သတင်း

“ပျံလွှားအောင်” စစ်ဆင်ရေး အရှိန်မြှင့်သွားမည်ဟု NUG ၏ ရန်ကုန်တိုင်းအဖွဲ့ပြော 

ရန်ကုန်တိုင်းအတွင်း မြို့နယ်သုံးခုတွင် ယမန်နေ့ (နိုဝင်ဘာ ၁၅) က စစ်ကောင်စီပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ပိုမိုပြင်းထန်သည့် စစ်ဆင်ရေးများ ဆက်လုပ်သွားမည်ဟု အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဆိုသည်။

ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီ စသည့် တိုင်း ၃ တိုင်းကို ပေါင်းကာ NUG က ဟံသာဝတီခရိုင်ဟု သတ်မှတ်ထားပြီး ပြည်သူ့ခုခံစစ်စတင်ကြောင်း ကြေညာသည့် စက်တင်ဘာ ၇ ရက်မှစ၍  ‘ပျံလွှားအောင်’ ဟု အမည်ပေးထားသော စစ်ဆင်ရေးဖြင့် စစ်ကောင်စီကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။

‘ပျံလွှားအောင်’ စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယမန်နေ့တွင် ရန်ကုန်တိုင်းအတွင်း ၁၀ နေရာထက်မနည်းကို ဗုံးခွဲခဲ့သည့်ပြင် သန်လျင်တံတားအဆင်းရှိ စစ်တပ်ကင်းစခန်း၊ လှိုင်သာယာ ရွှေလင်ဗန်းမီးသတ်ရုံနှင့် မိုးလုံလေလုံအားကစားကွင်းရှိ စစ်ကောင်စီစခန်း၊ ထန်းတပင်မြို့နယ်ရှိ တာဆုံရဲကင်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့မှ သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံဆိုသူက ပြောသည်။

“နောင်လာမဲ့ရက်တွေမှာ ဒီထက်ပိုများတဲ့ စစ်ဆင်ရေးစီမံချက်တွေကို ကျွန်တော်တို့ဆောင်ရွက်သွားဖို့အတွက် ပြင်ဆင်လုပ်ဆောင်နေတာရှိပါတယ်” ဟု ၎င်းက ပြောသည်။ 

ယမန်နေ့က ရန်ကုန်တိုင်းအတွင်း တိုက်ခိုက်မှုများ၌ စစ်သား ၃ ဦး၊ ရဲ ၃ ဦးနှင့် ယာဉ်ထိန်းရဲ ၂ ဦး သေဆုံးခဲ့ပြီး ‘ပျံလွှားအောင်’ စစ်ဆင်ရေးအရ တစ်ရက်တည်းတွင် တိုက်ခိုက်မှုအများဆုံးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများနှင့် ထိခိုက်သေဆုံးမှု အခြေအနေများအပေါ် Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ယမန်နေ့ မနက် ၁၁ နာရီခန့်က သာကေတမြို့နယ် သန်လျင်တံတားအဆင်းရှိ စစ်ကောင်စီကင်းစခန်း ပစ်ခတ်ခံရပြီးနောက် စစ်သား ၃ ဦးနှင့် ယာဉ်ထိန်းရဲ ၂ ဦး သေဆုံးခဲ့သည်။ 

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ တံတားချဉ်းကပ်လမ်းကို တစ်နာရီခန့် ကြာအောင် ပိတ်ဆို့ထားကြောင်း၊ ညနေ ၅ နာရီခန့်တွင် ရဲနှင့် စစ်တပ်သုံး Double Cab အမျိုးအစား ကား ၁၅ စီးခန့် ရှုခင်းသာလမ်းမကြီးအတိုင်း ဒေါပုံမြို့နယ်ဘက်သို့ ထွက်သွားကြောင်း အသက် ၇၀ နှစ်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

သန်လျင်တံတားဂိတ်တိုက်ခိုက်မှုနှင့် တစ်ချိန်တည်းလိုလို ထန်းတပင်မြို့နယ်၌ ရဲအင်အား ၁၀ ဦးခန့်ရှိ တာဆုံရဲကင်းကို တိုက်ခိုက်ရာတွင် ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားနှစ်ဦး သေဆုံးခဲ့သည်ဟု NUG ၏ ရန်ကုန်တိုင်း သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောသည်။

ရန်ကုန်မြို့လယ်တွင် ယာဉ်ထိန်းရဲတစ်ဦးနှင့် စစ်သားတစ်ဦးတို့ စကားပြောနေသည်ကို အောက်တိုဘာ ၉ တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-EPA) 

ထိုသို့တိုက်ခိုက်ခံရစဉ် ရဲအချို့က လမ်းမပေါ်တက် ပစ်ခတ်သည့်အတွက် ယာဉ်မောင်းတစ်ဦးနှင့် ကလေးငယ်တစ်ဦး ဒဏ်ရာရသွားသည်ဟု ထန်းတပင်မြို့နယ်တွင် နေထိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

“ဟိုက (PDF) ပစ်ပြီးလို့ မောင်းသွားလိုက်ပြီ။ သူတို့က (စစ်ကောင်စီ) ခဏကြာမှ ထွက်လာပြီး ဟိုပစ်သည်ပစ်လုပ်တာ။ အဲဒီမှာ မှန်ကုန်တာပဲ” ဟု ၎င်းက ဆက်ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းမီးသတ်ရုံနှင့် မိုးလုံလေလုံအားကစားကွင်းကို ပစ်ခတ်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုကို အသေးစိတ်မသိရကြောင်း သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ဆိုသည်။ 

အလားတူ ယမန်နေ့က ဧရာဝတီတိုင်းတွင် စစ်ကောင်စီ၏ ဟိုတယ်ခရီးဝန်ကြီးနှင့် တိုင်းဝန်ကြီးချုပ်တို့ လိုက်ပါလာသော ယာဉ်တန်းကို တိုက်ခိုက်မှုသည်လည်း ‘ပျံလွှားအောင်’ စစ်ဆင်ရေးဖြစ်သည်ဟု ၎င်းက ပြောသည်။ 

‘ပျံလွှားအောင်’ စစ်ဆင်ရေးကို NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ကွပ်ကဲနေခြင်းဖြစ်ကာ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့သည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံဖြစ်သည်ဟု ဆိုသည်။ 

ရန်ကုန်တိုင်းအတွင်း စက်တင်ဘာ ၇ မှ အောက်တိုဘာလကုန်အထိ တိုက်ခိုက်မှုပေါင်း ၉၉ ကြိမ်နှင့် ဗုံးခွဲတိုက်ခိုက်မှု ၂၅၆ ကြိမ်ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၆ ရက်က စစ်သား ၁၁ ဦး သေဆုံးခဲ့သည် ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးရွာအနီး စစ်ကောင်စီထရပ်ကားကို မိုင်းခွဲ၍ ပစ်ခတ်တိုက်ခိုက်သည့် ဖြစ်စဉ်နှင့် နိုဝင်ဘာ ၁၂ ရက်က ကော့မှူးမြို့နယ် မကျီးကန်ရွာအနီး စစ်ကောင်စီကင်းလှည့်ယာဉ်အား တိုက်ခိုက်သည့်ဖြစ်စဉ်တို့မှာလည်း ၎င်းအဖွဲ့က စီစဉ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ပစ်ခတ်မှုဖြစ်စဉ်များအတွင်း ပြည်သူများကို ငဲ့ခဲ့ရသည့်အတွက် ပစ်အားလျှော့ချခဲ့ရသည်များ ရှိသည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။  

“ကျွန်တော်တို့အနေအထားက စစ်တိုက်နေရတာဖြစ်ပါတယ်။ စစ်မြေပြင်မှာ စစ်တိုက်တဲ့အခါမှာ ကျွန်တော်တို့ဘက်က ပြည်သူလူထုကို ထိခိုက်မှာ အင်မတန်စိုးရိမ်ပါတယ်” ဟု ၎င်းက ပြောသည်။

ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးထွက်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အနီးအနားတွင် ရောက်ရှိနေခြင်းမျိုးမှ ရှောင်ရှားရန်နှင့် စစ်ဆင်ရေးအတွင်းပါဝင်သည့် တော်လှန်ရေးရဲဘော်များ စီးနင်းလာသည့် ကားများကို လမ်းရှင်းပေးရန် မေတ္တာရပ်ခံကြောင်း ရန်ကုန်တိုင်းကွပ်ကဲရေးအဖွဲ့က ဆိုသည်။

ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့အဝင်၌ စစ်တပ်က ကားတစ်စီးကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦး ဖမ်းဆီးခံခဲ့ရကြောင်း မီဒီယာအချို့တွင် ရေးသားခဲ့‌သော်လည်း ထိုဖမ်းဆီးခံရသူများမှာ ၎င်းတို့တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့မှ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ဒီကလေးတွေသည် “ပျံလွှားအောင်” စစ်ဆင်ရေးနဲ့ ဘာမှမပတ်သက်တဲ့ကလေးတွေဖြစ်ပါတယ်၊ ဒါကို ခိုင်ခိုင်မာမာကို ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်ခင်ဗျ” ဟု ၎င်းက ပြောသည်။ 

ထို့ပြင် ရန်ကုန်တိုင်းအတွင်း စက်တင်ဘာ ၇ မှ စတင်သည့် စစ်ဆင်ရေးများအတွင်း PDF တပ်ဖွဲ့ဝင်တစ်ဦးမျှ ဖမ်းဆီးခံရခြင်းမရှိဘဲ စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့သူများမှာ သာမန်အရပ်သား ပြည်သူများသာဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button