သတင်း

သုံ့ပန်း ၁၅ ဦးကို AA ပြန်လွှတ်

ယမန်နေ့ (နိုဝင်ဘာ ၁၅) ညပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) က စစ်သားနှင့် ရဲ စုစုပေါင်း သုံ့ပန်း ၁၅ ဦးကို ပြန်လွှတ်ပေးလိုက်ရာ AA နှင့် ဆက်စပ်မှုသံသယဖြင့် ဖမ်းဆီးအမှုဖွင့် အကျဉ်းချခံထားရသော ရခိုင်ဒေသခံများကိုလည်း စစ်တပ်က ပြန်လွှတ်ပေးဖွယ်ရှိသည်ဟု မျှော်လင့်နေကြသည်။ 

AA က ဆေးမှူး ဗိုလ်ကြီးရဲလင်းစိုး အပါအဝင် သုံ့ပန်းများကို ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်ရွာနှင့် ဒီပါရုံရွာအကြားတွင် စစ်တပ်ဘက်သို့ လွှဲပြောင်းပေးခဲ့သည်။

ယမန်နေ့က ထိုသို့ လွှတ်ပေးတော့မည့်အချိန် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောက်နေသည့် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါက AA က စစ်သုံ့ပန်းများကို လွှတ်ပေးမည့်အကြောင်း သတင်းထောက်များကို ပြောခဲ့သည်။

“AA ဘက်က ထိန်းသိမ်းထားတဲ့ လူတွေထဲမှ အသုတ်လိုက် ပြန်လွှတ်ပေးသွားမယ်လို့ သိထားရပါတယ်။ ဒါဟာ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုတည်ဆောက်ဖို့အတွက် ရှေ့တစ်လှမ်းတက်စေနိုင်တဲ့၊ အင်မတန်ကောင်းမွန်တဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်” ဟု မစ္စတာဆာဆာကာဝါက သတင်းထောက်များကို ပြောသည်။

မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝေလာတောင်ပတ်ဝန်းကျင်၌ နယ်မြေကျော်လာသည်ဆိုသော စစ်တပ်နှင့် AA တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး ရက်ပိုင်းအကြာတွင် စစ်သုံ့ပန်းများ ရုတ်တရက် ပြန်လွတ်လာခြင်း ဖြစ်သည်။

ထိုသို့လွှတ်ပေးချိန် ထွက်ပေါ်လာသော AA ၏ ထုတ်ပြန်ချက်တွင် နှစ်ရှည်လများ ဖမ်းဆီးအထိန်းသိမ်းခံနေရသူများ၊ ကျန်းမာရေးအခြေအနေ ဆိုးဝါးသော သုံ့ပန်းများအနက်မှ ဆေးဝါးကုသရန် အရေးတကြီးလိုအပ်နေသောသူများကို လူသားချင်းစာနာထောက်ထားမှုအရသော်လည်းကောင်း၊ ကိုဗစ်နိုင်တင်းကူးစက်မှု ဖြစ်ပွားလာပါက ရောဂါပြင်းထန်သော သုံ့ပန်းများကို ဆေးဝါးကုသရန် ခက်ခဲသောကြောင့်လည်းကောင်း ပြန်လွှတ်ပေးခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဒေသခံတို့၏ မျှော်လင့်ချက်

AA က ထိုသို့လွှတ်ပေးသော်လည်း ၎င်းတို့၏ လက်ထဲတွင် သုံ့ပန်းအရေအတွက် မည်မျှကျန်နေသေးသည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

AA က သုံ့ပန်းအများအပြား ပြန်လွှတ်ပေးလိုက်သောကြောင့် စစ်ကောင်စီဘက်ကလည်း AA သံသယဖြင့် ဆက်ဖမ်းထားသူတို့ကို ပြန်လွှတ်ပေးလိမ့်မည်ဟု ဒေသခံတို့ မျှော်လင့်နေသည်။

ထိုသို့ မျှော်လင့်နေသူများထဲတွင် နှစ်နှစ်နီးပါးကြာ အမှုရင်ဆိုင်နေရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ရွာမှ ကိုညီညီအောင်၏ မိခင် ဒေါ်နီနီအေးလည်း ပါဝင်သည်။

“စစ်သားတွေ၊ ရဲသားတွေဆိုတာ သူတို့ (AA) နဲ့ ပြဿနာတက်သူတွေ၊ သူတို့ကိုတောင်မှ ပြန်လို့ လွှတ်ပေးတယ်ဆိုရင် အန်တီတို့သားသမီးတွေက ပြည်သူလူထုလေ။ ဘယ်မှာမှ မပါဘူး။ ဒါကြောင့် (စစ်ကောင်စီ) က ပြန်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ် ”ဟု ဒေါ်နီနီအေးက ပြောသည်။

AA နှင့် ပတ်သက်သည်ဟု စွပ်စွဲခံထားရသည့် ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင်အပါအဝင် ရွာသား ငါးဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အမှုရင်ဆိုင်နေရသည်မှာ ၂ နှစ်နီးပါးကြာပြီဟု သိရသည်။  

AA တပ်ဖွဲ့ဝင်များကို KIA ဌာနချုပ်လိုင်ဇာတွင် တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now) 

အပြန်အလှန် လွှတ်ပေးခြင်း

ရခိုင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့စဉ်က အရပ်သားအများအပြား AA သံသယဖြင့် ဖမ်းဆီးခံခဲ့ရသည်။

၂၀၂၀ နိုဝင်ဘာမှစ၍ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း အကျဉ်းသား အပြန်အလှန်လွှတ်ပေးခဲ့ကြသည်။  

ဧပြီအတွင်း AA ကို ဆက်သွယ်ကူညီထောက်ပံ့သည်ဟုဆိုကာ တစ်နှစ်ကျော်ကြာ ဖမ်းဆီးခံထားရသည့် တောင်ကုတ်စည်ပင်ဥက္ကဋ္ဌနှင့် တောင်ကုတ်မြို့နယ်၊ ရခိုင်အမျိုးသားပါတီ (ANP) ဒုဥက္ကဋ္ဌ အပါအဝင် ၄ ဦးကိုလည်းကောင်း၊ မေလအတွင်း အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထားရသူ အသက်မပြည့်သေးသည့် လူငယ် ၂၆ ဦးကိုလည်းကောင်း၊ ဇွန်လအတွင်း AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မိသားစုဝင်များ အပါအဝင် ၁၀ ဦးကိုလည်းကောင်း၊ အကြမ်းဖက်ဖြင့် စွဲခံထားရသည့် အမ်းမြို့မှ ၄ ဦးကိုလည်းကောင်း စစ်ကောင်စီက လွှတ်ပေးခဲ့သည်။

AA ဘက်ကလည်း တစ်နှစ်ကျော်ကြာ ဖမ်းဆီးထားသည့် ရဲနှင့် စစ်သားများကို ဇွန်လအတွင်း ပြန်လွှတ်ပေးခဲ့သည်။ 

ထို့နောက် စစ်ကောင်စီက AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးထားသူများအနက်မှ ၃၅ ဦး၏ အမှုကို စက်တင်ဘာလလယ်တွင် ပိတ်သိမ်းလိုက်သည်။ ကျောက်တော်မြို့နယ်မှ ၆ မှု၊ ပုဏ္ဏားကျွန်းမှ ၁ မှု၊ ရသေ့တောင်မှ ၁ မှု၊ မင်းပြားမှ ၁ မှု၊ စစ်တွေမှ ၂ မှု၊ အမ်း မှ ၁ မှု၊ ကျောက်ဖြူမြို့နယ်မှ ၂ မှုတို့ကို ပိတ်သိမ်းပေးလိုက်သဖြင့် ထို ၃၅ ဦး ပြန်လွတ်လာသည်။  

သို့ရာတွင် ဒေသခံ ၁၆၆ ဦးသည် အကျဉ်းထောင်အသီးသီး၌ ချုပ်နှောင်ခံနေရဆဲဖြစ်သည်ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ထံမှ သိရသည်။ 

စစ်တွေထောင်တွင် ၅၁ ဦး၊ ကျောက်ဖြူထောင်တွင် ၇၀ ဦး၊ သံတွဲထောင်တွင် ၉ ဦး၊ ဘူးသီးတောင်ထောင်၌ ၅ ဦး၊ မြောက်ဦးအချုပ်ခန်းတွင် ၃၁ ဦး ရှိနေပြီး AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၀(ဈ)၊ ၅၀(ည)၊ ၅၀(ဃ)၊ ၅၁(က)၊ ၅၁(ဂ)၊ ၅၂၊ ၅၂(က) ၊ ၅၂(ခ) စသည့်ပုဒ်မများနှင့် ရင်ဆိုင်နေရသည်။ 

ထို့ပြင် AA တပ်ဖွဲ့ဝင်များဟု ဆိုကာ အမှုဖွင့်ခံရသည့် အမျိုးသား ၆ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် မန္တလေးခရိုင်တရားရုံးက ဇူလိုင် ၁၆ တွင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေတွင် စတင်တည်ထောင်ခဲ့သည့် AA တပ်ဖွဲ့သည် ရခိုင်ပြည်နယ်တွင် တဖြည်းဖြည်း အင်အားကြီးမားလာနေပြီး ဒေသခံတို့၏ ထောက်ခံမှု အကြီးအကျယ်ရရှိနေသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button