သေနတ်သမားတို့က ငြင်းခုံပြောဆိုမှု များစွာ မပြုလုပ်ဘဲ အိမ်ရှင်ကို သွေးအေးအေး ပစ်ခတ်သွားသည်ဟု တစ်ဦးတည်းသော မျက်မြင်သက်သေက ပြောသည်
စက်တင်ဘာ ၂၆ နံနက် ၁၁ နာရီခန့်က ရန်ကုန်၊ လှိုင်သာယာမြို့နယ် ပဒံကျေးရွာရှိ နေအိမ်တစ်ခုသို့ သေနတ်သမားတချို့ရောက်လာပြီး ပစ်ခတ်သောကြောင့် လူတစ်ဦး သေဆုံးသွားသည့် သတင်းမှာ အွန်လိုင်းလူမှုကွန်ရက်တွင် ချက်ချင်း ပျံ့နှံ့သွားသည်။
သံသယတရားခံတို့ကို နာရီပိုင်းအတွင်းမှာပင် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ကိုဝကြီး ခေါ် ကိုခင်မောင်လွင်သည် အခင်းဖြစ်နေရာတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးကြောင်း၊ သေနတ်သမားတို့က ကိုအောင်မင်းဦး ဆိုသူကို ထိုးကြိတ် ရိုက်နှက်၊ လက်ထိပ်ခတ် ကာ ကားဖြင့် တင်ခေါ်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် မပါဝင်သည့် ကိုသန်းဇော်သည် အခင်းဖြစ်နေရာတွင် ရှိနေခဲ့သည်။


အခင်းဖြစ်ပြီးနောက်တစ်နေ့ ပစ်ခတ်မှုဖြစ်သည့်နေရာတွင် Myanmar Now နှင့် တွေ့ဆုံစဉ် ကိုသန်းဇော် ပြောပြသည့် ဖြစ်စဉ် အသေးစိတ်ထဲမှ ကောက်နုတ် ဖေါ်ပြလိုက်ပါသည်။
မေး။ ။ ဖြစ်စဉ်ဖြစ်ခဲ့တဲ့နေ့က အခြေအနေတွေ ပြန်ပြောပြပေးပါ။


ဖြေ။ ။ သူတို့ငါးယောက်က တစ်ယောက်က နောက်မှာ မတ်တပ်ရပ်နေပြီးတော့ သုံးယောက်က သေနတ်သုံးလက်ယူပြီးတော့ တက်လာတယ်။ ပြီးတော့ အောင်မင်းဦးကို သေနတ်ဒင်တွေနဲ့ ထုတယ်။ မထုခင်မှာ အောင်မင်းဦးကို မင်း ပိုက်ဆံတွေ ဘယ်လိုလုပ်မလဲ ဆိုပြီးမေးတော့ ကိုဝကြီးက ဖုန်းဆက်ပြီး တောင်းပေမယ် သူ့ကိုတော့ မလုပ်ပါနဲ့ဆိုပြီး ဝင်ပြောတယ်။ သူတို့က 'ဒီကောင်ရှုပ်တဲ့ အရှုပ်' ဆိုပြီးတော့ အောင်မင်းဦးကို ထိုးတယ်။ ထိုးတဲ့အချိန်မှာ ကျွန်တော်က အိမ်ရဲ့ထောင့်လေးမှာ ထိုင်နေတာ။ ခင်ဗျားက ဘာပတ်သက်လဲဆိုပြီး ကျွန်တော့်ကို မေးတယ်။ ကျွန်တော်က ကိုဝကြီးရဲ့ ညီဆိုတော့ ကျွန်တော့််ကိုပါ သေနတ်ဒင်နဲ့ ထုတော့ ကျွန်တော် ရှောင်သေးတယ်။ အဲဒါလည်း သေနတ်ဒင်နဲ့ လိုက်ထုသေးတယ်။ အိမ်အစပ်နား ရောက်သွားတော့ သေနတ်မောင်းကို ဆွဲတင်ပြီးတော့ ထိုင်ခိုင်းတယ်။ ပြီးတော့ နောက်တစ်ယောက်က ပြေးကန်တဲ့အချိန်မှာ ကျွန်တော် အိမ်အောက်ကို လှိမ့်ချလိုက်တာ။ အဲဒီအချိန်မှာ ကိုဝကြီးက ထပြောတော့ သူ့ကို ပစ်ချလိုက်တာ။ အငြင်းအခုံတော့ မဖြစ်ကြဘူး။
မေး။ ။ သူတို့ ဘာကြောင့် ဒီလို ရက်ရက်စက်စက် လုပ်သွားတယ်လို့ ထင်လဲ။
ဖြေ။ ။ အဲဒါတော့ ကျွန်တော်မသိဘူး။ အရင်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ကျွန်တော်မသိရဘူး။ ရန်ငြိုးရန်စလည်း မရှိပါဘူး။ ကိုဝကြီး (ထုနှက် ပစ်ခတ်) ခံနေရတာက အောင်မင်းဦး ကြောင့် ခံနေရတာ။ ဓားစာခံ ဖြစ်သွားတာပေါ့။ ပိုက်ဆံကိစ္စ အရှုပ်အရှင်းက အောင်မင်းဦးနဲ့ ဖြစ်တာ။ ကိုဝကြီးက အောင်မင်းဦးကိုတော့ မလုပ်ပါနဲ့၊ သူတို့မပေးနိုင်ရင်ဘူးဆိုရင်လည်း ငါ ခြံကွက်ပေါင်ပြီးပေးမယ်၊ သူ့ကိုတော့ ပြဿနာ မရှာပါနဲ့ ဆိုပြီးပြောလို့ ကြားကခံလိုက်ရတာ။ တစ်ချက်ပစ်ပြီးတော့ ကျွန်တော်က အိမ်အောက်ကို ဆင်းပြေးသွားပြီး ပုန်းနေလိုက်ပြီ။ တစ်ချက်ပစ်ပြီး ဆင်းသွားပြီးတော့မှ နောက်တစ်ချက် (ကိုဝကြီး) ခေါင်းကို လာပစ်သွားတာ။ ပစ်ပြီးသွားတော့ သူတို့လာတဲ့လမ်းအတိုင်းပဲ အပြင်မှာ ရပ်ထားတဲ့ ကားဆီကို ပြန်ထွက် သွားတယ်။
မေး။ ။ သူတို့ ပစ်ပြီးသွားတော့ ရဲစခန်းကိုအကြောင်းကြားသေးလား။
ဖြေ။ ။ ရဲစခန်းဖုန်းနံပါတ်မသိလို့ ကိုဝကြီးရဲ့ မွေးစားအမေဆီကို ဖုန်းဆက်ပြီးတော့ ရဲစခန်းကို အကြောင်းကြားခိုင်းလိုက်တာ။ ရဲက ၁၅ မိနစ်လောက်မှာ ရောက်လာတယ်။ ပြီးတော့ သူတို့စစ်ဆေးတယ်၊ ဓာတ်ပုံတွေရိုက်တယ်။
မေး။ ။ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ သိန်း ၃၃ဝ ရလိုမှုဆိုပြီး ထုတ်ပြန်ထားတယ်။ အဲဒါ ဘာကိုဆိုလိုတာလဲ။
ဖြေ။ ။ အောင်မင်းဦးတို့နဲ့ ခြံကွက်ခတ်တဲ့ကိစ္စတွေပဲ။ (အိမ်အပြင်ဘက်သို့ ညွှန်ပြပြီး) နေရာကတော့ ဟိုဘက်မှာ ပြောတယ်။ အလံတွေတောင် စိုက်ထားတယ် ပြောတယ်။ ဝါဝါဝင်း ကုမ္ပဏီကိုလည်း ခေါ်စစ်ကြတယ်။ ဝါဝါဝင်းက ပိုက်ဆံပေးမယ်ဆိုပြီးတော့ ခြံခတ်ခိုင်းတာ။ ခြံဘယ်တုန်းက ခတ်လဲ ဆိုတာတော့ မသိလိုက်ဘူး။ ဒါက သူတို့ ဖြစ်ပြီးတော့မှ ကျွန်တော် သိရတာ။ ကျွန်တော့်ကိုလည်း CID ကလည်း ခေါ်စစ်ထားတယ်? ကျွန်တော်လည်း ဖြေပေးထားတယ်။ သေနတ် သုံးလက် ပါတဲ့အကြောင်း၊ ငါးယောက် လာတယ် ဆိုတဲ့အကြောင်း။ ကားပေါ်မှာ ဘယ်နှစ်ယောက်ကျန်တယ် ဆိုတာတော့ ကျွန်တော် မသိရဘူး။ ဒီနားက (အိမ်နီးချင်း) ကောင်မလေး နှစ်ယောက်ကတော့ ကားပေါ်မှာ နှစ်ယောက်ကျန်တာကို မြင်ရတယ် ပြောတယ်။ ကားပေါ်က လူကတော့ ကျွန်တော်မသိဘူး။ ဒီထဲရောက်တဲ့သူကိုပဲ ကျွန်တော်သိတယ်။ ငါးယောက်မှာ တစ်ယောက်က အိမ်ခေါင်းရင်းမှာ၊ တစ်ယောက်က ခြေရင်းမှာ သုံးယောက်က အိမ်ပေါ်ကို သေနတ် မောင်းတင်ပြီးတော့ တက်လာတယ်။ နှစ်ချက်ပစ်သွားတယ်။ သေနတ်သံကလည်း ဗျောက်အိုး ဖောက်သလောက်ပဲ။ အရမ်းအကျယ်ကြီးမဟုတ်ဘူး။ ပစ်တော့လည်း ခပ်အေးအေးပဲ။ ပြောရမယ်ဆိုရင် တမင် သက်သက်ကို အပြတ်ရှင်းချင်လို့လာတဲ့ သဘောပဲ။ ငြင်းတာခုံတာတွေ မရှိဘူး။ ဒီနေ့ ပိုက်ဆံပေးမယ်ဆိုတာ ဘာလို့ မပေးတာလဲ လို့ မေးတယ်။ ကိုဝကြီးက ဒီနေ့တော့ ပိုက်ဆံမရှိဘူး၊ သူတို့မပေးရင် ငါစိုက်ပေးမယ်လို့ ပြောတယ်။ မင်းတို့ အေးအေး ဆေးဆေး ရှင်းကြပေါ့ကွာလို့ ပြောတဲ့ အချိန်မှာ အောင်မင်းဦးကို ဒီကိစ္စတွေက မင်းရှုပ်တာဆိုပြီး သေနတ်ဒင်နဲ့ ထုတယ်။ ခြေထောက်နဲ့ ဖြတ်ကန်တယ်။ ပြီးတော့ လက်ထိပ်ခတ်ပြီး အိမ်အောက်ကို ကန်ချပြီးတော့ မှ ကျွန်တော့်ကိုမဲတာ။ ဖြစ်တဲ့ အချိန်မှာ ကိုဝကြီးရယ် ကျွန်တော်ရယ် အောင်မင်းဦးရယ် သုံးယောက်ရှိနေတယ်။ (ကားနဲ့ ဖမ်းခေါ်ခံသွားရတဲ့ အောင်မင်းဦးကို) သေနတ်တွေနဲ့ထုတယ်။ လမ်းမှာလည်း ဓားတွေနဲ့ ခုတ်တယ်လို့ ကြားတယ်။ သေနတ်နဲ့ ထုပြီးတော့ သူတို့က အောင်မင်းဦးကို လက်ထိပ်ခတ်ပြီး ခေါ်သွားတာ။ နောက်အပိုင်းကတော့ ကျွန်တော် မသိတော့ဘူး။ အောင်မင်းဦးကတော့ ဒီနေ့မနက် ၁ဝ နာရီကျော်မှာ ဆေးရုံမှာ ဆုံးသွားတယ် (လို့ သိရတယ်)။
ဆက်စပ်ဖတ်ရှုရန် -
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











