်း ခိုင်လုံသည့်အချက်အလက်များကို ဖော်ပြထားခြင်း မရှိပေ။

မဲစာရင်းမှားယွင်းမှုကြောင့် ဟူသော အကြောင်းပြချက်ဖြင့် အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်များသည် ၎င်းတို့ ဖမ်းထားသော နိုင်ငံ့ခေါင်းဆောင်များကို ပုဒ်မအမျိုးမျိုးတပ်၍ တရားစွဲဆိုထားပြီးနောက် ၎င်းတို့၏ အကြောင်းပြချက်ကို ခိုင်မာလာစေရန် မဲမသမာမှုတို့ဖြင့် ထပ်မံတရားစွဲဆိုနေခြင်းဖြစ်သည်ဟု စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် အမျိုးသမီးသပိတ်တက်ကြွလှုပ်ရှားသူ မချောစုစံက သုံးသပ်သည်။

“မသမာမှုလို့ ခေါင်းစဉ်တပ်ပြီး မသမာတဲ့နည်းလမ်းနဲ့ အာဏာသိမ်းလိုက်တယ်။ တစ်ဖက်မှာ ပြည်သူတွေဆိုတာက မဲမသမာမှုနဲ့ လုံးဝမသက်ဆိုင်ဘူး။ သူတို့အနေနဲ့ အာဏာသိမ်းမှုကို အလိုမရှိကြောင်းဘဲ ထုတ်ဖော်ဆန္ဒပြတယ်။ မသမာမှုနဲ့ မသက်ဆိုင်တဲ့ ပြည်သူတွေအပေါ်မှာလည်း ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေတယ်” ဟု မချောစုစံက ပြောသည်။

“ဒီအကြောင်းအရာကို ခြုံငုံလိုက်မယ်ဆိုရင် မဲမသမာမှုကြောင့် အာဏာသိမ်းရပါတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုက်ညီမှုမရှိဘဲ သူတို့သည် အာဏာမက်မောလို့၊ အာဏာကို လိုချင်လို့ ပြည်သူမျက်နှာကို မကြည့်ဘဲ လုပ်နေကြတာ”

ပုဒ်မ ၁၁ခုဖြင့် တရားစွဲခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကြီးလေးသောပုဒ်မများဖြင့် တရားစွဲခံထားရသည့် သမ္မတ ဦးဝင်းမြင့်နှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ကို မဲမသမာမှု၊ တရားမဲ့ပြုကျင်မှုများကို ကျူးလွန်ခဲ့သည်ဟု ဆိုကာ ပုဒ်မထပ်တပ်ထားခြင်း ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီး ဦးမင်းသူ၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များဖြစ်သော ဦးမြင့်နိုင်၊ ဦးသန်းဌေးတို့လည်း ထည့်သွင်း တရားစွဲဆိုခံထားရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးကောက်ခံခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းလိုက်ပြီးနောက် အိမ်စောင့်အစိုးရဖွဲ့စည်းကာ ဝန်ကြီးချုပ်အဖြစ် သူ့ကိုယ်သူ ပြန်လည်ခန့်အပ်ထားသည်။

NLD အပြတ်အသတ်အနိုင်ရခဲ့သော ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဇူလိုင် ၂၆ တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းသည်ဟု ကြေညာထားသည်။

ထို့ပြင် မဲများသူ အနိုင်ရ အကုန်ယူ ရွေးကောက်ပွဲစနစ် (FPTP) ကို ပယ်ဖျက်နိုင်ရန်၊ ပါတီအလိုက် ရရှိသည့် မဲအရေအတွက်ပေါ် မူတည်၍ ကိုယ်စားလှယ်နေရာ ခွဲဝေရယူမည့် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ပြောင်းလဲကျင့်သုံးနိုင်ရန် စစ်ကောင်စီနှင့် ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်နေသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button